အကယ်ဒမီ ဒါရိုက်တာဝိုင်းနှင့် တွေ့ဆုံခြင်း

အကယ်ဒမီ ဒါရိုက်တာဝိုင်းနှင့် တွေ့ဆုံခြင်း
Published 22 November 2017

လတ်တလောတွင် စတုတ္ထမြောက် ရက်သတ္တပတ်အဖြစ် ရုံတင်ပြသလျက်ရှိပြီး ပရိသတ်အားပေးမှု အပြည့်အလျှံရရှိခဲ့သည့် 'ရင်ဘတ်ထဲကဓား' ရုပ်ရှင်ဇာတ်ကားအား ဖန်တီးသူ ဒါရိုက်တာ အကယ်ဒမီဝိုင်းမှာ မကြာမီတွင် အိမ်ထောင်ရေးကို အခြေခံသည့် ဝိညာဉ်ဇာတ်ကားတစ်ကား ဖန်တီးရန် ပြင်ဆင်လျက်ရှိပါသည်။ ရိုက်ကူးဖန်တီးသည့် ဇာတ်ကားတိုင်းတွင် ပရိသတ်လက်ခံအားပေးမှု များပြားပြီး မှတ်တိုင်များစွာ စိုက်ထူထားနိုင်သည့်အပြင် ဇာတ်ကားတွင် ပါဝင်သည့်သရုပ်ဆောင်များအား အကယ်ဒမီထူးချွန်ဆုများ ဆွတ်ခူးစေခဲ့သည့် ဒါရိုက်တာဝိုင်းက ဇာတ်ကားတစ်ကားချင်းစီတိုင်းအတွက် အပြည့်အ၀ အားစိုက်ထုတ် ကြိုးပမ်းတတ်သူတစ်ဦးလည်းဖြစ်သည်။ ယခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် ဒါရိုက်တာဝိုင်းဖန်တီးခဲ့သော ဇာတ်ကားများနှင့် ထပ်မံရုံတင်ပြသရန်ရှိသည့် ဇာတ်ကားများထဲမှ သရုပ်ဆောင်များ အကယ်ဒမီဆုအတွက် ပြိုင်ဆိုင်မှုပြင်းထန်နေကြသည်ဟုလည်း ပရိသတ်များက ထင်ကြေးပေး ခန့်မှန်းခံရသူတစ်ဦးဖြစ်သည်။ အကယ်ဒမီ ဒါရိုက်တာဝိုင်းနှင့် တွေ့ဆုံဖြစ်သည့်အခိုက် ထပ်မံဖန်တီးမည့်ဇာတ်ကားအတွက် ပြင်ဆင်နေမှုများ၊ ရင်ဘတ်ထဲကဓား ဇာတ်ကားအတွက် ကျေနပ်ပီတိဖြစ်မှုများ၊ လက်ရှိကျင့်သုံးလျက်ရှိသော ရုံရှင် ကားရှင် ညှိနှိုင်းပြသမှုစနစ်အပေါ် အမြင်များအား မေးမြန်းဖြစ်ခဲ့ပါသည်။

 

မေး -  နောက်ရိုက်မယ့် ဇာတ်ကားအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေတယ်ဆိုတော့ အဲဒီအတွက် ပြင်ဆင်နေတဲ့အပိုင်းတွေ သိချင်ပါတယ်ရှင့်။

ဖြေ- လောလောဆယ်တော့ Location ရှာတာပြီးသွားပြီ။ Special Effect မိတ်ကပ်တွေ၊ တခြားလိုအပ်တာ တွေပြင်ဆင်ဖို့တော့ ကျန်ပါသေးတယ်။

 

မေး-  ဒီဇာတ်ကားနဲ့ပတ်သက်လို့ စိတ်ဝင်စားနေကြတယ်ဆိုတော့ ဘယ်လိုပုံစံမျိုး ဖန်တီးဖြစ်မလဲဆိုတာလည်း သိချင်ပါတယ်ရှင့်။

ဖြေ- ဒီဇာတ်ကားကတော့ အိမ်ထောင်ရေး  Horror အမျိုးအစားပါ။

 

