ဒါရိုက်တာဏကြီးနှင့် တွေ့ဆုံခြင်း

ဒါရိုက်တာဏကြီးနှင့် တွေ့ဆုံခြင်း
Published 17 December 2017

အနုပညာရပ်ဝန်း လူငယ်ဒါရိုက်တာတစ်ဦးအဖြစ် အောင်မြင်မှုတစ်ခုကို ရယူပိုင်ဆိုင်ထားသူကတော့ ဒါရိုက်တာ ဏကြီးပါ။ သူရိုက်ကူးခဲ့တဲ့ ‘ဘိုမ’ ဇာတ်ကားက ပရိသတ်တွေအတွက် ထူးခြားတဲ့ဇာတ်ကားလေး တစ်ခုအဖြစ် အောင်မြင်မှုတွေရရှိခဲ့သလို Music Video တွေနဲ့ တေးသီချင်း MTV တွေကို ပရိသတ်တွေ နှစ်သက်သဘောကျအောင် ရိုက်ကူးနိုင်ခဲ့သူဖြစ်လို့ အနုပညာရပ်ဝန်းကလည်း သူ့ရဲ့အရည်အချင်းကို အသိအမှတ်ပြုခံထားရသူပါ။ လက်ရှိမှာတော့ စာရေးဆရာမကြီး ကြည်အေးရဲ့ နာမည်ကျော် ဝတ္ထုဖြစ်တဲ့ ‘ မီ’ ကို Victoria ရုပ်ရှင်ထုတ်လုပ်ရေးအတွက် စတင်ရိုက်ကူးနေပြီဖြစ်ပါတယ်။ ‘မီ’ ရုပ်ရှင်ဟာ ဒါရိုက်တာ ဏကြီး ရိုက်ကူးတဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားဖြစ်သလို ကိုယ်တိုင်ဇာတ်ညွှန်းရေးဖွဲ့ထားတဲ့ ဒီဇာတ်ကားအတွက် ပြင်ဆင်မှုတွေကလည်း မြန်မာ့ရုပ်ရှင်မှာရှိခဲ့တဲ့ ပြင်ဆင်မှုတွေပြုလုပ်ထားတာဖြစ်လို့ ဒါရိုက်တာ ဏကြီးနဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ် . . . . . .

 

မေး - ကိုယ့်ရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားမှာ ဆရာမကြီးကြည်အေးရဲ့ ‘မီ’ ကို ရိုက်ကူးလက်ခံဖြစ်ခဲ့တဲ့အကြောင်းလေးကို အရင်သိပါရစေ။

ဖြေ-  ဒီဇာတ်ကားလေးက သုသု(ပိုင်ဖြိုးသု) နဲ့ တွေ့ဖြစ်တဲ့အကြောင်းလည်း အများကြီး ပါပါတယ်။ ပထမဆုံး အနေနဲ့ကတော့ သုသု (ပိုင်ဖြိုးသု)က ဒီဝတ္ထုလေးကို ဖတ်ကြည့်ပေးဖို့အရင်ပေးတာပါ။ ဝတ္ထုဖတ်ရင်းနဲ့မှ ကျွန်တော်တို့နှစ်ယောက်လုံးအတွက် ‘ မီ ‘ဆိုတဲ့ဇာတ်ကောင်က ရင်ခုန်စရာကောင်းတဲ့ ဇာတ်ကောင်တစ်ခုဖြစ်တာကြောင့် ဒီဇာတ်ကို ရွေးဖြစ်တာပါ။ ရိုက်ကူးခွင့်ရတည်းက ရင်ခုန်ပျော်ရွှင်ခဲ့ရတာပါ။ ရိုက်ကူးခွင့်ရခဲတဲ့ ဇာတ်ကားမျိုးကို ရိုက်ခွင့်ရတဲ့အတွက်လည်း ကျွန်တော့်အတွက် တကယ့်ကို အခွင့်အရေးကောင်းတစ်ခုပါပဲ။ Victoria ထုတ်လုပ်ရေးအနေနဲ့လည်း ငွေကြေး အကုန်အကျပိုများပြီး ဈေးကွက်အရ စွန့်စားရနိုင်တဲ့ ဒီဇာတ်မျိုးကို ရိုက်ကူးခွင့်ပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။

 

