ဒါရိုက်တာကျော်နှင်းဆီနှင့် တွေ့ဆုံခြင်း

ဒါရိုက်တာကျော်နှင်းဆီနှင့် တွေ့ဆုံခြင်း
Published 24 December 2017

သက်ငယ်မုဒိမ်းဖြစ်စဉ်များမှာ မကြာခဏကြားသိနေရသည့် မှုခင်းဖြစ်စဉ်များဖြစ်ပြီး ကလေးငယ်များအတွက်လည်း စိုးရိမ်ပူပန်စရာ အရေးကြီးအခြေအနေတစ်ခုဟု ဆိုရပေမည်။ သက်ငယ်မုဒိမ်စဉ်များအတွက် မိဘများသတိပြုသင့်သည်များ၊ ကလေးငယ်များအတွက် သတိထားသင့်သည့်အချက်များကို ရိုးရှင်းစွာပုံဖော်ထားသည့် ဇာတ်ကားတိုမှာ ယခုရက်ပိုင်းအတွင်း အွန်လိုင်းအသုံးပြုသူများကြားတွင် ပျံ့နှံ့လျက်ရှိနေသည်။ အဆိုပါဇာတ်ကားမှာ ဖိလစ်ပိုင်နိုင်ငံတွင်ပြုလုပ်ခဲ့သည့် Southeast Asia Prix Jeunesse ရုပ်ရှင်ပွဲတော်တွင် မြန်မာကိုယ်စားပြု ဒါရိုက်တာကျော်နှင်းဆီရိုက်ကူးသည့် ယင်းဇာတ်ကားမှာ ပထမဆုကိုရရှိခဲ့ခြင်းလည်းဖြစ်သည်။ သက်ငယ်မုဒိမ်း ပညာပေးဇာတ်ကားတိုအား ရိုးရှင်းသည့်အချက်အလက်များကို အခြေခံကာ အသိပညာပေးဇာတ်ကားအဖြစ် ဖန်တီးနိုင်ခဲ့သည့် ဒါရိုက်တာကျော်နှင်းဆီနှင့်တွေ့ဆုံ၍ ဇာတ်ကားဖန်တီးခဲ့သည့် ရည်ရွယ်ချက်နှင့် အတွေ့အကြုံများ၊ ဆုရရှိသည့်အပေါ် ခံစားချက်နှင့် ရှေ့ဆက်လုပ်ဆောင်သွားမည့် အနုပညာဖန်တီးမှုများအကြောင်းကို မေးမြန်းဖြစ်ခဲ့ပါသည်...

■ မေး - ဒါရိုက်တာတစ်ယောက်အဖြစ် အနုပညာအလုပ်တွေ ဘယ်လိုစလုပ်ဖြစ်ခဲ့လဲဆိုတာလေး အရင်ပြောပြပေးပါလား။
ဖြေ - အနုပညာလောကထဲကို ၂၀၀၆ ကစပြီး ဝင်ရောက်ခဲ့ပါတယ်။ edit လုပ်တယ်။ ဇာတ်ကားတွေအများကြီးကို edit လုပ်ခဲ့တယ်။ ၂၀၀၈ မှာတော့ ရုပ်ရှင်အစည်းအရုံးကဖွင့်တဲ့ ဒါရိုက်တာသင်တန်းကို တက်ရောက်ဖြစ်ခဲ့ပါတယ်။ ဒါရိုက်တာသင်တန်းတက်ပြီးချိန်ကစပြီး ကိုယ့်ဇာတ်ကားကိုယ့်ဘာသာရိုက်၊ edit လုပ်ပေါ့။ တခြားဇာတ်ကားတွေတော့ မလုပ်ပေးဖြစ်တော့ဘူး။

■ မေး - သင်တန်းပြီးတဲ့နောက် ဇာတ်ကားတွေ ဆက်ရိုက်ဖြစ်တယ်ဆိုတော့ ပရိသတ်နဲ့အမှတ်တရဖြစ်တဲ့ ဇာတ်ကားတွေက ဘာတွေဖြစ်မလဲ။
ဖြေ - ဒါရိုက်တာသင်တန်း ဆင်းပြီးတဲ့အခါ မြန်မာ့အသံမှာ ဇာတ်လမ်းတိုရှစ်ပုဒ်လောက် ရိုက်ဖြစ်တယ်။ နောက်တော့ ဗီဒီယိုဇာတ်ကားတွေရိုက်ဖြစ်တယ်။ အဓိကတော့ ဇာတ်လမ်းကိုဦးစားပေးတယ်။ သမားရိုးကျ ရိုက်ရိုးရိုက်စဉ်မရိုက်ဘဲ ဖန်တီးတယ်။ ဇာတ်လမ်းကိုလည်း ရှုပ်ထွေးအောင်လုပ်တာများတယ်။ အဓိကတော့ပရိသတ်ကို စဉ်းစားခိုင်းတဲ့သဘောပါ။ အဲဒီလိုမဟုတ်ရင်ပရိသတ်က ငြီးငွေ့တတ်တယ်လေ။ ဒါကြောင့် ဘယ်ဇာတ်ကားမဆို စဉ်းစားစရာလေးတစ်ခု မဟုတ်တစ်ခုတော့ ထည့်ထားပေးတယ်။ ဖန်တီးထားတဲ့ ဇာတ်လမ်းတွေကိုတော့ ကျေနပ်ပါတယ်။ အဲဒီကနေမှ ဇာတ်လမ်းတိုလေးတစ်ခု စဉ်းစားမိတာကိုလည်း Micro Film အတွက်ရိုက်ကူးဖြစ်တယ်။ အဲဒီဇာတ်ကားလေးကလည်း People Choice ဆုရခဲ့ပါတယ်။