မေး-  ဒီဇာတ်ကားမှာ သရုပ်ဆောင်တွေ ရွေးချယ်ထားတာနဲ့ပတ်သက်ပြီးလည်း သိချင်ပါတယ်ရှင့်။

ဖြေ- ဒီဇာတ်ကားမှာ မင်းသားနဲ့မင်းသမီးရဲ့ တာဝန်ယူမှုက ပိုများပါတယ်။ ဘာလို့လည်းဆိုတော့ လူငါးယောက်လောက်ပဲ အဓိကအနေနဲ့ပါမှာပါ။ ဖွေးဖွေးဆိုလည်း နောက်ဆုံးဇာတ်ဝင်ခန်းမှာဆိုရင် သူတစ်ခါမှ မလုပ်ဖူးသေးတဲ့ အမူအရာမျိုး သူလုပ်ရမှာပါ။

 

မေး-  အရှေ့မှာလည်း ဝိညာဉ်ဇာတ်ကားတွေ ရိုက်ခဲ့ဖူးတော့ အခုတစ်ခေါက်ရိုက်မယ့် ဇာတ်ကားမှာရော ဘယ်လိုကွဲပြားတဲ့ပုံစံမျိုးတွေ ပါနိုင်မလဲ။

ဖြေ- အဓိကတော့ အစ်ကိုတို့သရဲကားဆိုတာ ရိုက်တဲ့အချိန်မှာ Timing ကိုက်ဖို့အရေးကြီးပါတယ်။ ပြီးတော့ လူတွေကို ကြောက်လန့်အောင် ခြောက်ရတဲ့အခါ သူတို့ တကယ်ကြောက်နိုင်လောက်တဲ့ အခြေအနေတစ်ခု ရှိနိုင်လားဆိုတာ စဉ်းစားရတယ်။ သရဲကားဆိုတာ ခြောက်လှန့်နေရုံနဲ့လည်းမပြီးသေးဘူးလေ။ ပရိသတ်တွေကို ဘယ်လိုအချက်အလက်တွေ ပေးနိုင်သေးလဲဆိုတာကိုပါ ထည့်စဉ်းစားပြီး ဖန်တီးရပါတယ်။ အခုတစ်ခေါက်ဖန်တီးမယ့် ဇာတ်ကားမှာလည်း အဲဒီလို အချက်တွေပါမှာပါ။

 

မေး-  သရဲကားတွေဖန်တီးတဲ့အခါ သရုပ်ဆောင်တွေရဲ့အမူအရာအပြင် နောက်ထပ်ပံ့ပိုးရတဲ့အပိုင်းတွေ အများကြီးရှိတော့ ကိုယ်လိုချင်တဲ့အတိုင်းရပြီလို့ ပြောလို့ရမလား။

ဖြေ- နောက်ခံတေးဂီတအပိုင်းကတော့ မလေးရှားကဂီတမှူးနဲ့ ညှိနှိုင်းမှာပါ။ Special Effect မိတ်ကပ်ကတော့ ပြည်တွင်းက မိတ်ကပ်ပညာရှင်တွေနဲ့ ညှိနှိုင်းပြီး လုပ်မယ်။ ကျန်တဲ့အထောက်အကူပြုပစ္စည်းတွေဘာ တွေလုပ်လို့ရမယ်ဆိုတာကတော့ မလေးရှားခရီးစဉ်မှာ တစ်ခါတည်း ရှာဖွေခဲ့မှာပါ။

 

မေး-  မကြာခင်ရိုက်ကူးတော့မယ့် ဇာတ်ကားနဲ့ပတ်သက်လို့ ပရိသတ်ကို အကြိုပြောချင်တာရှိမလား။

ဖြေ- အစ်ကို့အနေနဲ့ဒီဇာတ်ကားမှာလည်း အရင်ဖန်တီးနေကျကားနဲ့ မတူတဲ့ပုံစံမျိုးတွေ ဖန်တီးဖြစ်မှာပါ။ ပရိသတ်တွေ မထင်မှတ်တဲ့ အလှည့်အပြောင်းတွေ၊ ယူစရာသင်ခန်းစာတွေ၊ ပိုက်ဆံပေးကြည့်ရတာ နှစ်နာရီအတွင်း တန်တယ်ဆိုတဲ့ ခံစားချက်မျိုးရရှိအောင် ကြိုးစားမှာပါ။

