<

“တကယ်တော့ Alarm မြည်ရင်တော့ တစ်တိုက်လုံးကြားအောင် အဆောက်အအုံ တစ်ခုတည်း အထဲထဲက လူတွေပါ ကြားတဲ့ အသံမျိုး ဖြစ်ရမယ်” ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ညွန်ကြားရေးမှူး ဦးကြည်ဝင်းနှင့် တွေ့ဆုံခြင်း

ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုအား ကိုယ်တိုင်ပါဝင်ဦးဆောင် ငြှိမ်းသတ်ခဲ့သည့် ရန်ကုန်တိုင်း ဒေသကြီး မီးသတ်ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးကြည်ဝင်းတွင် မီလောင်မှုအား ကြုံတွေ့ခဲ့သည့် အတွေ့အကြုံများကို သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မေး – ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုနဲ့ ပတ်သက်ပြီး ဘယ်အချိန်မှ သတင်းရခဲ့လဲ။ ဘယ်လိုမျိုး မီးငြှိမ်းသတ်ခဲ့ရလဲ။

ဖြေ – သတင်းရတာကတော့ ၃ နာရီ ၂၅ မိနစ်မှာ သတင်းရတယ်။ ကန်တော်ကြီးပဲလေ့စ်မှာ မီးလောင်နေကြောင်း ဖုန်းနံပါတ် တစ်ခုကနေ သတင်းလှမ်းပို့တယ်။ သတင်းပို့လို့ သတင်းရတယ်။ သတင်းပို့ပို့ပြီးချင်း မီးသတ်ကားတွေကို Level – 1 လွှတ်တယ်။ လွှတ်တာနဲ့ ကန်တော်ကြီးပဲလေ့စ်ဟိုတယ် ဆိုတော့ ခရီးသည်တွေ၊ နိုင်ငံခြားသား ဧည့်သည်တွေ အများကြီး ရှိတယ်။ ဟိုတယ်ဆိုတော့ ဆုံးရှုံးမှုတွေ၊ လူသေတာတွေ ဖြစ်နိုင်တာပေါ့။ ဖြစ်နိုင်တဲ့အတွက်ကြောင့် တိုင်းဦးစီးအဆင့်က Level – 1 မှာ လိုက်လေ့လိုက်ထ သိပ်မရှိပါဘူး။ မီးများတဲ့ အခြေအနေပေါ် ကြည့်ပြီးတော့လိုက်တယ်။ အခုမီးလောင်မှုမှာ ချက်ချင်းလိုက်တယ်။ တချို့ဆို Level – 1 ကားတွေတောင် လှမ်းတဲ့ ဥပမာဆိုရင် စမ်းချောင်းတို့ဘာတို့တောင် မရောက်သေးဘူး။ တို့အဖွဲ့က ရောက်နေပြီ။ တို့ရောက်တဲ့အချိန်မှာ မီးရဲ့အနေအထား ဘယ်လိုဖြစ်လဲဆိုတော့ စလောင်တာ သတိထားမိမှာပေါ့။ အလယ် Reception ရဲ့ အပေါ်ဆုံး နေရာကနေပြီးတော့ မီးတွေက ဟိုဘက်ကို အထက်ပန်းဆိုးတန်းဘက် ဆိုလို့ရှိရင် B ဆောင်ခေါ်တာပေါ့။ ဒီဘက်ကို A ဆောင်ခေါ်တာပေါ့။ B ဆောင်က တစ်ခုလုံး လောင်သွားတယ်။ မီးလောင်မှုမှာ B ဆောင်ရဲ့ တစ်ဝက်လောက်ကို မီးလောင်မှုက ရောက်နေပြီ။ A ဆောင်ဆိုရင်လည်း သုံးပုံနှစ်ပုံလောက် အပေါ်ပိုင်းတွေ မီးကရောက်နေပြီ။ မီးတွေက တအားကြီး များနေပြီ။ အဲဒီ မီးလောင်တဲ့ အနေအထားက ခုနပြောတဲ့ ၃ နာ ရီ ၂၅ မိနစ်မှာရတဲ့ မောင်းသွားတဲ့ မီးသတ်ကားက ဝေါဝေါနဲ့ လမ်းကလည်း ရှင်းနေတယ်။ ဘာမှမရှိတော့။ အလွန်ဆုံး ၁၀ မိနစ်ပဲ။ သတင်းရပြီးတော့ ၁၀ မိနစ်အတွင်း ရောက်သွားတဲ့မီးက အဲဒီလောက်ကြီး များစရာ အကြောင်းမရှိဘူး။ အဲဒီတော့ ပြောချင်တာက မီးသတင်းရတာ နောက်ကျတယ်။ ဘာပဲဖြစ်ဖြစ် သတင်းပို့တာ အရမ်းနောက်ကျတယ်။ ကျိတ်ငြှိမ်းတာလား မကျိတ်ငြှိမ်းတာလား ဆရာတို့လည်း မပြောတတ်ဘူး။ စုံစမ်းဖော်ထုတ်မှာပါ။ အဲဒီအနေအထားပေါ့။ မီးဘာကြောင့် များသွားလဲ။ မီးသတ်ကားဘာကြောင့် နောက်ကျလဲဆိုတာ အဲဒါကြောင့် သတင်းမပေးဘဲနဲ့ ဆရာတို့ မီးသတ်သမားတွေလည်း မီးသတ်စခန်းကနေ ဘယ်လိုမှ မသိနိုင်ဘူးလေ။ သတင်းပေးမှ သိမှာကို။ ဖုန်းသတင်းရပြီးနောက်မှာ တက္ကစီသမားက လာပြောတယ်။ ဘယ်မှာ မီးလောင်နေတယ်။ မီးများနေတယ်။ အဲဒီလို လာပြောတဲ့ အတွက်ကြောင့် သိရတယ်။ အဲဒါလည်း ဘယ်လောက်ကွာလဲဆိုတော့ ငါးမိနစ်ကျော်ကျော်လောက်ကွာတယ်။ အမှန်က ၁၉၁ ဆိုတဲ့ အရေးပေါ် Emergency ကိုခေါ်ရင် အနီးဆုံး မီးသတ်စခန်းတွေကို ၀င်သွားမှာပါ။ အဲဒါကို မဆက်ဘဲနဲ့ အဲဒါကို အမြင်မတော်တဲ့ တာဝန်သိ လုပ်သားပြည်သူ တစ်ဦးက လာပြောလို့ သိရတာပေါ့။ အဲဒါမျိုးက မဖြစ်သင့်ဘူးလို့ ထင်တယ်။ မီးသတင်း မြန်မြန်ပေးရင် ဒီလောက်အထိ ကြီးစရာ၊ ဒီလောက်အထိ ဆုံးရှုံးစရာ အကြောင်းမရှိဘူး။ အဲဒီလိုပဲ ပြောချင်ပါတယ်။

