သရုပ်ဆောင်ပိုင်ဖြိုးသုနှင့် တွေ့ဆုံခြင်း

သရုပ်ဆောင်ပိုင်ဖြိုးသုနှင့် တွေ့ဆုံခြင်း
Published 6 December 2017

“မီနဲ့ပတ်သက်လို့ အမှန်အတိုင်းပြောရရင် သုသုကြောက်ပါတယ်။ ကာရိုက်တာ အရမ်းကြီးတယ်။ ဟိုတလောကဆိုရင် လုပ်နိုင်ပါ့မလား၊ မီဖြစ်ပါ့မလားဆိုတာတွေတွေးပြီး စိတ်ဓာတ်ကျတဲ့အထိတောင်ဖြစ်တယ်”

ဆယ်ကျော်သက် သရုပ်ဆောင်တစ်ဦးအဖြစ် အနုပညာလောကအတွင်း စတင်ရောက်ရှိလာခဲ့ပြီးနောက် အနုပညာပျိုးခင်း (၂) ၏ စင်တင်မင်းသမီးတစ်ဦးအဖြစ် ဇာတ်ကားများ ဆက်တိုက်ရိုက်ကူးလာသူ၊ သရုပ်ဆောင်ပီပြင်သူတစ်ဦးအဖြစ် ပရိသတ်အသိအမှတ်ပြုအားပေးလာခဲ့သူ သရုပ်ဆောင်ပိုင်ဖြိုးသုသည် ဗီယက်နမ်နိုင်ငံတွင်ပြုလုပ်သည့် အာဆီယံရုပ်ရှင်ပွဲတော်တွင် 'ဧဒင်ရဲ့နတ်သမီး' ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သူတစ်ဦးအဖြစ် တက်ရောက်ခွင့်ရရှိခဲ့ပါသည်။ ဒီဇင်ဘာ ၁၅ ရက်မှစတင်ကာ ကိုယ်ပိုင်ထုတ်လုပ်ရေးဖြစ်သည့် ဗစ်တိုးရီးယား ထုတ်လုပ်ရေးမှ ရိုက်ကူးမည့် စာရေးဆရာမကြည်အေး၏ ‘မီ’ ရုပ်ရှင်ဇာတ်ကားအတွက် ပြင်ဆင်လျက်ရှိသည့် သရုပ်ဆောင်ပိုင်ဖြိုးသုနှင့်တွေ့ဆုံ၍ ‘မီ’ ဇာတ်ကားအတွက် ပြင်ဆင်နေမှု များ၊ စိန်ခေါ်မှုများနှင့် ဆက်လက်လုပ်ဆောင်သွားမည့်အနုပညာလုပ်ငန်းများအကြောင်းအား မေးမြန်းဖြစ်ခဲ့ပါသည်။

 

မေး - အာဆီယံရုပ်ရှင်ပွဲတော်ကို တက်ဖြစ်ခဲ့တဲ့အကြောင်းလေး အရင်ပြောပြပေးပါဦး။

ဖြေ - ဗီယက်နမ် ဒါနမ်းမြို့မှာလုပ်တဲ့ အာဆီယံရုပ်ရှင်ပွဲတော်ကို ညီမကိုလွှတ်တာကတော့ ရုပ်ရှင်လုပ်ငန်းနဲ့ ထုတ်လုပ်သူမခင်စန္ဒာမြင့်ပေါ့။ သူတို့ရဲ့ ‘ဧဒင်ရဲ့နတ် သမီး’ ဇာတ်ကားပြတာဖြစ်တဲ့အတွက် ကိုယ်စားတက်ရောက်ပေးရတာပါ။

 

မေး - ‘ဧဒင်ရဲ့နတ်သမီး’ ဇာတ်ကားကိုကြည့်ပြီးတဲ့အခါမှာရော ဘယ်လိုတုံ့ပြန်မှုတွေကြားရလဲ။

ဖြေ - သူတို့လည်း သိချင်တာတွေ အများကြီးမေးတယ်။ Press Conference လုပ်ပေးတဲ့အခါမှာလည်း မေးကြတယ်။ ကိုယ့်ဘက်က အကြောင်းတွေပြောပြရတာ တွေရှိသလို သူတို့ဆီကအကြောင်းတွေကိုလည်း အများကြီး လေ့လာခွင့်ရပါတယ်။

 

မေး - Film Industry နဲ့ပတ်သက်လို့ရော ဘာတွေသိချင်တာများ ရှိကြလဲ။

ဖြေ - သူတို့စိတ်ဝင်စားတယ်။ ရုပ်ရှင်တစ်ကားမှာ Budget ဘယ်လောက်သုံးသလဲ ဆိုတာမျိုးတွေမေးတယ်။ သုသုအဓိကပြောပြခဲ့တာကတော့ မြန်မာရုပ်ရှင်တွေအနေနဲ့ လက်ရှိမှာကောင်းအောင်ကြိုးစားနေကြတယ်ဆိုတာပါ။သူတို့ဘက်ကလည်း ပူးပေါင်းလုပ်ချင်တယ်ဆိုတဲ့ စကားလေးတွေလည်း ကြားခဲ့ရတယ်။

