သစ်မင်းပရဟိတဆေးကုသရေးအဖွဲ့မှ ဒေါက်တာအောင်သူရနှင့် တွေ့ဆုံခြင်း

သစ်မင်းပရဟိတဆေးကုသရေးအဖွဲ့မှ ဒေါက်တာအောင်သူရနှင့် တွေ့ဆုံခြင်း
Published 12 October 2017

‘တချို့ရွာတွေမှာဆိုရင် ဆရာဝန်တွေကို မမြင်ဖူးတဲ့ ရွာတွေတောင် တွေ့ရတယ်’

မြန်မာနိုင်ငံအနှံ့ လှည့်ပတ်ကာ ဆေးကုပေးနေသည့် ရန်ကုန်အခြေစိုက် ပရဟိတအဖွဲ့တစ်ဖွဲ့ဖြစ်သော သစ်မင်းပရဟိတဆေးကုသရေးအဖွဲ့သည် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့သို့ ရောက်ရှိနေပြီး တစ်လကျော်ကြာ ဆေးကုပေးလျက်ရှိသည်။ ကျေးရွာများသို့လည်း ကွင်းဆင်းကာ ဒေသခံလူနာများအား ဆေးကုသပေးလျက်ရှိသည်။ အဆိုပါ ပရဟိတအဖွဲ့မှ ဒေါက်တာအောင်သူရနှင့်တွေ့ဆုံပြီး ဆေးကုသမှုပေးနေသည့် အခြေအနေများ၊ ကြုံတွေ့ရသည့် အခက်အခဲများနှင့် ဒေသခံများ၏ ကျန်းမာရေးအသိပညာ အခြေအနေများစသည်ဖြင့် မေးမြန်းဖြစ်ခဲ့သည်များကို ဖော်ပြအပ်ပါသည်။

■ မေး - ဆရာတို့ရဲ့ အဖွဲ့နာမည်နဲ့ ဘယ်လောက်ကြာပြီလဲဆိုတာ သိပါရစေ။

ဖြေ - သစ်မင်းပရဟိတ ဆေးကုသရေးအဖွဲ့၊ ရန်ကုန်ဖြစ်ပါတယ်။ ဒီကိုရောက်တာတစ်လကျော်ပြီ။ ဒီမှာဖြစ်ပြီးပြီးချင်းဆိုပါတော့။ ဒါပေမဲ့ သစ်မင်းအဖွဲ့မှာ ကျွန်တော်ဝင်ပြီးဆေးကုသပေးတာက သိပ်မကြာသေးဘူး။

■ မေး - အခုလို ဆေးကုသပေးဖို့ ရခိုင်ပြည်နယ်ကို ရောက်လာရတဲ့ အကြောင်းရင်းလေး သိပါရစေ။

ဖြေ - အဓိက,ကတော့ စိတ်ဓာတ်ပေါ့။ စေတနာနဲ့ လာရောက်ကုသပေးတာ ဖြစ်ပါတယ်။ ကျွန်တော်တို့အဖွဲ့အနေနဲ့ကလည်း ဒီလိုပဲ မြန်မာနိုင်ငံအနှံ့မှာ လိုအပ်တဲ့နေရာတွေကိုလိုက်ပြီး အခမဲ့ဆေးကုသပေးနေတာ ဖြစ်ပါတယ်။ စစ်ပွဲတွေဖြစ်တဲ့နေရာတွေ၊ ရေးဘေးဒုက္ခရောက်တဲ့ နေရာတွေကိုလည်းသွားပြီး ကုသပေးလေ့ ရှိပါတယ်။ ပညာရေးပိုင်းမှာလည်း ကူညီဆောင်ရွက်ပေးတာ ရှိပါတယ်။

■ မေး - ဘူးသီးတောင်မှာ ဆေးလာကုတဲ့အခါ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ဒေသခံတွေက ကူညီပံ့ပိုးမှုတွေ ရှိပါသလား။

ဖြေ - ဒေသခံလူမှုအဖွဲ့အစည်းတွေကတော့ ကူညီပေးတာ ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွေက ကူညီပေးကြပါတယ်။ သူတို့က အစစအရာရာ ကူညီပေးကြတယ်။ တခြားသူတွေတော့ ကူညီပေးတာမရှိပါဘူး။

■ မေး - ကျေးရွာတွေကိုလည်း ကွင်းဆင်းပြီးဆေးကုသပေးတယ်။ ကယ်ဆယ်ရေးစခန်းတွေမှာလည်း ဆေးကုသပေးတယ်ဆိုတော့ အဓိကကြုံတွေ့ရတဲ့ အခက်အခဲက ဘာတွေရှိပါသလဲ။

