လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆက်အောင်နှင့် တွေ့ဆုံမေးမြန်းခြင်း

လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆက်အောင်နှင့် တွေ့ဆုံမေးမြန်းခြင်း
Published 16 October 2017

တောင်းရမ်းစေခိုင်းခံနေရသူတွေနဲ့ ပတ်သက်လို့ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက မေးခွန်းမေးမြန်းခဲ့ပါတယ်။ ဒီမေးခွန်းကို ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြန်လည်ဖြေကြားရာမှာ ၂၀၁၇ ဇန်နဝါရီ ၁ ရက်ကနေ စက်တင်ဘာ ၅ ရက်အထိ ထိန်းသိမ်းထားသူ ၉၆၄ ဦး ရှိတယ်လို့ ပါရှိပါတယ်။ ဒီလို တောင်းရမ်းစားသောက်သူတွေနဲ့ လမ်းပျော်ကလေး ပပျောက်ရေးစီမံချက်ကို ၁၉၉၅ ခုနစ်လောက်က စတင်ဆောင်ရွက်ခဲ့ပေမယ့် လက်ရှိအချိန်အထိ ပပျောက်သွားခြင်းမရှိတာကို တွေ့ရှိနေရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆက်အောင်နဲ့ တွေ့ဆုံမေးမြန်းခဲ့သမျှထဲက တချို့ကို ကောက်နုတ်ဖော်ပြလိုက်ရပါတယ်။

“လှိုင်သာယာဘက်မှာ မော်တာစက်ငါးလုံး၊ အပ်ချုပ်စက် ၁၀ လုံး ထောင်ထားပေးပြီးတော့ သင်ချင်တဲ့သူလာသင်၊ Street Children အမေ၊ အဖေတွေ လာသင်ပြီးရင် ငွေထောက်ပံ့ပေးမယ်ဆိုပြီး ပြောထားပေမယ့် အခုထိကို မပေါ်လာကြသေးဘူး”

မေး ။ ဆရာတို့ဌာနအနေနဲ့ လမ်းပေါ်က မိဘရှိတဲ့ ကလေးနဲ့မိဘမဲ့ ကလေးတွေကို ဘယ်လိုမျိုးခွဲခြားပြီး စောင့်ရှောက်မှုပေးတယ်ဆိုတာကို သိချင်ပါတယ်။

 

ဖြေ ။ လမ်းပေါ်က ကလေးတွေမှာ တချို့က မိဘရှိတယ်။ မိဘက ပြန်လာခေါ်တဲ့အခါ အထောက်အထားပြည့်စုံရင် ပြန်ပေးလိုက်တယ်။ မိဘမရှိတဲ့ ကလေးဆိုရင် မိဘမဲ့အဖြစ်နဲ့ ကျွန်တော်တို့ဌာနက စောင့်ရှောက်တယ်။  မိဘမဲ့ကျောင်းက သပ်သပ်ရှိတယ်။ ကလေးပြုစုရေး ဌာနကတော့ ၁၀ နှစ်အထိ လက်ခံတယ်။ ၁၀ နှစ်အထက်နဲ့ ၁၈ နှစ် ကြားမှာ မိန်းကလေးနဲ့ ယောကျ်ားလေး သပ်သပ်စီခွဲထားတယ်။ အမှုမရှိတဲ့ ကလေးဆိုရင် သူနေချင်တဲ့ကျောင်းမှာ နေလို့ရအောင် လုပ်ပေးတယ်။ တချို့ ကလေးတွေကျတော့ ကျောင်းမှာမနေချင်ဘူး။ သူ့မိဘ ဆွေမျိုးတွေဆီ ပြန်မယ်ဆိုတဲ့အခါကျတော့ ပြန့်ပို့ပေးတယ်။ အဲဒီလို ပြန်လွှတ်တဲ့အခါမှာ လိုက်စစ်ဆေးတဲ့ သူတစ်ယောက်ကို ကျွန်တော်တို့က လွှတ်လိုက်တယ်။ မိဘတကယ်ရှိသလား။ ဆွေမျိုးတွေက ညာပြောနေသလား။ ဒါမှမဟုတ် ခိုင်းစားဖို့လား။ ဒီလို သေချာမေးမြန်းစုံစမ်းပြီး သေချာမှ ထည့်ပေးလိုက်တယ်။ မိဘတွေအနေနဲ့ ပြန်လာခေါ်တဲ့အခါမှာ ကလေးရဲ့ မိဘမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာပါရမယ်။ သန်းခေါင်စာရင်းပါမယ် မှတ်ပုံတင်ပါရမယ်။ အဲဒီလို အထောက်အထားတွေကို ပြနိုင်မှ ကလေးမိဘ အစစ်အမှန်ဆို ပြန်ပေးလိုက်တယ်။

