တေးသံရှင်ဆုန်သင်းပါရ်နှင့် တွေ့ဆုံခြင်း

တေးသံရှင်ဆုန်သင်းပါရ်နှင့် တွေ့ဆုံခြင်း
Published 31 October 2017

 

မြန်မာ့ဂီတလောကရဲ့အနုပညာစင်မြင့်ထက်ကို အဆိုပြိုင်ပွဲကတစ်ဆင့် တက်လှမ်းလာခဲ့ပြီး ထွန်းတောက်တဲ့အနုပညာရှင်တစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုနဲ့ အနုပညာအသိုင်းအဝိုင်းရဲ့ အသိအမှတ်ပြုမှုတွေကို ရရှိလာခဲ့သူက ချင်းတိုင်းရင်းသူလေး ဆုန်သင်းပါရ်ပါ။ အသံအားကောင်းတဲ့ အဆိုရှင်တစ်ဦးအဖြစ်ရော အဆိုကောင်းသူတစ်ဦးအဖြစ် အားလုံးရဲ့အသိအမှတ်ပြုအားပေးမှုတွေကို ရရှိခဲ့တဲ့ ဆုန်သင်းပါရ်အနေနဲ့ သူမရဲ့ပဉ္စမမြောက် တစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ‘လိုရာဆု’ဆိုတဲ့ တေးစီးရီးကို အောက်တိုဘာ ၂၅ ရက်က ဖြန့်ချိခဲ့ပြီးဖြစ်ပါတယ်။ ‘လိုရာဆု’ တေးစီးရီးမှာ ဆုန်သင်းပါရ်ရဲ့ကြိုးစားမှုတွေနဲ့ လက်ရှိ အနုပညာလှုပ်ရှားမှုတွေအပေါ် မေးမြန်းဖြစ်ခဲ့ပါတယ် . . .

 

မေး     - ‘လိုရာဆု’ တေးစီးရီးလေးအတွက် ဆုန်သင်းကြိုးစားခဲ့ရတာလေးတွေကို အရင်သိချင်ပါတယ်။

ဖြေ      -  ဒီစီးရီးလေးကို ဆုန်သင်းအနေနဲ့ အချိန်သုံးနှစ်လောက်အထိ အချိန်ယူပြီး သေ ချာကြိုးစား ပြင်ဆင်ထားပါတယ်။ ဒီစီးရီးမှာပါဝင်တဲ့ သီချင်းတွေအားလုံးက ကိုယ်တိုင် နှစ်သက်တဲ့သီချင်းတွေဖြစ်သလို အသံသွင်းတာ၊ တီးတဲ့အပိုင်းကစပြီး စီးရီးတစ်ခွေလုံး အချောဖြစ်တဲ့အထိ အားလုံးကို သေသေချာချာလေး အကောင်းဆုံးဖြစ်အောင် ကြိုးစားထားပါတယ်။ ဒီစီးရီးခွေလေးဖြစ်လာဖို့ ဝိုင်းဝန်းကြိုးစားပေးကြတဲ့သူတွေ၊ ကူညီပေးကြသူတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကိုယ့်အကြိုက်ဆုံးသီချင်းတွေဖြစ်သလို တေးရေးဆရာတွေဘက်ကလည်း တကယ်ကို အဓိပ္ပာယ်လေးနက်တဲ့ သီချင်းကောင်းတွေကို ဆုန်သင်းအတွက် အကောင်းဆုံး ကြိုးစားပေးထားပါတယ်။

 