■ မေး - အခုဖိလစ်ပိုင်မှာဆုရခဲ့တဲ့ သက်ငယ်မုဒိမ်းနဲ့ပတ်သက်တဲ့ ဇာတ်ကားလေးပေါ့။ ဒီဇာတ်ကားက အွန်လိုင်းမှာလည်း အရမ်းပျံ့နှံ့သလို ပရိသတ်တွေကလည်း မျှဝေကြတယ်ဆိုတော့ ပြိုင်ပွဲဝင်ဖို့ရိုက်ခဲ့တာလား။
ဖြေ - ဒီဇာတ်ကားက ၂၀၁၆ တုန်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့က အကူအညီတောင်းမှုနဲ့ ရိုက်ဖြစ်ခဲ့တာပါ။ သက်ငယ်မုဒိန်းတွေကလည်း အရမ်းဖြစ်နေတယ်။ ဒါကြောင့် အသိပညာပေးအနေနဲ့ ဇာတ်ကားတိုတစ်ကားရိုက်ဖို့ ပြောလာတယ်။ အသက်အရွယ်က အပျိုဖော်ဝင်စအရွယ်ပေါ့။ သူတို့သတ်မှတ်ချက်ကတော့ ဇာတ်ကားထဲမှာ မိန်းကလေးကို အသားလုံးဝမထိရဘူး။ ပြစ်မှုအထမမြောက်ရဘူး။ ဒါပေမဲ့ သက်ငယ်မုဒိမ်းဖြစ်ရမယ်။ အဲဒါလေး ပေါ်လွင်အောင်ရိုက်ပါလို့ ပြောပါတယ်။ ဒီအခါတော်တော်လေးခက်ပါတယ်။ ရိုက်ဖို့အတွက်စဉ်းစားတဲ့အခါ ဒီလိုဖြစ်ရပ်တွေအဖြစ်များတဲ့ အခြေခံလူတန်းစားတွေကို အခြေခံပြီးဖန်တီးတယ်။ တကယ့်အဖြစ်အပျက်ကိုအခြေခံပြီး ဒီဇာတ်လမ်းလေးကို ဖန်တီးလိုက်တာပါ။ ပရိသတ်ကို စဉ်းစားရမယ့် သတိထားရမယ့်အချက်လေးတွေ ထည့်ဖြစ်တယ်။ ဇာတ်ကားနာမည်မှာ သနပ်ခါးဆိုတာကို ထည့်ဖြစ်တာကတော့ မြန်မာတွေရဲ့ရိုးရာတစ်ခုမှာ သနပ်ခါးပါတယ်။ မြန်မာမိန်းကလေးတွေကလည်း သနပ်ခါးကြိုက်ကြတယ်။ သနပ်ခါးရနံ့လေးမွှေးပျံ့နေသလို မိန်းကလေးတွေရဲ့ ဂုဏ်သိက္ခာလည်း အမြဲမွှေးပျံ့နေဖို့ဆိုတဲ့ အတွေးလေးနဲ့ ဒီနာမည်ကိုပေးဖြစ်တာပါ။

■ မေး - ဒီဇာတ်ကားထဲက ကလေးလေးကလည်း အမူအရာကောင်းတော့ သူ့ကိုရော ဘယ်လိုသင်ကြားပေးခဲ့ရလဲ။
ဖြေ - ဒီဇာတ်ကားရိုက်ဖို့အတွက် ကလေးကိုမေးရတယ်။ ရိုက်ရဲလားပေါ့။ မိဘကိုလည်း ခွင့်ပြုနိုင်လားဆိုတော့ ခွင့်ပြုမယ်ပေါ့။ ရိုက်တဲ့အခါကလေးကလည်း Talent ကောင်းတယ်။ ရှင်းပြတာနဲ့နားလည်တယ်။ ကလေးကိုဖျက်ဆီးမယ့် အခန်းဆိုလည်း တစ်ယောက်ချင်းခွဲရိုက်တာ။ ကလေးတစ်ယောက်တည်းကိုပဲ သမီးနားကို လူစိမ်းရောက်လာတော့ သမီးလန့်သွားရမယ် စသဖြင့် အကျိုးအကြောင်းပြောပြပြီး သင်ပေးတယ်။ ဖျက်ဆီးမယ့်သူနေရာက သရုပ်ဆောင်တဲ့သူကိုလည်း တစ်ယောက်တည်းပဲပေးရိုက်တယ်။ အဲဒီလိုအပိုင်းတွေခွဲပြီး ရိုက်ကူးခဲ့တာပါ။

