Miss Universe Myanmar 2017 အလှမယ်ဇွန်သံစဉ်နှင့် တွေ့ဆုံခြင်း

Miss Universe Myanmar 2017 အလှမယ်ဇွန်သံစဉ်နှင့် တွေ့ဆုံခြင်း
Published 8 November 2017

၂၀၁၃ ခုနှစ်မှစတင်ကာ ကမ္ဘာ့ထိပ်တန်း အလှမယ်စင်မြင့်တစ်ခုဖြစ်သည့် Miss Universe အလှမယ်ပြိုင်ပွဲသို့ မြန်မာကိုယ်စားပြုအလှမယ်များ နှစ်အလိုက် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်မှာ ယခုနှစ်တွင် ငါးကြိမ်တိုင်ခဲ့ပြီဖြစ်သည်။ ယခုနှစ်အတွက် မြန်မာကိုယ်စားပြု ရွေးချယ်ထားသည့် အလှမယ် ဇွန်သံစဉ်မှာ တစ်နှစ်တာကာလအတွင်းတွင် လေ့ကျင့်ပြင်ဆင်မှုများစွာ ပြုလုပ်ထားပြီးနောက် နိုဝင်ဘာ ၉ ရက်တွင် ပြိုင်ပွဲကျင်းပမည့် အမေရိကန်နိုင်ငံသို့ သွားရောက်ယှဉ်ပြိုင်တော့မည်ဖြစ်သည်။ Miss Universe 2016 ပြိုင်ပွဲတွင် Best National Costume ဆုကိုရရှိခဲ့သည့် မြန်မာနိုင်ငံအနေဖြင့် ယခုနှစ်တွင်လည်း မြန်မာ့ရိုးရာဆိုင်းဝိုင်းကို ပုံဖော်ထားသည့် National Costume ဖြင့်ဝတ် ဆင်ယှဉ်ပြိုင်မည်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံအသီးသီးမှ အလှမယ်များကြားတွင် မြန်မာကိုယ်စားပြုပုံရိပ်ကောင်းများ ထင်ဟပ်စေရန် ကြိုးပမ်းပြင်ဆင်လျက်ရှိသည့် အလှမယ်ဇွန်သံစဉ်နှင့်တွေ့ဆုံ၍ မြန်မာကိုယ်စားပြု အလှမယ်တစ်ဦးအဖြစ် ပြင်ဆင်ထားမှုများ၊ ပြိုင်ပွဲအတွက် မျှော်လင့်ရင်ခုန်မှုများ အပါအဝင် သိလိုသည်များအား မေးမြန်းဖြစ်ခဲ့ပါသည်။

 

■ မေး - Miss Universe ပြိုင်ပွဲကိုရက်ပိုင်းအတွင်း သွားပြိုင်ရတော့မယ်ဆိုတော့ ဘယ်လိုအပိုင်းတွေကို အဓိကထားပြီး ပြင်ဆင်ထားပြီးပြီလဲဆိုတာ အရင်သိချင်ပါတယ်။

ဖြေ - တစ်နှစ်အချိန်ရတယ်ဆိုတော့ ညီမအတွက် Body၊ Beauty၊ Brain အပိုင်းသုံး ပိုင်းစလုံးကိုအချိန်ယူပြီး ပြင်ဆင်နိုင်ခဲ့တယ်။ အဝတ်အစားပိုင်းကအစ သေချာပြင်ဆင်ထားသလို ပါဖောမန့်စ်ပိုင်းတွေကိုလည်း သေချာပြင်ဆင်ထားနိုင်တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ကျေနပ်အားရမှု အပြည့်အ၀ ရှိပါတယ်။ ပြင်ဆင်ချိန်တစ်နှစ်တာကာလအတွင်းမှာ အပြည့်အဝပြင်ဆင်ထားတယ်။  ကျန်တာကတော့ ကံတရားရဲ့မျက်နှာသာပေးမှုအတိုင်းပဲ အကောင်းဆုံးဖြစ်လာစေဖို့ ဆုတောင်းနေပါတယ်။ ညီမဘက်ကတော့ အစွမ်းကုန်ကြိုးစားမှာပါ။

 

■ မေး - အခုနှစ်ရဲ့ National Costume က မြန်မာ့ရိုးရာဆိုင်းဝိုင်းကို အခြေခံတဲ့ ဝတ်စုံ ဖန်တီးမှုနဲ့ပြိုင်ရမှာဆိုတော့ အဲဒီစိတ်ကူးအကြောင်းကိုလည်း ပြောပြပါဦး။