ဖြေ - အဓိက,ကတော့ ဘာသာစကားပေါ့။ ဘာသာစကား အခက်အခဲရှိတယ်။ ကျေးရွာတွေကို ဆင်းတဲ့အချိန်မှာ သူတို့ပြောတာတွေ ကျွန်တော်က နားမလည်တော့ ဘာသာပြန်ပေးတဲ့လူတစ်ဦး ထားပေးရတယ်။ နောက်ပြီး လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့အတွက် သွားလာရေးခက်ခဲတယ်။ အဲဒါတွေပါပဲ။ ဒီအခက်အခဲတွေကို လူတိုင်းကြုံရမယ် ထင်ပါတယ်။ ကျန်တဲ့ကြီးမားတဲ့ အခက်အခဲတော့ မရှိပါဘူး။

■ မေး - ဆရာတို့အနေနဲ့ လူနာဘယ်လောက်ကို ဆေးကုသပေးနိုင်ခဲ့ပါလဲ။

ဖြေ - ကျွန်တော်ကတော့ နောက်တစ်ဖြတ်မှရောက်တာ။ ပထမအဖြတ်မှာ ဒေါက်တာ သန့်မင်းနဲ့ ဒေါက်တာသစ်လွင်တို့ လာသွားတယ်။ သူတို့ကလည်း ဆေးကုသပေးခဲ့တယ်။ သူတို့ ဘယ်နှယောက် ကုသပေးခဲ့လဲဆိုတာတော့ အသေးစိတ်မသိဘူး။ ကျွန်တော့်အနေနဲ့ ကုပေးတာရော အရင်ဆရာဝန်နှစ်ယောက် ကုပေးတာရောဆိုရင်တော့ လူနာနှစ်ထောင်ကျော်လောက်တော့ ရှိမယ်လို့ ခန့်မှန်းမိပါတယ်။

■ မေး - အဲဒီဒေသမှာ အဖြစ်များတဲ့ရောဂါက ဘာရောဂါဖြစ်တယ်လို့ တွေ့ရှိရပါသလဲ။ ဘာကြောင့်ဖြစ်တယ်လို့ တွေ့ရှိရပါသလဲ။

ဖြေ - အများဆုံးကတော့ အစာအိမ်နဲ့ အူလမ်းကြောင်းမှာဖြစ်တဲ့ ရောဂါကများတာ တွေ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့နေထိုင်မှု၊ အစားအသောက်တွေကြောင့်လည်း ဖြစ်မယ်ထင်တယ်။ အပူအစပ်တွေကို စားတဲ့အတွက် အဲဒီလို ဖြစ်တာလို့ထင်တယ်။ သက်ကြီးပိုင်းမှာကျတော့ သွေးတိုးတွေဖြစ်တာများတယ်။ နှလုံးရောဂါလည်း အနည်းငယ် တွေ့ရတယ်။

■ မေး - ကျေးလက်ဒေသခံတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအသိပညာ၊ တစ်ကိုယ်ရေသန့်ရှင်းမှု အသိပညာတွေ ဘယ်လောက်ရှိတယ်လို့ တွေ့ရပါသလဲ။

ဖြေ - ကျန်းမာရေး အသိပညာပိုင်းမှာတော့ အရမ်းအားနည်းတယ်။ သူတို့မသိကြဘူးပေါ့နော်။ အိမ်သာတက်တာကအစ သန့်ရှင်းအောင် ဘယ်လိုနေထိုင်ရမလဲဆိုတဲ့ အသိပညာ အားနည်းပါတယ်။ ဒါကြောင့် ကျန်းမာရေးပညာပေးလုပ်ငန်းတွေ တိုးမြှင့်လုပ်ဆောင်ပေးဖို့ လိုအပ်တယ်။ အဲဒီမှာကူးစက်ရောဂါနဲ့ မကူးစက်တဲ့ ရောဂါအကြောင်းတွေကို ရှင်းလင်းပြောကြားပေးဖို့ လိုတယ်။ ပြောရရင်တော့ အများကြီးပေါ့။ အခြေခံကအစ သင်ပြပေးဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ သိထားတဲ့အချက်တွေက အတော်နည်းတယ်။

