ပြေတီဦးနှင့် တွေ့ဆုံခြင်း

ပြေတီဦးနှင့် တွေ့ဆုံခြင်း
Published 22 October 2017

မြန်မာ့ရုပ်ရှင်လောကရဲ့ ထိပ်တန်းမင်းသားတစ်လက်ဖြစ်သလို ဇနီးဖြစ်သူ အကယ်ဒမီ အိန္ဒြာကျော်ဇင်နဲ့အတူ အောင်မြင်တဲ့ အနုပညာငွေကြယ်ပွင့်တို့ရဲ့ သာယာပျော်ရွှင်ဖွယ် အိမ်ထောင်ရေးနဲ့ မိသားစုကိုလည်း ပိုင်ဆိုင်ထားသူတစ်ဦးက အကယ်ဒမီ ပြေတီဦးပါ။ အကယ်ဒမီ ပြေတီဦးနဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင်တို့က ပြည်သူတွေချစ်တဲ့ အနုပညာရှင်တွေဖြစ်သလို အောင်မြင်တဲ့ အနုပညာရှင်တွေလည်းဖြစ်ပေမယ့် အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ သူတို့နှစ်ဦး တွဲဖက်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားဆိုတာက ပရိသတ်တွေ ကြည့်ရခဲဖြစ်ခဲ့ရပါတယ်။ လက်ရှိမှာ ပရိသတ်တွေ ကြားရေပန်းစားနေတဲ့ ' ရင်ဘတ်ထဲက ဓား ' ဆိုတဲ့ ဇာတ်ကားကို နိုဝင်ဘာ ၂၇ ရက်မှာ ရုံတင်တော့မှာပါ။ အိမ်ထောင်ရေး ဇာတ်ကားတစ်ကားဖြစ်ပြီး ဗီလိန်တစ်ယောက်လိုမျိုး ပါဝင်သရုပ်ဆောင်ထားတဲ့ အကယ်ဒမီ ပြေတီဦးနဲ့တွေ့ဆုံခိုက် 'ရင်ဘတ်ထဲက ဓား' ဇာတ်ကားနဲ့ပတ်သက်တဲ့အကြောင်းအရာအချို့ကို မေးမြန်းဖြစ်ခဲ့ပါတယ် . . .

 

မေး - မကြာခင်ရုံတင်ပြသတော့မယ့် ‘ ရင်ဘတ်ထဲက ဓား’ ဇာတ်ကားကို လက်ခံရိုက်ကူးဖြစ်ခဲ့တဲ့ အကြောင်းလေးကို အရင်သိပါရစေ။

ဖြေ- ဒီဇာတ်လေးကို ခရေဖြူ ထုတ်လုပ်ရေးက လာပြောတဲ့အချိန်မှာတည်းက ဒီဇာတ်ရုပ်ကို သဘောကျပြီး လုပ်ကြည့်ချင်တာကြောင့် လက်ခံရိုက်ကူးဖြစ်ခဲ့တာပါ။ မူရင်းဝတ္ထုဖြစ်တဲ့ ဆရာမ လမင်းမိုမိုရဲ့ ဝတ္ထုကလည်း အရမ်း ကောင်းတယ်လေ။

 

မေး-  ‘ရင်ဘတ်ထဲက ဓား’ ဇာတ်ကားက ကိုယ့်အတွက် အဖြည်မပါတဲ့ ဗီလိန်ဇာတ်ရုပ်မျိုး ဖြစ်နေပေမယ့် လက်ခံရိုက်ကူးဖြစ်ခဲ့တာက မင်းသမီးက ဇနီးဖြစ်သူ အိန္ဒြာကျော်ဇင် ဖြစ်နေခဲ့လို့လား။

ဖြေ - အဲဒီလိုတော့ မဟုတ်ပါဘူး။ ဒီဇာတ်ကို ကျွန်တော်ရိုက်ကူးဖို့ လက်ခံခဲ့တုန်းက မင်းသမီး မရွေးရသေးပါဘူး။ နောက်တော့မှ မင်းသမီးက သူဖြစ်နေခဲ့တာပါ။ ကိုယ့်အနေနဲ့ကလည်း သူနဲ့အိမ်ထောင်ကျပြီးကတည်းက သူက ကလေးရသွားတာနဲ့ဆိုတော့ သူနဲ့ဇာတ်ကားတွေ ကောင်းကောင်း မရိုက်ရသေးဘူး။ ကိုယ်တိုင်ကလည်း သူ့အတွက် ဇာတ်လမ်းကောင်းကောင်းတစ်ခု ရိုက်ပေးချင်တဲ့ စိတ်လည်းရှိတော့ ဒီဇာတ်ကားက အဆင်ပြေသွားတာပါ။

 