ဖြေ - National Costume ဝတ်စုံရဲ့စိတ်ကူးကတော့ Miss Universe Myanmar National Director ဒေါ်စိုးယုဝေရဲ့စိတ်ကူးပေါ့နော်။ အဲဒါကို ဒီဇိုင်နာ မသဇင်ခင်နဲ့ ပူးပေါင်းပြီး ဖန်တီးပေးကြပါတယ်။ ညီမနဲ့လည်း လိုက်ဖက်မှုရှိအောင်၊ ညီမအတွက် အရမ်းလည်း ခက်ခက်ခဲခဲမဖြစ်ဘဲ စိတ်ဝင်စားစရာ ဖြစ်အောင်ပြသနိုင်ဖို့ ဖန်တီးပေးထားပါတယ်။ ညီမအနေနဲ့ကတော့ မြန်မာ့ဆိုင်းဝိုင်း ရဲ့ ပါဖောမန့်စ်တွေ၊ ဆိုင်းတီးတဲ့ ပါဖောမန့်စ် တွေကို သေချာလေးလေ့ကျင့်ထားပါတယ်။

 

■ မေး - စောင်းတီးသင်ထားတာလည်းတွေ့တော့ Talent Show မှာ တီးပြဖြစ်မလား။

ဖြေ - စောင်းတီးတာကတော့ ဝါသနာအရ သင်ထားဖြစ်တာပါ။ National Costume နဲ့တော့မဆိုင်ပါဘူး။ ဒါပေမဲ့ Talent Show လုပ်ဖြစ်မယ်ဆိုရင်တော့ စောင်းတီးတာလေးနဲ့ပဲ ပြိုင်ဖြစ်မှာပါ။

 

■ မေး - မနှစ်တုန်းက Miss Universe ပြိုင်ပွဲမှာ မြန်မာနိုင်ငံက Best National Costume ဆုရ ထားတယ်ဆိုတော့ အခုနှစ်မှာ ပိုပြီးတာဝန်ကြီးတယ်လို့ ပြောလို့ရမလား။

ဖြေ - အဓိက,ကတော့ မနှစ်တုန်းက Best National Costume ဆုကို မြန်မာနိုင်ငံက ရခဲ့တာဆိုတော့ အခုနှစ်မှာလည်း မြန်မာနိုင်ငံက ဘယ်လို National Costume နဲ့ယှဉ်ပြိုင်မလဲဆိုတာကို တစ်ကမ္ဘာလုံးက စောင့်ကြည့်အားပေးကြမှာပဲလေ။ ညီမအနေနဲ့ မြန်မာ့ဆိုင်းဝိုင်းရဲ့အနှစ်သာရကို ပေါ်လွင်အောင်၊ မြန်မာ့ရိုးရာ အနုပညာကို သေချာလေးတင် ပြနိုင်အောင် ကြိုးစားသွားမှာပါ။ ဆုရတာ မရတာထက် မြန်မာ့အနုပညာကို တန်ဖိုးထားတတ်လာအောင်၊ စိတ်ဝင်တစားနဲ့ စောင့်ကြည့်ရကျိုးနပ်အောင် မြန်မာ့ဆိုင်းဝိုင်းကို ထည်ထည်ဝါဝါနဲ့ အခမ်းအနားဆုံး ဖြစ်အောင်တင်ဆက်သွားမှာပါ။ ဆုရခဲ့ရင်တော့ အကောင်းဆုံးပေါ့။ ကြိုးစားမှုရဲ့ရလဒ်တော့ ရမယ်လို့ယုံကြည်ထားတယ်။ မနှစ်တုန်းက ရုပ်သေးရုပ်ဆိုရင်လည်း ထက်ထက်ထွန်းအတွက် ခက်ခဲတဲ့အပိုင်းလေးတွေ ရှိတယ်ပေါ့နော်။ အခုဆိုင်းဝိုင်းမှာလည်း ဖြုတ်ရတပ်ရ လုပ်ရတဲ့အပိုင်းတွေ များတဲ့အခါကျတော့ နည်းနည်းတော့အလုပ်များမယ်ပေါ့ နော်။ ဒါပေမဲ့ ဒီဇိုင်နာ မသဇင်ခင်ကတော့ ညီမအတွက်ကို လွယ်ကူအဆင်ပြေအောင် အများကြီးကြိုးစားပေးထားပါတယ်။ တစ်ခုနဲ့တစ်ခု အဆင်ပြေပြေနဲ့ ဝတ်ဆင်ပြသနိုင်အောင် ဖန်တီးပေးထားတာကြောင့် အဆင်ပြေမယ်လို့လည်း ယုံကြည်ပါတယ်။

 

■ မေး- မြန်မာကိုယ်စားပြုစလွယ်ကို သိုင်းပြီး သွားရမယ်ဆိုတဲ့အခါ ဘယ်လိုအချက်တွေကို ကိုယ်စားပြု တင်ပြသွားချင်လဲ။