မေး- ‘ မီ’ ဇာတ်ကားရိုက်ကူးဖို့ အချိန်ဘယ်လောက်ယူပြီး ပြင်ဆင်ခဲ့ရလဲ။

ဖြေ-  ဇာတ်ညွှန်းရေးတာရော ဇာတ်ကားရိုက်ကူးဖို့အတွက် ရိုက်ကွင်းရောတွေရှာတာ ပြော စကားတွေစဉ်းစားရတာတွေနဲ့ အစစပြင်ဆင်ရတာတွေက အချိန်တစ်နှစ်လောက်ကြာခဲ့တယ်။ တကယ်တမ်းထဲထဲဝင်ဝင် ပြင်ဆင်ရတာဆိုရင် ခြောက်လပေါ့။ အဲဒီခြောက်လမှာ အဝတ်အစား ချုပ်တာတွေ ဇာတ်ဝင်ခန်းအတွက် လိုအပ်တဲ့ ကား၊ လန်ချား စတာတွေ ရှာရတာတွေအတွက်ပေါ့။ ဒီဇာတ်ကားအတွက် ရန်ကုန်ရိုက်ကွင်းနေရာတွေဆိုရင် ကိုလိုနီခေတ် အဆောက်အဦတွေရှိတဲ့ နေရာတွေကိုရွေးတယ်။ ပြီးတော့ အဲဒီနေရာတွေမှာ ရိုက်ကူးခွင့်ရဖို့အတွက် စာတင်ရတာတွေ၊ ခွင့်ပြုချက်တောင်းခံရတာတွေလည်း သေချာပြင်ဆင်လုပ်ခဲ့ရပါတယ်။

 

မေး- ‘ မီ’ ဇာတ်ကားအတွက် ပါဝင်မယ့် ဇာတ်ကောင်တွေအားလုံးဝတ်မယ့် အဝတ်အစား၊ မိတ်ကပ်လိမ်း ခြယ်မှုတွေကစ ပြင်ဆင်ပေးဖြစ်တာ ဇာတ်ကားမရိုက်ခင်အချိန်ယူပြီး သေချာပြင်ဆင်ဖြစ်တာတွေက ကိုယ့်ရဲ့ ပထမဆုံး ရုပ်ရှင်ကားကြီးမို့လား ‘ မီ’ ဝတ္ထုဖြစ်နေတဲ့အတွက်လား။

ဖြေ- ကျွန်တော်ကတော့ ဗီဒီယိုဇာတ်ကားပဲရိုက်ရိုက် Music Video ပဲရိုက်ရိုက် အနုပညာဖန်တီးမှုတွေအတွက် စိတ်ဓာတ်ခွန်အား စိုက်ထုတ်တာချင်းကတော့ အားလုံးအတူတူပါပဲ။ အနုပညာဖန်တီးမှုတိုင်းအတွက် ကျွန်တော့်ကိုယ်ထဲမှာရှိတဲ့ ခွန်အားအကုန်စိုက်ထုတ်ပြီး လုပ်တာများတယ်။ ‘ မီ’ အတွက် ရိုက်ကွင်းနေရာတွေ၊ စကားလုံးတွေကအစ အချိန်ယူပြီး သေချာပြင်ဆင်ဖြစ်တာက ဒီဇာတ်ကားက စစ်ပြီးခေတ်ဆိုတဲ့ အချိန်ကာလတစ်ခုကို ရိုက်ရမှာဖြစ်လို့ ပုံမှန်ဇာတ်ကားတွေထက်တော့ သေချာအချိန်ယူပြီး ပြင်ဆင်ရတာပါ။ နောက်ကားတွေဆိုရင်တော့ ဒီလိုအချိန်ကာလတစ်ခုကို ရိုက်ကူးရတာ မဟုတ်ဘူးဆိုရင်တော့ မိတ်ကပ်လိမ်းခြယ်မှုတွေ၊ အဝတ်အစားချုပ်ရတာတွေ၊ ရိုက်ကွင်းနေရာနဲ့ အသုံးပြုမယ့်ပစ္စည်းတွေ ရှာရတာ ဒီလောက်တော့ ရှိချင်မှ ရှိတော့မှာပါ။

 

မေး- ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး အကို့ရဲ့ ရင်ခုန်မှုကိုလည်း သိပါရစေ။

ဖြေ-  ဒီဇာတ်ကားကို ရိုက်ရတော့မယ်ဆိုကတည်း ကျွန်တော်ရင်ခုန်နေခဲ့တာပါ။ ဇာတ်ကားအတွက် အစစအရာရာပြင်ဆင်ပြီး အဲဒီဝတ္ထုထဲက ခေတ်တစ်ခုကို ပြန်သွားရတော့မယ်ဆိုတဲ့အချိန်မှာလည်း ကျွန်တော်အရမ်း ရင်ခုန်ပါတယ်။ ပထမပိုင်းတုန်းကတော့ နည်းနည်းကြောက်တယ်။ ဒါပေမဲ့ ရိုက်တဲ့အချိန်မှာတော့ မကြောက်တော့ဘူး ရင်ခုန်တယ်။ ပျော်တယ်။

 