 

မေး-  တာတေကြီးဇာတ်ကားမှာ ကိုနေတိုးရဲ့ အမူအရာပိုင်းတွေကို အရမ်းအားရနေကြတယ်ဆိုတော့ ဒီဇာတ် ကားနဲ့ပတ်သက်တဲ့ အမှတ်တရလည်း ပြောပြပါဦး။

ဖြေ- တာတေကြီးဇာတ်ကားက ပုံမှန်ဇာတ်ကားနှစ်ကားစာလောက် ကုန်ကျခံရိုက်ကူးခဲ့တဲ့ ဇာတ်ကားပါ။ ကြိုတင်ပြင်ဆင်မှုအပိုင်းရော။ တာတေကြီးဆိုတဲ့ စာတန်းလေးပေါ်ဖို့ကို ကိုးလလောက် ကြိုးစားခဲ့ရတယ်။ ကျေနပ်အားရမှုရှိတယ်။ ပရိသတ်တွေဆီကလည်း မျှော်လင့်နေကြတဲ့ အသံတွေကြားရတော့ အစ်ကိုတို့ ပင်ပန်းရကျိုး နပ်မယ်လို့ ယုံကြည်ပါတယ်။

 

မေး-  ရင်ဘတ်ထဲကဓား ဇာတ်ကားက လေးပတ်ဆက်တိုက် ရုံတင်ရတဲ့အထိ အောင်မြင်နေတဲ့အပေါ် ခံစားချက်လည်း သိချင်ပါတယ်။

ဖြေ-  အဓိကတော့ အခုနောက်ပိုင်းခေတ်မှာ အိမ်ထောင်ရေး ဒရာမာဇာတ်ကားကို ပရိသတ်က ပျင်းစရာကြီးဆိုပြီး မကြည့်ကြတဲ့အချိန်မှာ ဒီဇာတ်ကားက ဒီလိုအောင်မြင်တယ်ဆိုတော့ အစ်ကိုတို့ရဲ့ဖန်တီးမှု၊ သရုပ်ဆောင်တွေရဲ့ စိတ်နှစ်သရုပ်ဆောင်နိုင်မှုက ပေါ်လွင်သလို ပရိသတ်ကလည်း တကယ်သေချာလုပ်ထားတဲ့ ဇာတ်ကားကို တကယ်အားပေးတယ်ဆိုတာ သိနိုင်ပါတယ်။ နောက်ပိုင်းကို ဒရာမာဇာတ်ကားတွေ ရိုက်တော့မယ်ဆိုရင်လည်း သရုပ်ဆောင်တွေကို ဒီလို အမြဲတမ်း အာရုံစိုက်နိုင်အောင်၊ ဇာတ်ညွှန်းပိုင်းကိုလည်း ခေတ်နဲ့လိုက်လျောညီထွေဖြစ်ပြီး ဆက်ကြိုးစားသွားဖို့ အင်အားတွေရသွားတာတော့ အမှန်ပါ။ ပရိသတ်တွေက တကယ်ပေးဆပ်ရင် တကယ်အားပေးတယ်ဆိုတာ သိရလို့ ပီတိဖြစ်ရပါတယ်။

 

မေး-  ၂၀၁၈ မှာရော ဘယ်လိုဖန်တီးမှုမျိုးတွေ ဆက်ကြည့်ခွင့်ရမလဲ။

ဖြေ- ပထမဆုံးအနေနဲ့ ဆရာမင်းလူရဲ့ကံ့ကော်နီကို ဖန်တီးဖြစ်ပါမယ်။ ဆရာမ စပယ်ဖြူနုရဲ့ ဇာတ်လမ်းတစ်ပုဒ်ကို အူဝဲ၊ ဖွေးဖွေးတို့နဲ့အတူ ဖန်တီးဖြစ်ပါမယ်။ အလှည့်အပြောင်းတွေဖြစ်မယ့် နောက်ထပ်ဇာတ်လမ်းနှစ်ခုကိုလည်း ရိုက်ဖို့စီစဉ်ထားပါသေးတယ်။