မေး – မီးသတ်တွေ နောက်ကျမှ ရောက်လာလို့ဆိုပြီး Facebook စာမျက်နှာနဲ့ အပြင်မှာ ဝေဖန်မှုတချို့ ရှိခဲ့ပါတယ်။ အဲဒီအပေါ်မှ ဆရာ့အနေနဲ့ ဘာများပြောချင်ပါသလဲ။

ဖြေ – လူတွေကတော့ ဝေဖန်လို့ရတာပါပဲ။ ဒါပေမဲ့ လက်ရှိဆရာတို့ကိုယ်တိုင် မြင်တွေ့ရတဲ့ ကြုံတွေ့ရတဲ့ အနေအထားကတော့ အမှန်ပါပဲ။ အမှန်ကို ပြောပြတာပါ။ အဲဒီတော့ ဆရာတို့ဘက်က ကာပြီးတော့ပြောတာ မဟုတ်ပါဘူး။ အဲဒီအနေအထားပဲ မီးသတင်းရတယ်။ မီးသတ်ကားထွက်တယ်။ ရောက်သွားတယ်။ မီးက ဒီလောက်များနေပြီဆိုတာ သိအောင် ပြောပြတာပါ။

မေး – မီးလောင်မှုကြောင်းရင်းနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုးတွေ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါသလဲဆိုတာ သိချင်ပါတယ်။

ဖြေ – ဘယ်လိုမျိုးတွေ စုံစမ်းစစ်ဆေးလဲဆိုတော့ မီးက နိုင်ငံခြားသားတွေလည်း သေတယ်။ လူသေမှုတွေရှိတယ်။ ထင်ရှားတဲ့ မီးလောင်မှုကြီးတစ်ခု ဖြစ်တဲ့အခါ လူတွေကလည်း စိတ်ဝင်စားတယ်။ စိတ်ဝင်စားတဲ့အခါမှာ တို့ရဲ့သုံးသပ်တာတွေ၊ တန်ဖိုးတွက်ချက်တာတွေ၊ အာမခံထားတာတွေ အပိုင်းတွေပါမယ်။ တန်ဖိုးတွက်ချက်တာတွေ မှားယွင်းသွားနိုင်တယ်။ နောက်တစ်ခါ မီးလောင်မှု အကြောင်းရင်း ဖော်ထုတ်တဲ့ အတွက်ကြောင့် အကြီး၊ အသေးပေါ်မှာ ဆုံးဖြတ်သွားမှာဖြစ်တဲ့ အတွက်ကြောင့် ဒါတွေကို မှားယွင်းပြီး ဆုံးဖြတ်တာတွေ မဖြစ်အောင် တစ်ဌာနတည်းက ဆုံးဖြတ်တာမျိုး မဖြစ်အောင် တို့က အဖွဲ့နဲ့ စစ်ဆေးပေးဖို့ တိုင်းအစိုးရကို တင်ပြတယ်။ တိုင်းအစိုးရကလည်း ဒါကို အဖွဲ့ဖွဲ့ပေးမှာပေါ့။ အဖွဲ့ဖွဲ့ပေးပြီးရင် ဒါကို စစ်ဆေးသွားမှာပါ။