မေး-  မီ ဇာတ်ကားကို ရန်ကုန်အပြင် ဘယ်ဒေသတွေမှာ ရိုက်ကူးသွားမလဲ။

ဖြေ- ရန်ကုန်မှာရိုက်မယ်။ ပြီးရင် မီက နယ်ဘက်ကို ထွက်ပြေးတဲ့အခန်းမှာတော့ ပြင်ဦးလွင်ဘက်ကို သွားရိုက်မှာပါ။ ကျန်တဲ့ရိုက်ကွင်းနေရာတွေကိုတော့ ကျွန်တော်တို့ဇာတ်ကားကို ပြသခါနီးမှာ ပရိသတ်တွေကို အံ့သြစေချင်လို့ ဆွဲဆောင်မှုလုပ်နိုင်ဖို့အတွက် မပြောချင်သေးပါဘူး။

 

မေး- ‘မီ’ ဇာတ်ကားအတွက် ဇာတ်ညွှန်းခွဲတဲ့အချိန်မှာ ကြုံရတဲ့အခက်အခဲတွေရှိရင်လည်း သိပါရစေ။

ဖြေ- ဆရာမကြီး ကြည်အေးရဲ့ မီဝတ္ထုကို ဖတ်ဖူးတဲ့သူတိုင်း သိပါတယ်။ စာအုပ်က ပါးပါးလေးပါ။ အဲဒါကို ရုပ်ရှင်တစ်ကားစာအတွက် ဇာတ်ညွှန်းပြန်ခွဲရတဲ့အခါ ဆရာမကြီးရဲ့ အရေးအသားက ကျစ်လစ်တော့ ကျွန်တော်ဇာတ်ညွှန်းပြန်ခွဲတဲ့အခါ တစ်မျက်နှာကို ဇာတ်ဝင်ခန်းလေးခုလောက်အထိ ထွက်တယ်။ ဆရာမကြီး အဓိကရေးခဲ့တာက ဇာတ်ကောင်တွေရဲ့ စိတ်ကို ရေးတာဖြစ်တော့ ကျွန်တော်က ဇာတ်ညွှန်းပြန်ရေးတဲ့အခါ ဇာတ်ကောင်တွေရဲ့ အလုပ်အကိုင်တွေ သွားတာလာတာတွေ ပြန်ပြီး ဖြည့်ရတာပေါ့။ ဆရာမကြီးကဇာတ်ကောင်တွေရဲ့ စိတ်ခံစားမှုတွေကို စကားလုံးတွေနဲ့ ပုံဖော်ခဲ့တာကို ကျွန်တော်က ရုပ်ရှင်မှာ ဘယ်လိုအရုပ်တွေနဲ့ ပြမလဲဆိုတာကို ပြန်စဉ်းစားတဲ့အခါ ဆရာမကြီး ဆိုလိုချင်တဲ့အကြောင်းအရာ အဓိပ္ပာယ်တွေနဲ့ အနီးစပ်ဆုံးတူတဲ့ အရုပ်တွေဖြစ်ဖို့ သေချာကြိုးစားထားပါတယ်။

 

မေး- ‘မီ’ ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ပြောချင်တာရှိရင်။

ဖြေ-  စာရေးဆရာမကြီး ကြည်အေးရဲ့ ပရိသတ်တွေကို ပြောချင်တာရှိပါတယ်။ မီ ကိုဖတ်ဖူးတဲ့ သူတိုင်းသိပါတယ်။ ဝတ္ထုထဲမှာ ဇာတ်လမ်းဆုံးသွားတဲ့အထိ မီ့ရဲ့အကြောင်းကို ယောကျာ်းတွေ ပြောတာကနေတစ်ဆင့်ပဲ သိခွင့်ရပြီး ဇာတ်လမ်းဆုံးတဲ့အထိ ဘယ် မီက အစစ်လဲဆိုတာကို ပြောမပြဘဲ စာဖတ်သူအတွက် ဖွင့်ပေးသွားတယ်။ အဲဒီတော့ စာဖတ်သူက မီကို စိတ်ကြိုက် ပုံဖော်ခွင့်ပေးခဲ့တယ်။ အဲဒီအတိုင်းပဲ ကျွန်တော်ခံစားပုံဖော်မိတဲ့ မီကို ကျွန်တော့်ခွန်အားရှိသမျှ ပုံဖော်သွားမှာပါ။ စာဖတ်သူတွေစိတ်ထဲက ပုံဖော်ထားတဲ့ မီနဲ့ ကျွန်တော် ပုံဖော်တဲ့ မီကွဲလွဲခဲ့သည်ရှိသော် နားလည်ပေးဖို့ ပြောချင်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဆရာမကြီးရဲ့ မီကို မမီရင်တောင် ကျွန်တော့်စိတ်မှာ ခံစားမိတဲ့ မီကိုတော့ အကောင်းဆုံး ပုံဖော်သွားမှာပါ။

Most Read

Most Recent