■မေး ။ ၁၉၉၅ ခုနှစ်ကတည်းက တောင်းရမ်းစားသောက်သူတွေနဲ့ လမ်းပျော်ကလေး ပပျောက်ရေး စီမံချက်ချပြီး ဖမ်းဆီးထိန်းသိမ်းမှုတွေ ပြုလုပ်နေပေမယ့်လည်း ဒီနေ့အချိန်အထိ ပျောက်ကွယ်သွားခြင်း မရှိတဲ့အပေါ်မှာ ဆရာ့အနေနဲ့ ဘာများပြောချင်ပါသလဲ။

■ဖြေ ။ တချို့ ကလေးတွေက အလွယ်သိပ်လိုက်တာ။ လမ်းပေါ်မှာနေပြီး ဖုန်းခိုးလိုက်ရင် တစ်သောင်းရမယ်။ မုန့်တွေ လျှောက်စားမယ်။ အဲဒါကို သူတို့က ပျော်နေတာတွေ ရှိတယ်။ ကိုယ့်ရှေ့ရေးကို မတွေးဘူးပေါ့နော်။ သူတို့ ဘဝရှေ့ရေးကကြာရင် သူတောင်းစားဖြစ်မယ်။ ကြာရင် လူဆိုးလူမိုက်ဖြစ်လာမယ်ဆိုပြီး ကျွန်တော်တို့က အမျိုးမျိုး နားချပေမယ့် တချို့ကလေးက မရဘူး။ အဲဒါ သူ့တို့ရဲ့ လူနေမှုအ ကျင့်စရိုက်နဲ့ သူတို့ရဲ့ မိဘတွေအပေါ်မှာ မူတည်တယ်။ တချို့ မိဘတွေက ပြန်ခေါ်သွားပြီးတော့ ကျောင်းလည်း မထားဘဲနဲ့ ပြန်တောင်းစားခိုင်းတာတွေ ရှိတယ်။ အဓိက အကြောင်းရင်းကတော့ ဆင်းရဲမွဲတေမှုပဲ။ နိုင်ငံတော်ကတော့ အကုန်လုံးကို ထိန်းသိမ်းစောင့်ရှောက်နိုင်တာ မရှိဘူး။ တချို့မိဘတွေက သားသမီးတွေကို တောင်းရမ်းခိုင်းပြီး ဝေစုခွဲယူတာတွေလည်း ရှိတယ်။ ဒါတွေက မိဘအရင်းတွေနော်။ ကျွန်တော်တို့နဲ့ တွေ့ရင်တော့ ကျွန်မတို့ မတောင်းစားခိုင်းတော့ပါဘူးဆိုပြီး ပြောပေမယ့် ကျွန်တော်တို့ ပြန်စုံစမ်းကြည့်တဲ့အခါမှာ ကလေးက ဒီအလုပ်ကို လုပ်နေတာတွေ တွေ့ရတယ်။ ဒီလိုသူတို့ရဲ့ အကျင့်စရိုက်တွေကို မဖျောက်လို့ရှိရင် ကျွန်တော်တို့က ဘာမှ လုပ်ပေးလို့ မရဘူး။ သူတို့ မိဘတွေအပေါ်မှာ မူတည်သလို ဘယ်လောက်ပဲ သွန်သင်ဆုံးမပြော ဆိုနေပေမယ့် သူတို့အပေါ်မှာပဲ မူတည်တယ်။ တချို့ဆို မနေဘူး။ ဒီအဆောင်မှာ မနေဘူး။ ကျွန်တော်တို့ ပြန်မယ်။ ဘာဖြစ်ဖြစ် ပြန်မယ်ဆိုပြီး နောက်တော့ ဖုန်းပြန်ခိုးတဲ့ ဘဝကို ရောက်သွားရော။ ကိုယ်ကျင့်တရားကို ကောင်းအောင် ပြုပြင်ပေးတာတွေတော့ ရှိတာပေါ့။ ကလေး ၁၀၀ မှာ လေး၊ ငါး၊ ခြောက်ယောက်ပဲ လမ်းကြောင်းတည့်တည့်ကို ရောက်သွားတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ အကျင့်စရိုက်ကို ပြောင်းပေးပြုပြင်ပေးပေမယ့် သူတို့မိဘတွေ ကိုယ်တိုင်က အဲဒီစိတ် ဓာတ်မရှိဘူး။ အဲဒီလို မိဘတွေကို အသိပညာပေး ခေါ်ပြောပေမယ့် ရလားဆိုတော့ မရဘူး။ ခွေးမြီး ကောက်ခြေထောက်စွပ်ပဲ။ ကျွန်တော်တို့ဆီမှာ INGO  ရှစ်ဖွဲ့ရှိတယ်။ အဲဒီအဖွဲ့တွေနဲ့ ကျွန်တော်တို့ ပူးပေါင်းပြီး လုပ်တာပဲ။ အဲဒီလို လုပ်တဲ့အခါမှာ ဘာဖြစ်လာလဲဆိုတော့ ကျွန်တော်တို့နိုင်ငံမှာ ကလေးတွေရဲ့ စိတ်ဓာတ်ကို ဆင်းရဲလို့ဆိုတဲ့ အကြောင်းတစ်ခုနဲ့ မဟုတ်ဘဲ တချို့ယောကျ်ားတွေက မိန်းမတွေ ထပ်ယူ၊ တစ်ချို့ မိန်းမတွေက ယောကျ်ားတွေ ထပ်ယူပြီး ကလေးတွေရဲ့ ဘဝကို မပြုစုဘဲနဲ့ လုပ်နေတဲ့အတွက် ကလေးတွေ ဘဝပျက်စီးသွားတာတွေ အများကြီးရှိတယ်။ ကျွန်တော်တို့ကျောင်းမှာ ထားတယ်ဆိုတာကမတူဘူး။ တကယ်တမ်းကျ လုံခြုံတယ်။ သူ့ဘဝတိုး တက်ဖို့က မိဘမေတ္တာက ပိုအရေးကြီးတယ်။ သူက မိဘမေတ္တာကို မရတဲ့အခါမှာ ကျောင်းမှာ မထားချင်ပေမယ့်လည်း သင်တန်းကျောင်းကို ပို့ရတာရှိတယ်။

 

■မေး ။ တချို့ မိဘရှိတဲ့ ကလေးတွေကို မိဘတွေက ဆရာ့တို့ဆီကနေ ပြန်ခေါ်သွားပြီး ပြန်တောင်းစား ခိုင်းနေတာတွေ ရှိတယ်လို့လည်း သိရပါတယ်။ ဒီအပေါ်မှာ ဆရာ့အနေနဲ့ ကလေးမိဘတွေကို ဘာများပြောချင်ပါသလဲ။