မေး – ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မှာ အလိုအလျောက် မီးငြှိမ်းသတ်စနစ်တွေ တပ်ဆင်ထားလား။ တပ်ဆင်ထားရင်တော့ မီးလောင်မှုဖြစ်တဲ့အခါ အလုပ် လုပ်မလုပ် သိချင်ပါတယ်။

ဖြေ – အဲဒါကတော့ အလိုအလျောက် မီးငြှိမ်းသတ်စနစ် ဆိုတာတော့ Sprinkler (အလိုအလျောက် မီးငြှိမ်းသတ်စနစ်) Automatic Sprinkler System ပေါ့။ မီးမျက်နှာကြက်တွေမှာ တပ်ထားတဲ့ မီးလောင်တဲ့ အခါမှာ မီးအပူရတာနဲ့ ကွဲပြီးတော့မှ ရေဖျန်းချမယ်ဆိုတဲ့ စနစ်တွေ။ အဲဒီစနစ်တွေက ဆရာတို့လည်း တွေ့တယ်။ မီးလောင်တဲ့နေရာမှာ အခန်းတွေမှာ တွေ့တယ်။ တချို့ဖန်သီးတွေ ကွဲနေတယ်။ တချို့ ဖန်သီးမကွဲသေးတဲ့ အပိုင်းတွေကိုလည်း တွေ့တယ်။ ဖန်သီးကွဲတယ်ဆိုတဲ့ အပိုင်းမှာ မီးခုနပြောတဲ့ သူရဲ့ Function အတိုင်းပေါ့။ မီးလောင်တဲ့ အတွက်ကြောင့် ကွဲပြီးတော့ ရေဖျန်းချတာလား။ ဒါမှမဟုတ် မီးလောင်တဲ့ဟာမှာ လောင်သွားလို့ ဖန်သီးကွဲသွားတာလား ဆိုတာကတော့ ဒါကတော့ သက်သေတွေ စစ်ဆေးပြီးတော့မှ ပေါ်မှာပေါ့။ ခုနပြောတဲ့ ပိုက်တွေ၊ စနစ်တွေ၊ ပိုက်တွေ ဆွဲထားတာတွေ့တယ်။ တချို့က ရေမထွက်တဲ့ အနေအထားလေးတွေ တွေ့တယ်။ နောက်တစ်ခုက အလမ်း (Alarm System) ကတော့ ဆရာတို့ ရောက်သွားတဲ့ အချိန်မှာ မြည်သံတော့ မကြားရပါဘူး။ တကယ်တော့ Alarm မြည်ရင်တော့ တစ်တိုက်လုံးကြားအောင် အဆောက်အအုံ တစ်ခုတည်း အထဲထဲကလူတွေပါ ကြားတဲ့ အသံမျိုးဖြစ်ရမယ်။ အသံအကျယ်ကြီး ဖြစ်ရမယ်။ အသံကြားရင် လူတွေက သိပြီးတော့မှ ပြေးကြမှာပေါ့။ နောက်တစ်ခုက PA (Public Announce) System လို့ခေါ်တာပေါ့။ ဒီဟာကတော့ ပြည်သူတွေကို အခန်းထဲက အိပ်ပျော်နေတဲ့ လူတွေရှိမယ်။ တခြားအခန်းတွေထဲမှာ ရှိချင်ရှိနေမယ်။ အဲဒီအခန်းတွေထဲမှာ ရှိနေတဲ့သူတွေ အကုန်လုံး ကြားနိုင်မယ့် စနစ်ပေါ့။ ကြေညာပေးရမယ်။ မီးလောင်နေပြီ ဘာလုပ်ပါဆိုပြီး အသိပေးတဲ့စနစ်တွေ အဲဒါတွေ ရှိ မရှိ ဆိုတာကတော့ စစ်ဆေးသွားမှာပါ။

 

October 22, 2017














Copy Protected by Chetan's WP-Copyprotect.