 

မေး-   ရုံရှင်ကားရှင် ညှိနှိုင်းပြသစနစ်က စတင်နေပြီပေါ့နော်။ အဲဒီအပေါ်အမြင်ကိုလည်း သိချင်ပါတယ်။

ဖြေ- အရေးကြီးတာက အနုပညာလားငွေလား။ ခက်တာတစ်ခုက ရုပ်ရှင်ဆိုတာသည် အနုပညာနဲ့ စီးပွားရေးရောပြီး တည်ဆောက်ထားတာ။ အနုပညာ ကျဆုံးလို့ မရသလို စီးပွားရေး ကျဆုံးလို့မရဘူး။ ဒါကြောင့် ရုံရှင်ကားရှင် ညှိနှိုင်းစနစ်ကို ကြိုဆိုပါတယ်။ ဒါပေမဲ့ သုံးကားပြိုင်ပြီး ပြသဖို့ဆိုတာတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ မြန်မာကားသုံးကား တိုက်ပြီးပြရလောက်အောင်တော့ ဈေးကွက်မှာ ရုံမရှိသေးဘူး။ ဒါကြောင့် C စနစ်ကိုတော့ အစ်က ိုကန့်ကွက်ပါတယ်။

 

မေး-  ဇာတ်ကား ရိုက်ကူးမှုအရေအတွက် များတဲ့အပေါ်ရော ပြောချင်တာများရှိမလား။

ဖြေ- လုပ်သင့်လုပ်ထိုက်တာကို မလုပ်ရင် Overlimit တွေကရှိနေမှာပါ။ အဲဒါကို စည်းမျဉ်း စည်းကမ်းဥပဒေနဲ့ မထိန်းချုပ်နိုင်ရင် အလေအလွင့် အပျက်အစီးများမှာပါ။

 

မေး-  အကယ်ဒမီနဲ့ပတ်သက်လို့ရော အစ်ကို့ဇာတ်ကားထဲက သရုပ်ဆောင်အချင်းချင်း ပြိုင်ရမှာတွေလည်းရှိ တော့ အစ်ကို့ခံစားချက်လည်း ပြောပြပါဦး။

ဖြေ-  ဘာပဲဖြစ်ဖြစ်ပါ။ အစ်ကို့ဇာတ်ကားထဲက နေတိုးနဲ့ အစ်ကို့ကားထဲက ပြေတီဦးနဲ့ ပြိုင်ရရင်လည်း သူတို့အတွက် တရားသော ယှဉ်ပြိုင်မှုပါ။ အစ်ကို့ကားထဲက အူဝဲနဲ့ ဒီဘက်က သုသု (ပိုင်ဖြိုးသု) တို့ ဖွေးဖွေးတို့နဲ့ ယှဉ်ပြိုင်ရလို့ အူဝဲ အနိုင်ရသွားတယ်ဆိုရင်လည်း အစ်ကိုတို့အနေနဲ့ လက်ခုပ်တီးသလို ကျန်တဲ့နှစ်ယောက်လုံးကလည်း လက်ခုပ်တီးဖို့ ဝန်လေးမှာ မဟုတ်ဘူး။ ရိုးသားစွာယှဉ်ပြိုင်တာပါ။ ဒီဆုအပေါ်မှာ အငြင်းပွားစရာမရှိဘူးလို့ ယုံကြည်ပါတယ်။

 

မေး-  ကိုယ်တိုင်အတွက်ရော အကယ်ဒမီရင်ခုန်သံလေး သိချင်ပါတယ်။

ဖြေ- ဒီဆုကို လိုချင်ပါတယ်။ အစ်ကို့ရဲ့အနေအထိုင် အပြောအဆိုတွေကြောင့် အမြင်ကပ်ခံရတာကြောင့် စိတ်လျှော့ထားပါတယ်။

 

မေး-  ပရိသတ်ကိုပြောချင်တဲ့ စကားလက်ဆောင်ရှိရင် ပြောပေးပါဦး။

ဖြေ- အမှန်ကန်ဆုံးသောစကားပါ။ အစ်ကို အသေအလဲ ကြိုးစားနေပါတယ်။

Most Read

Most Recent