■ဖြေ ။ နာနတ်တောစခန်းမှာ မိဘတွေက ကလေးတွေကို ပြန်လာခေါ်တယ်။ လာခေါ်ရင် ကျွန်တော်တို့က မေးရတယ်။ ခင်ဗျားကလေးကို ပြန်ခေါ်ပြီးသွားရင် ပြန်မတောင်းစားခိုင်းနဲ့ ကလေးဘဝအတွက် ဘာမှ မတိုးတက်ဘူး။ အဲဒီလိုပြောရင် ကျွန်တော်တို့ ရှေ့မှာတော့ မတောင်းစားခိုင်းတော့ပါဘူး ဆိုပေမယ့်လို့ ပြန်တောင်းစားခိုင်းတာပါပဲ။ ငွေရလိုမှုကို ဦးတည်တာပါပဲ။ အဲဒီလို ကျွန်တော်တို့က ဘယ်လောက်ပြောပြော ကျွန်တော်တို့ မျက်စိအောက်က ပျောက်သွားတာနဲ့ အရင်အတိုင်း ပြန်လုပ်ခိုင်းတာပဲ။ သူတို့ကို စက်ချုပ်သင်မလား။ လာခဲ့ကျွန်တော်တို့ သင်ပေးမယ်။ တတ်ပြီဆိုရင် စက်ခေါင်းတစ်လုံးပါ အလကားပေးလိုက်မယ်။ သင်တန်းလာတက်လို့တတ်ပြီဆို သူတို့နေတဲ့နေရာမှာ ကျွန်တော်တို့ကှု NGO တွေနဲ့ ပေါင်းပြီးဆိုင်တည်ပေးတာပေါ့။ ဒါပေမဲ့ သူတို့က တစ်လလောက် လုပ်ပြီးလို့ရှိရင် သွားကြည့်တဲ့အခါ မရှိတော့ဘူး။ အဲဒီတော့ စက်ရှိနေရင် သားသမီးတွေအတွက် ကောင်းအောင်လုပ်ကျွေးမယ်ဆိုတဲ့ စိတ်ဓာတ်နည်းသွားတယ်။ အခုဆိုရင် လှိုင်သာယာဘက်မှာ မော်တာစက်ငါးလုံး၊ အပ်ချုပ်စက် ၁၀ လုံး ထောင်ထားပေးပြီးတော့ သင်ချင်တဲ့သူလာသင်၊ Street Children အမေ၊ အဖေတွေ လာသင်ပြီးရင် ငွေထောက်ပံ့ ပေးမယ်ဆိုပြီး ပြောထားပေမယ့် အခုထိကို မပေါ်လာကြသေးဘူး။ အဓိကကတော့ ငွေကို အလွယ်လို ချင်ကြတာပေါ့။ နာနတ်တောကို သုံးလေးကြိမ် ပြန်ရောက်ဖူးတဲ့ ကလေးရှိတယ်။ သူတို့ကို မေးကြည့်တော့ ဖုန်းခိုးရတာ လွယ်တယ်တဲ့။ ပြန်ရောင်းရင် တစ်သောင်းရတော့ သူတို့အတွက် တစ်နေ့စရိတ်က အေးဆေးပေါ့။ အဲဒီလိုစိတ်ဓာတ်တွေ ပြင်အောင်လို့ ကျွန်တော်တို့က သူတို့ရှိတဲ့နေရာတွေ သွားပြီး စာသင်ပေးတာတွေ မုန့်ကျွေးတာတွေ လုပ်ပေမယ့် သူတို့ရဲ့ ပင်ကိုစိတ်က မပြောင်းဘူး။

 

■မေး ။ ကလေးသူငယ် ဥပဒေပုဒ်မ ၆၅ နဲ့ ၆၆ မှာ ကလေးသူငယ်တွေကို တောင်းရမ်းစားသောက်ဖို့ ခိုင်းစေရင် ထောင်ဒဏ်နှစ်နှစ်၊ ငွေဒဏ်ကျပ်တစ်သောင်းနဲ့ ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားတာရှိပါတယ်။ ဒါကြောင့် ကလေးသူငယ် တောင်းရမ်းခိုင်းနေတဲ့ သူတွေကို ဆရာတို့အနေနဲ့ အမှုဖွင့်တာတို့ အရေးယူဆောင်ရွက်ထားတာတို့များ ရှိသလား ဆိုတာကို သိချင်ပါတယ်။