 

မေး - ညီမလေးရဲ့ထုတ်လုပ်ရေးကနေရိုက်ကူးမယ့် ‘မီ’ ဇာတ်ကားအတွက် ပြင်ဆင်နေတာတွေကို ပြောပြပေးပါဦး။

ဖြေ - ‘မီ’ က ဒီဇင်ဘာ ၁၅ ရက်မှာစရိုက်မှာပါ။ ဟိုနေ့က Preshoot လုပ်တယ်။ အဲဒီဇာတ်ကားမှာဝတ်မယ့် အဝတ်အစားအတိုင်း၊ အသုံးအဆောင်အတိုင်း လုပ်ကြည့်တယ်။ အဓိက,ကတော့ အားနည်းချက်၊ အားသာချက်တွေ သိချင်တာပေါ့နော်။

 

မေး - ဒီဝတ္ထုက ရုပ်ရှင်အဖြစ်ဖန်တီးဖို့ တာဝန်ကြီးတယ်ဆိုတော့ ဇာတ်ကားအတွက် စိတ်လှုပ်ရှားမှုနဲ့ ပြင်ဆင်ပြီးသလောက် ကိုယ့်ကိုယ်ကိုယ် ကျေနပ်မှုကိုလည်း သိချင်ပါတယ်။

ဖြေ - ‘မီ’ နဲ့ပတ်သက်လို့ အမှန်အတိုင်းပြောရရင် သုသုကြောက်ပါတယ်။ ကာရိုက်တာ အရမ်းကြီးတယ်။ ဟိုတလောကဆိုရင် လုပ်နိုင်ပါ့မလား၊ မီဖြစ်ပါ့မလားဆိုတာ တွေတွေးပြီး စိတ်ဓာတ်ကျတဲ့အထိတောင်ဖြစ်တယ်။ ဆရာမကြီးကြည်အေးက သုသုအရမ်းကြိုက်ပြီး လေးစားရတဲ့ စာရေးဆရာမကြီးဖြစ်တယ်။ ‘မီ’ တို့၊ ‘နွမ်းလျ အိမ်ပြန်’ တို့ဆိုတာက ဆရာမကြီးရေးခဲ့တဲ့ ကာရိုက်တာတွေထဲမှာ အရမ်းဟဲဗီးဖြစ်တယ်။ ဒါရိုက်တာ ကိုဏကြီးက သုသုကို အများကြီး Support ပေးပါတယ်။ Character Development တွေလည်း လုပ်ရတယ်။ ‘မီ’  ဇာတ်ရုပ်နဲ့ပတ်သက်လို့ ဒိုင်ယာရီ ရေးခိုင်းတယ်။ အများကြီးတော့ ကြိုးစားထားပါတယ်။ Preshoot လုပ်တုန်းကလည်း ‘မီ’ ဆိုတဲ့ဇာတ်ကောင်ဖြစ်သွားတယ်လို့ ခံစားရတယ်။ တကယ်ရိုက်ရင်တော့ ဘယ်လိုအခက်အခဲတွေကြုံရဦးမလဲတော့ မသိဘူးပေါ့နော်။ တတ်နိုင်သလောက် အကောင်းဆုံးတော့ကြိုးစားနေပါတယ်။

 

မေး - တစ်ခါတလေမှာ ဇာတ်ကောင်ရဲ့လွှမ်းမိုးမှု အားကြီးလွန်းတာလည်းရှိတတ်တော့ ‘မီ’ က အဲဒီလို ဇာတ်ကောင်မျိုးလို့ ပြောလို့ရလား။

ဖြေ - ဟုတ်ပါတယ်။ ‘မီ’ က စိတ်ထဲမှာခံစားချက်တွေရှိမှ လုပ်လို့ရမယ့်ဇာတ်ရုပ်မျိုးပါ။

 

