ဒါရိုက်တာကိုဇော် (အရုဏ်ဦး) နှင့် တွေ့ဆုံခြင်း

ဒါရိုက်တာကိုဇော် (အရုဏ်ဦး) နှင့် တွေ့ဆုံခြင်း
Published 25 October 2017

 

ပရိသတ်ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းများကို ရိုက်ကူးခဲ့သူ ဒါရိုက်တာတစ်ဦးကတော့ အကယ်ဒမီ ဒါရိုက်တာကိုဇော် (အရုဏ်ဦး) ပါ။  ၂၀၁၇ ခုနှစ်ထဲမှာလည်း ဒါရိုက်တာကိုဇော် (အရုဏ်ဦး) ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားအများအပြားကို ရုံတင်ပြသခဲ့ပြီး ပရိသတ်တွေရဲ့ နှစ်သက်အားပေးမှုတွေလည်း ရရှိခဲ့ပါတယ်။ လာမယ့် နိုဝင်ဘာ ၃ ရက်မှာလည်း ဒါရိုက်တာကိုဇော် (အရုဏ်ဦး) ရိုက်ကူးထားပြီး အွန်လိုင်းမှာ ဇာတ်လမ်း နမူနာတင်ကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကိုရရှိခဲ့တဲ့ ‘မယားကြောက်ရွာ’ ဆိုတဲ့ ကားလည်း ရုံတင်ပြသတော့မှာဖြစ်လို့ ဒါရိုက်တာကိုဇော် (အရုဏ်ဦး) နဲ့ တွေ့ဆုံခိုက် သူ့ရဲ့အနုပညာ ဖန်တီးလှုပ်ရှားမှုတွေအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်။

 

■ မေး - ‘မယားကြောက်ရွာ’ ဇာတ်ကားကို ရိုက်ကူးတဲ့အချိန်မှာ ဘယ်လိုကြိုးစားအားထုတ်ခဲ့ရလဲ။

ဖြေ - ဒီဇာတ်ကားက ထုတ်လုပ်သူဘက်ကပဲ ဇာတ်လမ်းရှာတယ်၊ သရုပ်ဆောင်တွေ ရွေးတယ်၊ ပြီးမှ ကိုယ့်ဆီကိုလာပြီး အပ်တာပါ။ ဇာတ်လမ်းအမျိုးအစားလေးတွေက တစ်ခုနဲ့တစ်ခု ဆင်သလိုရှိပေမယ့် ဇာတ်ကောင်စရိုက်တွေ အပေါ်မှာ မူတည်ပြီး မတူတဲ့ဖန်တီးမှုမျိုးဖြစ်အောင် ဇာတ်လမ်းဇာတ်ကောင် ပေါ်မူတည်ပြီး ကြိုးစားထားပါတယ်။

■ မေး - အခုချိန်မှာ ကိုယ့်ရဲ့အနုပညာအမွေကို ဆက်ခံတဲ့ သမီးကလည်း အောင်မြင်တဲ့ဒါရိုက်တာတစ်ယောက်ဖြစ်လာပြီဆိုတော့ အဲဒီအပေါ် ဘယ်လိုခံစားရလဲ။

ဖြေ - သားသမီးတွေ တော်တယ်ဆိုတော့လည်း ကိုယ်တွေက ပျော်ရတာပေါ့။ သူနေရာတစ်ခု ရလာတယ် ဆိုတာကလည်း သူ့ကြိုးစား အားထုတ်မှုနဲ့သူပါပဲ။ ပွင့်သိင်္ဂီဇော် (အရုဏ်ဦး) ဆိုတဲ့ ဒါရိုက်တာတစ် ယောက်ဖြစ်လာဖို့က သူကိုယ်တိုင်လည်း ကြိုးစား အားထုတ်မှုရှိတဲ့အတွက်ပါ။

■ မေး - သမီးဖြစ်သူ ဒါရိုက်တာလုပ်တဲ့အချိန်မှာရော အစ်ကို့အနေနဲ့ ဘယ်လိုတွေပံ့ပိုးသွန်သင်ဖြစ်လဲ။