■ မေး - ဆရာတို့အဖွဲ့ရောက်သွားတော့ ပြည်သူတွေ ဘယ်လိုသဘောထားရှိတာ တွေ့ရပါလဲ။

ဖြေ - ဝမ်းသာအားရကြိုဆိုကြတာကို ခံရပါတယ်။ သူတို့ကလည်း အားကိုးတကြီးရှိလှတယ်။ ပျော်ကြတယ်။ အဲဒီပျော်ရွှင်မှုတွေကိုမြင်ရတော့ ကျွန်တော်တို့ပိုပြီးဝမ်းသာမိတယ်။ သူတို့လည်း အားရှိကြတယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ တချို့ရွာတွေမှာဆိုရင် ဆရာဝန်တွေကို မမြင်ဖူးတဲ့ရွာတွေတောင် တွေ့ရတယ်။ တစ်နေကုန် ထိုင်စောင့်နေကြသူတွေရှိသလို နှစ်ရက်လောက်ကြိုပြီး စောင့်နေကြသူတွေကိုလည်း တွေ့ရတယ်။ ကျွန်တော်တို့ ကုသပေးရကျိုးနပ်တာပေါ့။ ဆရာဝန်နဲ့ပြဖို့ မြို့ပေါ်ကိုတက်ပြီး ကုသမှုခံယူဖို့ဆိုတာကလည်း သူတို့အတွက် ဝန်ထုပ်ဝန်ပိုးလို ဖြစ်နေတယ်။ အဓိကတော့ ငွေကြေးချို့တဲ့သူတွေလည်းရှိနေတော့ ဆေးကုသမှု ခံယူဖို့ ခက်တာပေါ့။ အဲဒီမှာတချို့လူနာတွေကို ဆေးကုသမှုခံယူဖို့ ဆေးရုံကိုတင်ပို့ပေးရတာလည်း ရှိတယ်။ လိုအပ်တဲ့ ကုန်ကျစရိတ်ကို အလှူရှင်တွေက ကျခံပေးကြတာလည်း ရှိခဲ့တယ်။ ပြည်သူ့အိုးဝေဖောင်ဒေးရှင်းတို့၊ ဧရာဝတီဖောင်ဒေရှင်းတို့၊ စစ်တွေက ရခိုင်လူငယ်အဖွဲ့အစည်းတို့က ကူညီပေးကြတယ်။

■ မေး - ရခိုင်ပြည်နယ်အတွင်းမှာ အခုလိုမျိုးထွက်ပြေး တိမ်းရှောင်နေရတဲ့ တိုင်းရင်းသားတွေနဲ့ တွေ့ထိဆေးကုသပေးတဲ့အချိန်မှာ သူတို့ရဲ့စိတ်သဘောထားကို ဘယ်လိုတွေ့ရပါလဲ။

ဖြေ - သူတို့ရင်ထဲမှာရှိနေတာက ကြောက်စိတ်ဗျ။ သူတို့အနေနဲ့ ကြောက်စိတ်တွေဖြစ်သွားတယ်။ နောက်လည်း ဒါမျိုးဖြစ်မလား၊ ဒါမျိုးအကြမ်းဖက်တိုက်ခိုက်ခံရမှုတွေ ဖြစ်မလားဆိုတဲ့ ကြောက်စိတ်က ရှိနေသေးတယ်။ အခုဆို ပြန်တော့ပြန်သွားကြသူတွေ ရှိပေမယ့် တကယ်တော့မပြန်ရဲဘူး။ ကျွဲနွားတွေ၊ အိမ်တွေ၊ ပစ္စည်းတွေကျန်ခဲ့လို့သာ ပြန်ရတာဖြစ်တယ်လို့မြင်တယ်။ မပြန်ရဲလို့မပြန်ကြတဲ့ လူတွေလည်းရှိနေသေးတယ်။ အဓိက,ကတော့ သူတို့ကိုယ်သူတို့ လုံခြုံမှုရှိတယ်လို့ မခံစားရဘူး။

■ မေး - အခုလို ဆေးကုသပေးနေတဲ့အချိန်မျိုးမှာ ဖြစ်ပေါ်ခဲ့တဲ့ ဆရာရဲ့ခံစားချက်တွေကို ပြောပြပေးပါလား။

ဖြေ - ဆရာဝန်တစ်ယောက်ရဲ့ ခံစားချက်ဆိုရင်တော့ ဖြစ်နိုင်ရင်ဒီဒေသမှာ ခုတင် ၅၀၀ ဆံ့ဆေးရုံကြီးတွေ ဆောက်ပေးချင်တယ်။ ဖြစ်စေချင်တဲ့ဆန္ဒပေါ့။ ဒါပေမဲ့ ကျန်းမာရေး စောင့်ရှောက်မှုအပိုင်းမှာ အတော်လေး အားနည်းသေးတာကို တွေ့ရတဲ့အတွက် စိတ်ထဲတစ်မျိုးကြီး ခံစားရတယ်။ ပြည်သူတွေအတွက် ကျန်းမာရေးနဲ့ပတ်သက်ရင် အားမရဘူးဖြစ်ခဲ့ရတယ်။ ဒါကြောင့် ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းကို ဒီထက်ပိုပြီး လုပ်ပေးစေချင်တယ်လို့ အားလုံးကို အသိပေးချင်ပါတယ်။

Most Read

Most Recent