မေး     -  ‘လိုရာဆု’ တေးစီးရီးအတွက် သီချင်းတွေကို ဘယ်လိုရွေးချယ်ဖြစ်ခဲ့လဲ။

ဖြေ      -  ကိုယ့်အတွက်ရေးပေးကြတဲ့သီချင်းတွေမှာ တေးရေးဆရာတွေအကုန်လုံးက ကိုယ့်အတွက် အကောင်းဆုံးစဉ်းစားပြီး ရေးပေးထားတယ်။ ကိုယ့်ဘဝအတွက် လေးနက်တဲ့အကြောင်းအရာတွေ တစ်ခုချင်းစီကို ပုံဖော်ပေးထားတယ်။ သီချင်းတွေအားလုံးကို နှစ်သက်သလို အကြောင်းအရာတွေကိုလည်း သဘောကျတယ်။ ဒါ့ကြောင့် ဒီစီးရီးမှာ ပါဝင်တဲ့ သီချင်းတိုင်းကို ကိုယ်တိုင် စိတ်ကျေနပ်မှုအပြည့်နဲ့ ရွေးချယ်ဖြစ်ခဲ့တာပါ။ တချို့သီချင်းတွေဆိုရင် ကိုယ့်အတွက် ဆိုရခက်ခဲတဲ့သီချင်းတွေဖြစ်တော့ ဆိုနိုင်ပါ့ မလားဆိုပြီးတောင် ဖြစ်ရသေးတယ်။ ဒါပေမဲ့ ဆုန်သင်း အကောင်းဆုံးကြိုးစားပြင်ဆင် လေ့ကျင့်ပြီး သီဆိုထားပါတယ်။

 

မေး     -  ကိုယ့်အတွက် ဆိုရခက်တဲ့တေးသီချင်းတွေကို ဘယ်လိုကြိုးစားပြီး သီဆိုလေ့ရှိလဲ။

ဖြေ      -  တချို့တေးရေးတွေကျတော့လည်း ကိုယ့်ကိုအထင်ကြီးပြီး ဆိုရခက်တဲ့သီချင်းမျိုး သေချာပေးတာတွေလည်း ရှိတယ်။ ဒါပေမဲ့ အဲဒီလိုသီချင်းတွေကို ဆုန်သင်းအနေနဲ့ လွယ်လွယ်ကူကူ ဆိုခဲ့တာတော့ မဟုတ်ဘူး။ အသံသွင်းတဲ့အခါမှာ အရှက်ကွဲမှာစိုးတဲ့အတွက် အများကြီး လေ့ကျင့်ပြင်ဆင်တယ်။ သေသေချာချာကြိုးစားတယ်။ အများကြီးနားထောင်၊ အများကြီးပြန်ဆိုလေ့ကျင့်ပြီးမှ သီဆိုခဲ့တာတွေချည်းပါပဲ။ ပြီးပြီးရော ဘယ်တော့မှ မဆိုပါဘူး။

 

မေး     - ဒီနေ့ခေတ်အချိန်အခါမှာ တေးစီးရီးတစ်ခွေထုတ်တာက အကျိုးအမြတ်မရှိဘဲ ငွေကုန်ကြေးကျ များတာပဲ အဖတ်တင်တယ်။ ခွေထွက်ပေမဲ့ မဝယ်ကြဘဲ အွန်လိုင်းပေါ်မှာတင်ပြီး ရှယ်ကြတာတွေရှိနေချိန်မှာ တစ်ကိုယ်တော်တေးစီးရီးသစ် ထုတ်တဲ့အပေါ် ဆုန်သင်း ဘယ်လိုပြင်ဆင်ထားလဲ။

ဖြေ      - ဒီနေ့ခေတ် အနေအထားကိုက အဲဒီလိုကြီးကို ဖြစ်နေတာပေါ့လေ။ သီချင်းတွေက ပရိသတ်ကြားထဲ ပေါက်တယ်ဆိုရင်တောင်မှ တေးစီးရီးခွေကတော့ မရောင်းရတာတွေရှိတယ်။ တကယ်လို့ အဲဒီဖြစ်သွားရင်လည်း ကိုယ့်ဘက်က ဘာမှမတတ်နိုင်ဘူးပေါ့လေ။ ဒါပေမဲ့ ဒီစီးရီးလေးကို စပြီးပြင်ဆင်ထုတ်ဝေကတည်းက ကိုယ့်ရဲ့သီချင်းတွေကို ပရိသတ်တွေ နားဆင်စေချင်တဲ့စိတ်ပဲ ရှိတာပါ။ နောက်ပိုင်းမှာတော့ အခုလို ဈေးကွက်ပျက်တဲ့အထိ ဖြစ်နေတဲ့အနေအထားမျိုးကို ဖိဖိစီးစီးနဲ့ လုပ်နိုင်မယ်လို့မျှော်လင့်ပါတယ်။ ခုနောက်ပိုင်းမှာ အခြေအနေတွေကြောင့် ထုတ်လုပ်သူဆိုတာလည်း ပျောက်နေပါပြီ။ အဲဒီလိုဖြစ်နေတာကို တာဝန်ရှိ အစိုးရတွေကိုယ်တိုင်က ပါဝင်လုပ် ဆောင်ပေးမှ ရမယ်လို့ ထင်ပါတယ်။