မေး- အပြင်မှာ အဆင်ပြေနေတဲ့ ဇနီးမောင်နှံနှစ်ယောက် ရိုက်ကွင်းမှာကျတော့ တစ်ယောက်ကိုတစ်ယောက် မကျေနပ်ချက်တွေ၊ နာကြည်းမှုတွေနဲ့ သရုပ်ဆောင်ရတာဆိုတာတော့ အဲဒီ ဇာတ်ကားရိုက်ကူးတုန်းက ကတောက်ကဆ ဖြစ်ရတာမျိုးရော ရှိခဲ့လား။

ဖြေ- အဲဒီလိုမရှိပါဘူး။ အပြင်မှာ ကျွန်တော် ကိုယ်ပိုင်ဘ၀ ဘယ်လိုပဲဖြစ်ဖြစ် ရိုက်ကွင်းပေါ်ရောက်ပြီး ရိုက်ကြပြီဟေ့ဆိုတာနဲ့ ကျွန်တော်က သီဟနိုင်ပဲ။ သူကလည်း လရိပ်ဝေးပဲ အဲဒီအချိန်တွေမှာ ကျွန်တော်တို့က အနုပညာရှင်တွေပီပီ ကိုယ်လုပ်ရမယ့် ဇာတ်ကောင်စရိုက်တစ်ခု ပီပြင်ဖို့အတွက်ပဲ စိတ်ထည့်ပြီး သေချာကြိုးစားခဲ့ကြတာပါ။ အဲဒီအတွက် ရိုက်ကွင်းပြီးသွားချိန်မှာလည်း အကုန်လုံးက ကိုယ့်အလုပ် ကိုယ်လုပ်ကြတာဖြစ်လို့ ဘာမှပြဿနာ မရှိပါဘူး။ အေးအေးဆေးဆေးပါပဲ။ ကျွန်တော်တို့တွေက ပြဿနာတစ်ခုခု ရှိလာရင် သူ့အမြင်ကို ကိုယ့်အမြင်ကို သေချာပွင့်ပွင့်လင်းလင်း တိုင်ပင်ရှင်းလင်းတယ်။ အဲဒီတော့ ပြဿနာက ဆွေးနွေးတဲ့အဆင့်မှာပဲ ပြီးသွားတယ်။

 

မေး- ဒါဆို ‘ရင်ဘတ်ထဲက ဓား’ ဇာတ်ကားမှာ နှစ်ဦးသား အတူသရုပ်ဆောင်ရတဲ့အတွက် အားသာချက် ဆိုတာမျိုးရော ရှိလား။

ဖြေ- အဲဒါကတော့ရှိပါတယ်။ ကျွန်တော်တို့တွေ ဇာတ်ကားရိုက်ကူးတိုင်းမှာ ကိုယ်တစ်ယောက်တည်း ကောင်းနေရုံနဲ့မရပါဘူး။ ပါဝင်တဲ့ သရုပ်ဆောင်တွေ အကုန်လုံးက အပေးအယူမျှဖို့ ကောင်းဖို့လိုပါတယ်။ အဲဒီအတွက် ကျွန်တော်တို့တွေ ဇာတ်ကားမရိုက်ခင်မှာ တစ်ယောက်နဲ့တစ်ယောက် တိုင်ပင်ညှိနှိုင်းကြ တာလေးတွေလည်း ရှိပါတယ်။ ဒီဇာတ်ကားမှာတော့ ကျွန်တော်တို့လင်မယား နှစ်ယောက်အတွက် ရိုက်ကူးမယ့် ဇာတ်ဝင်ခန်းတိုင်းအတွက် တိုင်ပင်ညှိနှိုင်းမှုမှာ ပိုပြီးအချိန်ရတယ်၊ အဆင်ပြေတယ်။ ရိုက်ကူးတဲ့ အချိန်ကျရင်လည်း ရိုက်ကွင်းပေါ်မှာ ကိုယ့်တာဝန်ကိုယ်ကျေ ကိုယ့်ဇာတ်ကောင်ပီဖို့ ကိုယ့်ဘာသာ ကြိုးစားပေါ့။

 

မေး- ဒီဇာတ်ကားမှာ ကိုယ်ပါဝင်ရတဲ့ သီဟနိုင် ဆိုတဲ့ ဇာတ်ကောင်နဲ့ပတ်သက်ပြီး ပရိသတ် တွေအမြင် တစ်မျိုးဖြစ်မှာကို စိုးရိမ်မိတာရော ရှိလား။

ဖြေ- နည်းနည်းပါးပါးတော့ရှိပါတယ်။ ဒါပေမဲ့ ဇာတ်ကိုကျွန်တော် ရိုက်ကူးဖြစ်တာက အမျိုးသားတွေရဲ့ကိုယ်စား သီဟနိုင်ဆိုတဲ့ ဇာတ်ကောင်ကနေပြီး ပြောပေးနိုင်တဲ့ စကားလုံးတွေရှိနေတာကို သဘောကျတဲ့အတွက်ပါ။ တချို့ ဇာတ်ဝင်ခန်းတွေကိုတော့ ဒါရိုက်တာ ကိုဝိုင်းက တည်းဖြတ်တဲ့အခါ ပါမသွားပါစေနဲ့ ဆုတောင်းရတာတွေလည်း ရှိပါတယ်။ အဲဒီဇာတ်ဝင်ခန်းသာ ပါသွားရင်တော့ ငါတော့ သေပြီဆိုတာမျိုး စိုးရိမ်ခဲ့ရတာလည်း ရှိပါတယ်။