■ဖြေ ။  ခိုင်မာအောင် အမှုတည်ဆောက်မယ်ဆိုလို့ရှိရင် ကလေးကလည်း ကျွန်တော့်ကို ခိုင်းစားနေပါတယ်လို့ ထွက်ဆိုပေးရင် အမှုက ခိုင်မာတာပေါ့။ အဲဒီလိုတွေ မပြောတဲ့အတွက်လည်း အမှုက မခိုင်မာဘူး။ သူ့အမေအဖေကို ထောင်ချလိုက်ပြီဆိုရင် ကလေးကို ဘယ်သူထိန်းမလဲ။ ပိုဆိုးသွားမှာလည်း ကျွန်တော်တို့က စိုးရိမ်တယ်။ ကလေးရဲ့ အကောင်းဆုံး အကျိုးစီးပွားကို ဆောင်ရွက်နိုင်တာ သူ့အဖေနဲ့ အမေပဲ။ တစ်ခါတလေကျရင် တအားစဉ်းစားရတယ်။ ကလေးရဲ့အဖေနဲ့ အမေကို ဖမ်းလိုက်လို့ရှိရင် ထောင်နှစ်နှစ်ကျသွားမယ်။ အဲဒီနှစ်နှစ် အတွင်းမှာ ကလေးကိုဘယ်လို လုပ်မလဲ။ အဖေနဲ့ အမေက ပြန်ထွက်လာလို့ ပြုပြင်ရင် ကောင်းတယ်။ မပြုပြင်ဘူးဆို အရင်အတိုင်းပဲ။ အဲဒီတော့ နည်းလမ်းက ရှာလေခက်လေ။ ဘယ်လို ဖြေရှင်းရမလဲဆိုပြီး အသိပညာပေးတာတွေ လုပ်တာပဲ။ ပြောတုန်းခဏပဲ။ နောက်တော့ ဘာမှမထူးဘူး။ ရန်ကုန်တိုင်းမှာ ကလေးငယ်တွေကို တောင်းရမ်းခိုင်းစေတာတွေနဲ့ ပတ်သက်လို့ ပြောဆိုဆုံးမတာတော့ ရှိတယ်။ အမှုဖွင့် အရေးယူတဲ့အထိတော့ မရှိသေးဘူး။

 

■မေး ။ ဒီလို ကလေးသူငယ်တွေကို တောင်းရမ်းခိုင်းစေတာတွေ ပပျောက်ဖို့ဆိုရင် အဓိက ထိထိရောက်ရောက် လုပ်ဆောင်ရမယ့် အချက်တွေက ဘာတွေဖြစ်မယ်လို့ ဆရာ့အနေနဲ့ ပြောချင်ပါသလဲ။

■ဖြေ ။ အတွေးအခေါ်တွေကို ပြောင်းလဲပစ်ရမယ်။ ကလေးတွေရဲ့ မိဘတွေကို အလုပ်အကိုင်ရှာဖွေ ပေးပြီးတော့ မိဘတွေရဲ့ အတွေးအခေါ်ကိုလည်း ပြောင်းလဲပစ်ရမယ်။ ပတ်ဝန်းကျင်ရဲ့ အတွေးအခေါ်ကိုလည်း ချိန်းရမယ်။ ညီအစ်ကို မောင်နှမတွေရဲ့ အတွေးအခေါ်တွေကိုလည်း ချိန်းရမယ်။ အတွေးအခေါ် ပြောင်းလဲပစ်ရမယ့်အပြင်ကို အမြဲတမ်း စစ်ဆေးတာတွေလည်း လုပ်ရမယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ အင်အားမရှိဘူး။

 

■မေး ။  ဒီလို တောင်းရမ်းနေတဲ့ လမ်းပျော် ကလေးတွေရဲ့ ဘဝတွေကို ပပျောက်အောင် မလုပ်နိုင်ဘူးဆိုရင် နောင်ဖြစ်လာမယ့် ဆိုးကျိုးတွေက ဘာတွေဖြစ်လိမ့်မယ်လို့ ဆရာ့အနေနဲ့ ယူဆပါသလဲ။