ဖြေ - ကိုယ့်အနေနဲ့ကတော့ သူဒါရိုက်တာလုပ်ချင်တယ် ဆိုကတည်းက သိသင့်တာတွေ သင်ပေးတယ်၊ လမ်းကြောင်းပြပေးတယ်။ ရိုက်ကူးတဲ့အချိန်မှာတော့ သူ့စိတ်ကြိုက်ပေးရိုက်တယ် ဘာမှဝင်မပါဘူး။ ဗီဒီယိုပဲဖြစ် ဖြစ်၊ ရုပ်ရှင်ပဲဖြစ်ဖြစ် ရိုက်ကူးမှုပိုင်းအတွက် သိသင့်တာ တွေသင်ကြားပေးပြီးပြီဆိုတော့ ကိုယ်က သူရိုက်ကူးချိန်မှာ ဝင်မပါဘဲ တစ်ကားလုံး ရိုက်ပြီးသွားတဲ့အချိန် တည်းဖြတ်မှု တွေလုပ်ပြီးသွားတဲ့အချိန်ကျတော့မှ သေချာပြန်ကြည့်တယ်။ တစ်ခန်းချင်းစီ၊ တစ်ကားချင်းစီကို ဝေဖန်ပြောပြပေးတယ်။

■ မေး - ဒါရိုက်တာကိုဇော် (အရုဏ်ဦး) ဆိုရင် သဘာဝကျတဲ့ ကျေးလက် ဟာသဇာတ်ကားတွေရိုက်ကူးရာမှာ ထူးချွန်တဲ့ဒါရိုက်တာတစ်ဦးလို့ သတ်မှတ်ကြတဲ့အပေါ် ကိုယ်တိုင်ကရော ဘယ်လိုခံစားမိလဲ။

ဖြေ - ရုပ်ရှင်ဆိုတာကတော့ သဘာဝနဲ့ ပသာဒကို တွဲဖက်ပြီး တင်ဆက်ရတာမျိုးပါ။ အဲဒါကို ဖန်တီးသူတစ်ယောက်အနေနဲ့ အတွဲအဆက်မျှအောင်ကြိုးစားတယ်။ နောက်ပြီး ကိုယ်တိုင်က အပြင်မှာ လွတ်လွတ်လပ်လပ်နဲ့ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးနေတတ်တယ်။ လူတွေနဲ့ ပေါင်းသင်းတဲ့အခါမှာလည်း ပွင့်ပွင့်လင်းလင်းပဲ နေတတ်တော့ ကိုယ်ဖြတ်သန်းခံစားရတာတွေ၊ တွေ့ကြုံရတာတွေ၊ လူတွေရဲ့စရိုက်သဘာဝတွေကို ကိုယ်ရိုက်ကူးမယ့်ဇာတ်ကားတွေမှာ သဘာဝကျတဲ့ဇာတ်ရုပ်တွေအဖြစ် ထည့်သွင်းရိုက်ကူးဖြစ်ပါတယ်။ သရုပ်ဆောင်တွေကို သင်ကြားတဲ့အခါမှာလည်း အပြင်ကအဖြစ်တွေ၊ အပြုအမူတွေကိုအခြေခံပြီးတော့ သင်ပြပြီး သရုပ်ဆောင်စေပါတယ်။ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုအပေါ် အသိအမှတ်ပြုမှုခံရတဲ့ အတွက်လည်း ဝမ်းသာရပါတယ်။

■ မေး - လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားတွေ ရုံတင်တဲ့စနစ်တွေကို အပြောင်းအလဲ လုပ်လိုက်တဲ့အပေါ် အကိုရဲ့အမြင်လေးကို သိပါရစေ။

ဖြေ - ကိုယ့်ရဲ့အမြင်ကတော့ ရုပ်ရှင်ပြသရေးစနစ်ကို တစ်ခုနဲ့တစ်ခု အပြောင်းအလဲ လုပ်တာက နည်းနည်းမြန်နေတယ်လို့ ခံစားမိတယ်။ ပြသရေးစနစ်တစ်ခုရဲ့ အပြောင်းအလဲအပေါ်မှာ အကျိုးဆက်တွေကို သေသေချာချာ ဆုံးဖြတ်လို့ မရသေးခင်မှာ နောက်ထပ်ပြသရေးစနစ်တစ်ခုကို ပြောင်းပြောင်းသွားတဲ့ အတွက် အနုပညာသမားတစ်ယောက်အနေနဲ့ အဲဒီအပြောင်းအလဲအပေါ် လိုက်ရခက်တယ်။ အပြောင်းအလဲတစ်ခုအပေါ်မှာ ဖြစ်လာနိုင်ချေရှိတဲ့ အကြောင်းတွေအားလုံးကို သေချာစဉ်းစားပြီးမှလုပ်ကြရင် ပိုကောင်းမှာပါ။  ကိုယ်ကတော့ အနုပညာသမားဘက်ကအမြင်ကိုပဲ ပြောနိုင်တာဆိုတော့ တခြားဘက်တွေက အမြင်တွေတော့ သေချာမသိနိုင်ဘူးပေါ့။