 

မေး     - ခုနောက်ပိုင်း အဆိုတော်တွေအနေနဲ့ သီချင်းသစ်တွေကို တစ်ပုဒ်ချင်း အွန်လိုင်းကနေပဲ တင်လိုက် တာမျိုးတွေရှိတော့ အစ်မအနေနဲ့ နောက်ပိုင်းသီချင်းသစ်တွေရှိလာရင် အဲဒီလိုလုပ်ဖို့ အစီအစဉ်ရှိလား။

ဖြေ      - သီချင်းအသစ်တစ်ပုဒ်ကို လုပ်နေတာတော့ရှိပါတယ်။ အဲဒီသီချင်းရဲ့ MTV ကိုလည်း ချင်းတောင်ဘက်မှာ သွားပြီးရိုက်ကူးဖို့ စီစဉ်နေပါတယ်။ အဲဒီချင်းကိုတော့ အရုပ်ကိုလက်ဆောင်အနေနဲ့ ပရိသတ်ကိုပေးပြီး သီချင်းကိုတော့ အွန်လိုင်းကနေ ရောင်းချဖို့ စီစဉ်နေတာတော့ရှိပါတယ်။

 

မေး     - ‘လိုရာဆု’တေးစီးရီးရဲ့Cover မှာ ပန်းချီကားလေး သုံးဖြစ်တဲ့အကြောင်းကိုလည်း ပြောပြပေးပါဦး။

ဖြေ      - မမီက ဘခြယ်ဆိုတဲ့သီချင်းလေးကို အွန်လိုင်းမှာရောင်းတဲ့အခါတုန်းက ဆရာကြီးဦးဝင်းဖေက မမီအတွက် ပန်းချီလေးဆွဲပေးတယ်။ အဲဒါလေးကို မြင်ပြီးကတည်းက ကိုယ့်စီးရီးမှာ ပန်းချီလေး အရမ်းပါချင်တယ်။ ဒါကြောင့် မမီကနေတစ်ဆင့် ဆရာကြီးဆီမှာ အပူကပ်ပြီး ‘လိုရာဆု’ စီးရီးအတွက် ပန်းချီကားလေးတောင်းတယ်။ ဆရာကြီးကလည်း သုံးခွင့်ပေးခဲ့တဲ့အတွက် အရမ်းကိုပျော်ရွှင်ရပါတယ်။ ဒီပန်းချီကားကလည်း ဆရာကြီးရဲ့နာမည်ကြီးတဲ့ ပန်းချီကားတစ်ခုဖြစ်သလို ဒီပန်းချီကားလေးကလည်း ကိုယ့်ရဲ့ ‘လိုရာဆု’ တေးစီးရီးအတွက် အများကြီး အထောက်အပံ့ဖြစ်တယ်လို့လည်း ခံစားရပါတယ်။ အဲဒီအတွက် ဆရာကြီးကိုရော မမီကိုပါ ကျေးဇူးအများကြီးတင်ပါတယ်။

 

မေး     - ‘လိုရာဆု’ တေးစီးရီးကိုရော VCD ရိုက်ကူးဖို့ ဘယ်လိုတွေစီစဉ်ထားလဲ။

ဖြေ      - ဒီခေတ်မှာက Audio အဓိကထက် အရုပ်ပါမှ ဆိုတာမျိုးတွေလည်းရှိတော့ သေချာတော့ မသိသေးဘူး။ Audio ကလည်း ခုမှစပြီးထွက်တာဆိုတော့ အရင်ဆုံး ပရိသတ်တွေရဲ့ အသံကို နားထောင်ပါဦးမယ်။ ပြီးမှပဲ VCD ရိုက်ကူးမှုတွေကို ပြင်ဆင်ပါ့မယ်။

 

မေး     - ဆုန်သင်းရဲ့ တစ်ကိုယ်တော်ဂီတဖျော်ဖြေပွဲကိုရော ပရိသတ်တွေ ဘယ်တော့လောက် အားပေးခွင့်ရမလဲ။