မေး - ဒီဇာတ်ကားအတွက် မျှော်လင့်နေတဲ့ပရိသတ်တွေကို အကြိုပြောချင်တာများ ရှိမလား။

ဖြေ - ဒီဇာတ်ကားမှာ ဒါရိုက်တာကိုဏကြီး၊ ပါဝင်မယ့်အနုပညာရှင်တွေ အကုန်လုံးက ကြိုးစားနေကြပါတယ်။ အဝတ်အစားတွေ၊ အသုံးအဆောင်တွေကအစ လွဲမှားမှာစိုးလို့ သေချာလေးပြင်ဆင်နေတယ်။ အစစအရာရာ ပီပြင်အောင်၊ ပြည့်စုံအောင်၊ Location ကအစ သေချာလေးပြင်ဆင်ထားတယ်။ Pre Production ပိုင်းကို သေချာပြင်ဆင်ထားတဲ့ဇာတ်ကားပါ။ Production နဲ့ Post Production ပိုင်းမှာလည်း အစွမ်းကုန်ကြိုးစား သွားမှာပါ။ ပါဝင်မယ့်သူ တစ်ယောက်ချင်းက အပြည့်အ၀ အားထုတ်ကြမှာဖြစ်လို့ ဇာတ်ကား ထွက်လာတဲ့အခါ အားပေးစေချင်ပါတယ်။

 

မေး - ဆရာမကြည်အေးရဲ့ကာရိုက်တာတွေကို အများအားဖြင့် မတို့မထိရဲတာ များတယ်နော်။ အဲဒီအတွက် စိတ်ဖိစီးမှုတွေ၊ စိန်ခေါ်မှုတွေ ပိုများတယ်လို့ ပြောလို့ရမလား။

ဖြေ - အမှန်အတိုင်းပြောရရင် ညီမကိုယ်တိုင်လည်း ကြောက်တယ်။ ယုံကြည်တာတစ်ခုက ‘မီ’ ရဲ့ခံစားချက်တွေကို တကယ်ခံစားလို့ရတယ်။ ပုံမှန်ဆို သုသုက ဆေးလိပ်သောက်တာ၊ အရက်သောက်တာ မကြိုက်ဘူး။ ဆေးပညာကို သိထားတဲ့အတွက် ဆိုးကျိုးတွေ အများကြီးဆိုတာ သိထားတယ်လေ။ ညီမအတွက် ကိုယ့်ကိုယ်ကိုယ် အများကြီးပြောင်းလဲပစ်ရမယ့် ဇာတ်ကားပါ။ ကိုယ်မကြိုက်တာတွေနဲ့ Use to ဖြစ်အောင် လေ့ကျင့်ရတယ်။ ဆေးလိပ်သောက်ကျင့်ရတယ်။ ဇာတ်ကားရိုက်နေရင်းနဲ့လည်း တဖြည်းဖြည်း ပိန်ရမှာ ဆိုတော့ ရိုက်နေရင်းနဲ့ ဝိတ်ချဖို့ပြင်ဆင်ထားရတယ်။ စနစ်တကျလေးဖြစ်အောင် အစွမ်းကုန်ကြိုးစားနေပါတယ်။

 

မေး - ဒါရိုက်တာနဲ့ရော ဘယ်လောက်ထိ ငြင်းခုံရပြီးပြီလဲ။

ဖြေ - ငြင်းခုန်တာတွေရော၊ ရန်ဖြစ်တာတွေရော ရှိပါတယ်။ သူ့အတွက်လည်း ဖိအားများပါတယ်။ ဘာပဲလုပ် လုပ် သူကအရမ်းကောင်းချင်တယ်။ သုသုကလည်း ကြောက်နေတာတွေနဲ့ ရန်ဖြစ်ရ၊ ငြင်းခုံရပါတယ်။

 

မေး - အကယ်ဒမီအတွက် စပြီးရင်ခုန်ကြပြီဆိုတော့ အကယ်ဒမီ ရင်ခုန်သံကိုလည်း ပြောပြပါဦး။

ဖြေ - အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ‘ရင်ဘတ်ထဲကဓား’ ဇာတ်ကားနဲ့ မအူဝဲကို ရစေ ချင်တယ်။ ဒီနှစ်က မအူဝဲဖြစ်စေချင်တယ်။

 

မေး - ၂၀၁၈ မှာ ဘယ်လိုကွဲပြားတဲ့ပုံစံတွေနဲ့ တွေ့ခွင့်ရမလဲ။

ဖြေ - ၂၀၁၈ မှာ သုသုရဲ့ဗစ်တိုးရီးယား ထုတ်လုပ်ရေးက ဖန်တီးမယ့် ဇာတ်ကားတွေလည်းရှိမယ်။ တခြားထုတ်လုပ်ရေးတွေက ကမ်းလှမ်းထားတာလည်းရှိပါတယ်။ မတူကွဲပြားတဲ့ ပုံစံလေးတွေနဲ့ မြင်ခွင့်ရမှာပါ။

 

မေး - မကြာခင်ရောက်တော့မယ့် နှစ်သစ်အတွက် ဆုတောင်းစကားလေး ပြောပေးပါဦး။

ဖြေ - ပရိသတ်တွေအတွက် ဖြစ်နေတာနဲ့ ဖြစ်ချင်တာတွေ အမြဲတမ်း တစ်ထပ်တည်း ကျပါစေလို့ ဆုတောင်း ပေးချင်ပါတယ်။