ဖြေ - အဓိကတော့ မြန်မာအမျိုးသမီးတစ်ယောက်က သွက်လက်တယ်။ ထက်မြက်တယ်။ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားတယ်။ တက်တက်ကြွကြွနဲ့ အလုပ်လုပ်တယ်။ အာရုံစိုက်ပြီး အလုပ်လုပ်တယ်။ ဖော်ရွေကူညီတတ်တယ်ဆိုတာကို ကမ္ဘာ့နိုင်ငံအသီးသီး က အလှမယ်တွေသိစေချင်တယ်။ မြန်မာအလှမယ်တွေကလည်း ထက်မြက်သွက်လက်တယ်၊ ကြိုးစားအားထုတ်မှု အပြည့်အဝရှိ တယ်ဆိုတဲ့ ပုံရိပ်ကို ထင်ဟပ်နိုင်အောင် ညီမဘက်က အပြည့်အ၀ ကြိုးစားသွားမှာပါ။

 

■ မေး - နိုင်ငံတကာအလှမယ်တွေနဲ့ တွေ့တဲ့အခါ ဘယ်လို အတွေ့အကြုံကောင်းတွေ ရမယ်လို့ ယုံကြည်လဲ။

ဖြေ - တချို့ကျတော့ ဘာသာစကားမှာ ကျွမ်းကျင်သလို တချို့ကျတော့ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်တယ်။ တချို့ကျတော့လည်း မယှဉ်နိုင်အောင် လှပတယ်။ တချို့ကျတော့လည်း ဖော်ရွေပျူငှာတယ်။ နိုင်ငံကိုယ်စားပြု အလှမယ်အားလုံးက မတူညီတဲ့ Talent ကိုယ်စီနဲ့ လာပြိုင်ကြတာဖြစ်တဲ့အတွက် ညီမအနေ နဲ့မတူကွဲပြားတဲ့ အတွေ့အကြုံကောင်းတွေ အများကြီးရမယ်လို့ ယုံကြည်ပါတယ်။

 

■ မေး- အခုဆို အလှမယ်တွေကို ပရိသတ်တွေက အားပေးတာရှိသလို ဝေဖန်တာလည်းရှိတဲ့အတွက် အဲဒီအပေါ် ဘယ်လိုခံယူထားလဲ။

ဖြေ-အဲဒါကတော့ အလှမယ်ဖြစ်မှ မဟုတ်ပါဘူး။ အနုပညာရှင်ဖြစ်လာပြီဆိုတနဲ့ ဝေဖန် မှုဆိုတာတော့ ရှိစမြဲပါ။ သူတို့က ကောင်းစေချင်လို့ ဝေဖန်ပေးကြတာဖြစ်တဲ့အတွက် ဝေဖန်တဲ့စကားသံကိုတော့ အမြဲနားထောင်ဖြစ်  တယ်။ ကိုယ့်ဘက်က ပြင်ဆင်စရာရှိရင်လည်း ပြင်ဆင်ဖြစ်တယ်။ ကိုယ့်ကိုမုန်းလို့ မကြိုက်လို့ ပြောတဲ့စကားမျိုးဆိုရင်တော့လည်း စိတ်ထဲမထားဘဲနေဖြစ်ပါတယ်။ ဖြစ်စေချင်လို့ ကောင်းစေချင်လို့ ဝေဖန်တာကိုတော့ ညီမနားထောင်ပြီး ပြင်ဆင်ပြောင်းလဲပါတယ်။

 

■ မေး - ဘယ်ရက်မှာစပြီး သွားဖြစ်မလဲ။

ဖြေ- ပြိုင်ပွဲက နိုဝင်ဘာလကုန်ပိုင်းမှာ ဖြစ်တဲ့အတွက် ညီမ နိုဝင်ဘာ ၉ ရက်မှာ စတင် ထွက်ခွာဖြစ်မှာပါ။

 

■ မေး- ပရိသတ်တွေကိုပြောချင်တဲ့ စကားလက်ဆောင်လေးရှိရင် ပြောပေးပါဦး။

ဖြေ-ပရိသတ်အားလုံးလည်း မြန်မာနိုင်ငံအတွက် အများကြီးမျှော်လင့်ထားကြတယ်။ Miss Universe ပြိုင်ပွဲမှာ ဆုတစ်ခုခု၊  Top Top တစ်ခုခု၊ နေရာတစ်ခုခုရလာအောင် ကြိုးစားနေပါတယ်။ Beauty Queen တွေ ကြားထဲမှာ မြန်မာဆိုတာ မျက်နှာမငယ်အောင် အမြဲတမ်းကြိုးစားမှာပါ။

Most Read

Most Recent