■ မေး - ဦးဇော်ဖန်တီးခဲ့တဲ့ အနုပညာဖန်တီးမှုတိုင်းမှာ ဘယ်လိုခံစားမှု၊ ခံယူမှုတွေနဲ့ လုပ်ဆောင်ဖြစ်ခဲ့လဲ။

ဖြေ - ပထမဆုံးအနေနဲ့ကတော့ စီးပွားရေးအရကြည့်ရမယ်ဆိုရင် ထုတ်လုပ်သူတစ်ယောက်က ကိုယ့်ကို အလုပ်လာအပ်တယ်ဆိုရင် ကိုယ့်ဘက်ကလည်း ယူထားတဲ့ငွေကြေးနဲ့တန်တဲ့ ကြိုးစားအားထုတ်မှုမျိုးနဲ့ လုပ်တယ်။ နောက်တစ်ခုက ကိုယ်လုပ်ရမယ့်အလုပ် ကိုယ်ယူထားတဲ့တာဝန်ကိုကျေဖို့ အကောင်းဆုံး ကြိုးစားတယ်။ ရိုက်ကွင်းပေါ်ရောက်ရင်လည်း ကိုယ့်ရိုက်ကွင်းပေါ်မှာရှိတဲ့ လူအားလုံးအဆင်ပြေဖို့ကြိုးစားတယ်။ ကိုယ်ချင်းစာစိတ်နဲ့ အမြဲတွေးပြီးလုပ်တယ်။ နောက်ပြီး ကိုယ်ဖန်တီးတဲ့အနုပညာတစ်ခုကို အကောင်းဆုံးဖြစ်အောင် ကြိုးစားဖန်တီးတယ်။ ကိုယ်လုပ်တဲ့ အနုပညာဖန်တီးမှုတိုင်းမှာတော့ ပရိသတ် အတွက် ဦးထိပ်ထားပါတယ်။ ကိုယ့်ဖန်တီးမှုတိုင်းက ပရိသတ်တွေအတွက်ပါပဲ။

■ မေး - အခုချိန်မှာ မြန်မာရုပ်ရှင်ဇာတ်ကားတွေ ပရိသတ်အားပေးမှု ပိုရလာတဲ့အပေါ် အနုပညာ ဖန်တီးသူတစ်ယောက်အနေဲ့ ဘယ်လိုအချက်တွေကို ပိုပြီးဂရုစိုက်ဖို့လိုတယ်လို့ ခံစားမိလဲ။

ဖြေ - ပရိသတ်တွေအားပေးလာတဲ့အတွက် အနုပညာဖန်တီးသူတွေအနေနဲ့ ပိုပြီးအားရှိပါတယ်။ ပရိသတ်တွေ ပိုအားပေးလာသလိုပဲ ကိုယ်တွေက ပိုပြီးကြိုး စားရမှာပါ။ ပိုအားပေးလာတဲ့အပေါ်မှာ ရေသာခိုမယ်၊ ကြိုးစားမှုလျော့မယ် ဆိုရင်တော့ ကိုယ့်ဘက်ကရိုင်းတာဖြစ်သွားပါလိမ့်မယ်။

■ မေး - လက်ရှိရိုက်ကူးနေတဲ့ ဇာတ်ကားလေးအကြောင်းလည်း ပြောပြပေးပါဦး။

ဖြေ - အခုလက်ရှိက ဖိုးသူတော် ရုပ်ရှင်ထုတ်လုပ်ရေးအတွက် ‘ရမ်ဘိုလာပြီ’ ဆိုတဲ့ ဇာတ်ကားလေး ရိုက်နေပါတယ်။ ပြေတီဦး၊ ကျော်ကျော်ဗိုလ်၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ အေးမြတ်သူ၊ စမိုင်းလ်တို့နဲ့ပါ။ ရန်ကုန်မှာ ရိုက်ပြီးရင် ပုပ္ပားဘက်မှာ ဆက်ပြီးရိုက်ကူးပါမယ်။

■ မေး - ‘မယားကြောက်ရွာ’ ဇာတ်ကားလာကြည့်မယ့် ပရိသတ်တွေအတွက် စကားလက်ဆောင် လေးပြောပေးပါဦး။

ဖြေ - ပရိသတ်ပေးရတဲ့အချိန်နဲ့ ငွေကြေးတန်ဖိုးနဲ့ကိုက်ညီတဲ့ ရယ်မောပျော်ရွှင်စရာ ဇာတ် ကားတစ်ကားဖြစ်မှာပါ။ မယားမကြောက်ရအောင် ‘မယားကြောက်ရွာ’ ဇာတ်ကားကို လာကြည့်ပါလို့လည်း ဖိတ်ခေါ်ပါတယ်။

Most Read

Most Recent