 

မေး- အစ်ကို စိုးရိမ်ခဲ့ရတဲ့ ဇာတ်ဝင်ခန်းက ဘယ်ဇာတ်ဝင်ခန်းဖြစ်မလဲ။ အမျိုးသားတွေ အတွက် ကိုယ်စား ပြောနိုင်ခဲ့တယ်ဆိုတဲ့ ဇာတ်ဝင်ခန်းကရော ဘယ်အခန်း ဖြစ်မလဲ။

ဖြေ- အဲဒါကတော့ ကျွန်တော်ကြိုမပြောချင်ပါဘူး။ ဒီဇာတ်ကားကို လာကြည့်ပြီးတဲ့ ပရိသတ်တွေနဲ့ အမေးအဖြေ သဘောမျိုးလုပ်ဖို့တော့ စဉ်းစားထားတယ်။ ပရိသတ်တွေက အဲဒီဇာတ်ဝင်ခန်းတွေကို ခန့်မှန်းပေးဖို့ အတွက်ပေါ့။ ပရိသတ်တွေဘက်က စိတ်ဝင်စားရင် ကျွန်တော်လုပ်ဖို့ စဉ်းစားထားတယ်။

 

မေး- ဒီဇာတ်ကားနဲ့ပတ်သက်တဲ့ အမှတ်တရတွေရှိရင်လည်း ပြောပြပေးပါဦး။

ဖြေ- သူ့အတွက် ဇာတ်ကားကောင်း တစ်ကားကို ရိုက်ကူးပေးဖြစ်တာ အမှတ်တရတစ်ခုပါ။ တခြားအမှတ်တရတွေလည်း အများကြီးပါပဲ။ နောက်ပြီး ဒီဇာတ်ကားမှာ ကိုယ့်အတွက် ဇာတ်ဝင်ခန်းနည်းပေမယ့် ကျရာဇာတ်ရုပ်ကို အကောင်းဆုံးကြိုးစားပေးခဲ့ကြတဲ့ မကေ (မြတ်ကေသီအောင်)နဲ့ အခြား ပါဝင်ကြသူတွေ အားလုံးကိုလည်း တကယ်ကို ကျေးဇူးတင်ပါတယ်။ နောက်ပြီး ဒီဇာတ်ကားကို ရိုက်နေရင်းနဲ့ အိမ်ထောင်တစ်ခုမှာ နှစ်ဦးနှစ်ဖက်ပေါင်းသင်းကြတဲ့နေရာမှာ သတိထားရ မယ့် ကိစ္စရပ်လေးတွေကို ပိုပြီးတွေ့လာပြီး ကိုယ်တိုင်လည်း သတိထား နေထိုင်ဖြစ်ခဲ့တယ်။

 

မေး- ဒီဇာတ်ကားကိုလာကြည့်မယ့် ပရိသတ်တွေအတွက် ပြောချင်တဲ့စကားရှိရင်။

ဖြေ- ဒီဇာတ်ကားကို အိမ်ထောင်ရှင်တွေမှ မဟုတ်ပါဘူး။ ချစ်သူတွေ သမီး ရည်းစားတွေလည်း လာကြည့်စေချင်ပါတယ်။ နှစ်ဦးနှစ်ဖက် ဆက်ဆံရေးမှာ ဘယ်လိုအချက်တွေကတော့ ရှောင်ရမယ်ဆိုတာမျိုး ပိုပြီး နားလည်လာပါလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီဇာတ်ကားရိုက်ရင်းနဲ့ မေးခွန်းတွေ အဖြေတွေ အတွေးတွေ အများကြီးရှိခဲ့သလိုပဲ ကြည့်ရတဲ့ပရိသတ်တွေအတွက်လည်း အရေးပါတဲ့ လူမှုဆက်ဆံရေး တစ်ခုကို အကောင်းဆုံး ဘယ်လိုတည်ဆောက်နိုင်မလဲဆိုတဲ့ အတွေးတွေ၊ အမေးတွေ၊ အဖြေတွေ အများကြီးရရှိစေမှာပါ။

 

မေး- လက်ရှိ အနုပညာလှုပ်ရှားမှုအနေနဲ့ရော ဘာတွေလုပ်ဖြစ်နေလဲ။

ဖြေ- ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရိုက်ကူးတဲ့ ဇာတ်ကားမှာ ကျော်ကျော်ဗိုလ်၊ ခိုင်သင်းကြည်၊ စမိုင်းလ်တို့နဲ့ အတူ ဇာတ်ကား ရိုက်ကူးနေပါတယ်။

 

 

Most Read

Most Recent