■ဖြေ ။ အဲဒါကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း ပြောဖူးတယ်။ တစ်ချိန်ကျရင် ဒီကလေးတွေကို ငယ်ငယ်ကတည်းက မပြုပြင်ဘူးဆိုရင် ကြီးလာတဲ့အခါမှာ သူတောင်းစား ဟုတ်ရင်ဟုတ်၊ ဒါမှမဟုတ် ခိုးဆိုးမိုက်ရိုင်းတဲ့ လူမိုက်တွေ ဖြစ်သွားနိုင်တယ်။ အဲဒီတော့ Street Children  စီမံကိန်းကို လုပ်မယ်ဆိုပြီးတော့ စီစဉ်ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အသေးစား သုတေသနလုပ်တဲ့အခါမှာ အတော်လုပ်ယူရတယ်။ တိုင်းတစ်တိုင်းလုံးအနေနဲ့တော့ မဖြစ်နိုင်သေးဘူး။ ဝန်ကြီးချုပ်ကလည်း ခဏဆိုင်းငံ့ပြီး ကြည့်နေတာ။ အသေးလေးကိုတောင် လုပ်လို့ မနိုင်ဘူး။ NGO တွေနဲ့ ပေါင်းပြီးတော့ ဒီကလေးတွေကို မှတ်တမ်းယူ၊ သုတေသနလုပ်ပြီး အမျိုးအစားတွေခွဲခြား အဲဒါတွေကို လုပ်ပြီးပြီ။ ဒါပေမဲ့ ငွေအင်အား၊ လူအင်အား၊ တတ်ကျွမ်းနားလည်တဲ့ ဝန်ထမ်းအင်အားရှိမှ အသေးလေးကနေ အကြီးကြီးကို ကူးနိုင်မှာ။ ဒါပေမဲ့ ကြိုးစားပြီးတော့ လုပ်ရမှာပဲ။

 

■မေး ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လမ်းပေါ်ကလေး စုစုပေါင်း ဘယ်လောက်ရှိပြီး ဘယ်မြို့နယ်တွေက အများဆုံးဖြစ်မလဲ ဆရာ။

■ဖြေ ။ ရန်ကုန်တိုင်းဒေသကြီးမှာ လမ်းပျော်ကလေး အရေအတွက်က အကြမ်းဖျင်း ၁၅၀၀ လောက်ရှိတယ်။ မြို့နယ် ၄၅ မြို့နယ်မှာ တခြားဒေသကနေ ပြောင်းလာတာတွေလည်း ရှိတယ်။ အဲဒီလူတွေပါ ရောထွေးနေတာ။ ရန်ကုန်တိုင်းကချည်းပဲ မဟုတ်ဘူး။ အဲဒီ ၄၅ မြို့ နယ်ထဲမှာ လမ်းပျော်ကလေး အများဆုံးရှိတဲ့နေရာတွေက လှိုင်သာယာ၊ ဒလ၊ ရွှေပြည်သာ အဲဒီ သုံးမြို့ နယ်မှာတော့ အများဆုံးပဲ။ လမ်းပျော်ကလေး အရေအတွက်မှာ ယောကျ်ားလေးများတယ်။ ဒီစာရင်းက ကျွန်တော်တို့ သုတေသနလုပ်ပြီး ရတဲ့စာရင်းပါ။

 

■မေး  ။  အခုလို မေးမြန်းခဲ့တဲ့အပေါ်မှာ ဆရာ့အနေနဲ့ ဘာများဖြည့်စွက် ပြောချင်တာ ရှိပါသလဲ။

■ဖြေ ။ အကုန်လုံးပပျောက်ဖို့ဆိုတာ ကျွန်တော်တို့ လူမှုဝန်ထမ်းဦးစီးဌာနတစ်ခုတည်းက လုပ်လို့မရဘူး။ အကုန်ဝိုင်းလုပ်မှရမှာ။ အဲဒါကြောင့်မို့လို့ အကုန်လုံးက ကလေးတွေ ကောင်းစားဖို့အတွက် ဝိုင်းလုပ်ပေးကြပါလို့ ပြောချင်ပါတယ်။

Most Read

Most Recent