ဖြေ      - ခုချိန်မှာတော့ ဆုန်သင်းအနေနဲ့ သီချင်းအဟောင်းတွေပဲ များနေသေးတယ်။ ဒါ့ကြောင့်လည်း သီချင်းသစ်လေးတွေ၊ ပရိသတ်နှစ်သက်အားပေးမှုရှိမယ့် သီချင်းသစ်တွေရှိဖို့ အရင်ကြိုးစားနေပါတယ်။ ပရိသတ်တွေ ကြိုက်တဲ့သီချင်းသစ်တွေ များလာရင်တော့ တစ်ကိုယ်တော်ပွဲလေး လုပ်ဖြစ်မယ်ထင်ပါတယ်။

 

မေး     - လက်ရှိမှာ ဂီတလှုပ်ရှားမှုတွေအနေနဲ့ ဘာတွေလုပ်ဖြစ်နေလဲ။

ဖြေ      -  ဆုန်သင်း တစ်ကိုယ်တော်သီဆိုထားတဲ့ ခရိယာန်ဘုရားသီချင်းခွေလေး ထွက်ဖို့ရှိပါတယ်။ နောက်ပြီး နောက်ထပ် ကိုယ်ပိုင်သံစဉ် တစ်ကိုယ်တော်တေးစီးရီးသစ်လည်း စီစဉ်နေပါတယ်။ အဲဒီကိုယ်ပိုင်သံစဉ်တစ်  ကိုယ်တော်စီးရီးအတွက် လောလောဆယ်မှာတော့ သီချင်းငါးပုဒ်လောက်အထိ ရနေပါပြီ။ အဲဒီခွေလေးကို တော့ အချိန်အများကြီးမကြာဘဲ ထွက်နိုင်မယ်လို့ ထင်ပါတယ်။ ထွက်နိုင်အောင်လည်း ကြိုးစားသွားမှာပါ။

 

မေး     -  ဒီနေ့ခေတ်မှာ အဆိုပြိုင်ပွဲတွေအများကြီးကနေ ထွက်ပေါ်လာတဲ့ ဂီတမျိုးဆက်သစ်တွေအတွက် စကားလက်ဆောင်လေးပြောပေးပါဦး။

ဖြေ      - ဆုန်သင်းတို့တုန်းကလိုမဟုတ်ဘဲ ဒီနေ့ခေတ်မှာ ဝါသနာရှင်တွေအတွက် အခွင့်အရေးကောင်းတွေ ပြိုင်ပွဲတွေ အများကြီးရှိလာပါတယ်။ အဲဒီအပေါ်မှာ လူငယ်တွေအနေနဲ့ ကိုယ့်ကို ပရိသတ် သတိထားမိအောင် မှတ်မိအောင်လုပ်ဖို့ လွယ်လာတယ်။ အားလုံးကလည်း အရည်အချင်းရှိပြီး ဆိုတတ်ကြတယ်။ တော်ကြတယ်။ ဒါပေမဲ့ ကိုယ့်အနုပညာလမ်းကြောင်းတစ်ခု သေချာခိုင်မာဖို့အတွက်ကတော့ ကိုယ်ပိုင်ဟန်ပန်နဲ့ ကိုယ်ပိုင်သီချင်းသစ်တွေရှိအောင် သေချာကြိုးစားကြဖို့ အကြံပေးချင်ပါတယ်။

 

မေး     - ဆုန်သင်းရဲ့ ‘လိုရာဆု’ တေးစီးရီးလေးနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ပြောချင်တဲ့ စကားလက်ဆောင်ရှိရင်။

ဖြေ      - ‘လိုရာဆု’ တေးစီးရီးလေးကို ဆုန်သင်း တကယ်ကို သေချာစိတ်နှစ်ပြီး ကြိုးစားထားပါတယ်။ အတီး၊ အရေး၊ အဆို အားလုံးမှာ ပါဝင်ဖန်တီးကြိုးစားကြသူတွေ အကုန်လုံးက သေချာကြိုးစားထားတာဖြစ်လို့ ပရိသတ်တွေရဲ့ ခံစားမှုနဲ့ ထပ်တူကျမယ်၊ နှစ်သက်အားပေးမှုရမယ်ဆိုရင် အရမ်းကိုပျော်ရွှင်ရမှာပါ။

 

 

Most Read

Most Recent