■ မေး - အခုလိုသက်ငယ်မုဒိန်းနဲ့ ပတ်သက်တဲ့အကြောင်းအရာမျိုးကို အနုပညာနဲ့ ပညာပေးဇာတ်ကားအဖြစ် ဖန်တီးနိုင်သလို ပရိသတ်တွေကြားထဲလည်း ပျံ့နှံ့သွားခဲ့တယ်။ နိုင်ငံတကာမှာလည်း ဆုရတဲ့အပေါ်ခံစားချက်ကိုလည်း ပြောပြပေးပါဦး။
ဖြေ - ကလေးတွေမှာ ဒီအရွယ်က အရမ်းအရေးကြီးတယ်။ မိဘတွေကတော့ ဒီအရွယ်ကို ကလေးလို့ပဲထင်တယ်။ ကလေးကိုယ်တိုင်ကလည်း သူ့ကိုယ်သူ ပြောင်းလဲစပြုလာပြီဆိုတာသိပေမယ့် အတောင်ပံခတ်ဖို့ အားယူစအချိန်ဆိုတော့ အန္တရာယ်များတယ်။ အမှားများနိုင်တယ်ပေ့ါ။ ပတ်ဝန်းကျင်ကလည်း ဒီအရွယ်ဆိုရင် အမြင်ပြောင်းလဲလာတယ်ပေါ့။ ဒါကိုမိဘတွေကလည်း သတိပြုပြီးဂရုစိုက်နိုင်အောင် ဖန်တီးခဲ့တာပါ။ အခုလိုပရိသတ်တွေကြားထဲ ပျံ့နှံ့သလို နိုင်ငံတကာမှာလည်း ဆုရတယ်ဆိုတော့ ကိုယ့်ရည်ရွယ်ချက်လည်း အောင်မြင်တယ်ပေါ့။ ဝမ်းသာပါတယ်။

■ မေး - နောက်ထပ် ဘယ်လိုအနုပညာဖန်တီးမှုတွေရော ဆက်လုပ်ဖြစ်မလဲ။
ဖြေ - ပိုပြီးဗဟုသုတရသွားတာက အရှေ့တောင်အာရှနိုင်ငံတွေမှာဆိုရင် ဒီလိုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ဘယ်လိုအသိပညာပေးလဲ၊ ဘယ်လိုဖန်တီးလဲဆိုတာတွေကို သိခွင့်ရလာတာပေါ့။ ကိုယ်တိုင်ဇာတ်ကား ဖန်တီးတဲ့အခါမှာလည်း ပရိသတ်စဉ်းစားစရာ၊ သတိပြုစရာတွေလည်း ထည့်သွင်းဖြစ်သွားမှာပါ။

■ မေး - လတ်တလော အနုပညာလှုပ်ရှားမှုရော ဘာရှိဦးမလဲ။
ဖြေ - လောလောဆယ်ကတော့ ဗီဒီယိုဇာတ်ကားတွေရိုက်ဖို့ရှိသလို မှတ်တမ်းဇာတ်ကားတစ်ကား ရိုက်ဖို့ရှိတယ်။ လျှပ်စစ်မီးမရှိတဲ့ဒေသကို သွားရိုက်မယ်။ လျှပ်စစ်မီးမရှိတဲ့အတွက် ကျောင်းသားတွေရဲ့အခက်အခဲ၊ ဆေးကုသဖို့အတွက် လိုအပ်ချက် စသဖြင့်အခက်အခဲတွေကို သွားရောက်ရိုက်ကူးပါမယ်။ လျှပ်စစ်မီးရလာရင် ဘယ်လိုကောင်းကျိုးတွေရနိုင်မလဲပေါ့။ ပုသိမ်သာပေါင်းကိုသွားပြီး ရိုက်ဖြစ်ပါမယ်။

■ မေး - ဒီဇာတ်ကားကို မျှဝေပေးကြတဲ့ ပရိသတ်တွေကိုပြောချင်တဲ့ စကားလက်ဆောင်လေးရှိရင် ပြောပေးပါဦး။
ဖြေ - ဒီဇာတ်ကားလေးကို ကြည့်ပေးတဲ့အတွက်ရော၊ မျှဝေပေးတဲ့အတွက်ပါ ကျေးဇူးအများကြီးတင်ပါတယ်။ ဒီဇာတ်ကားလေးကြည့်လိုက်ခြင်းအားဖြင့် သက်ငယ်မုဒိန်းနဲ့ပတ်သက်ပြီး သတိပြုစရာ စဉ်းစားစရာအချက်လေးတွေ ရလိုက်တယ်ဆိုရင် ဖန်တီးရကျိုးနပ်ပါပြီ။ ဆက်လက်ကြိုးစားသွားပါဦးမယ်။

Most Read

Most Recent