ဒါရိုက်တာ ပြည်ဟိန်းသီဟနှင့် တွေ့ဆုံခြင်း

အနုပညာနယ်ပယ်မှာ မျိုးရိုးရှိပေမယ့် သူ့ရဲ့အနုပညာခရီးအစကို ကိုယ်စွမ်းကိုယ်စနဲ့ စတင်ဖြတ်သန်း လျှောက်လှမ်းခဲ့ပြီး ပရိသတ်ကြိုက်နှစ်သက်တဲ့ ဇာတ်ကားတွေ အများအပြားကို ရိုက်ကူးခဲ့သူ ဒါရိုက်တာတစ်ဦးကတော့ ဘိတ်ကလာတဲ့ ငံပြာရည်ရဲ့မြေး၊ ဒါရိုက်တာ သီဟကျော်စိုးရဲ့တူဖြစ်တဲ့ ဒါရိုက်တာပြည်ဟိန်းသီဟ။ ၂၀၁၆ ခုနှစ်အတွင်းမှာ ရုံတင်ပြသခဲ့တဲ့ ဇာတ်ကားတွေအနက်က ၀င်ငွေအများဆုံး ပြန်လည်ရရှိခဲ့တဲ့ဇာတ်ကားတွေကို ရိုက်ကူးခဲ့သူ ပြည်ဟိန်းသီဟက ၂၀၁၇ ခုနှစ်အတွင်းမှာလည်း ရုပ်ရှင်ဇာတ်ကားတွေအများကြီးကို ဆက်တိုက်ရိုက်ကူးခဲ့သူဖြစ်သလို သူရိုက်ကူးထားတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့အတူ အောက်တိုဘာလထဲမှာ ရုံတင်ပြသမယ့် ‘ပရိုဂျူဆာ မကြီးစိုး’ ရုပ်ရှင်ဇာတ်ကားကိုလည်း ပရိသတ်တွေကြည့်ရှုရတော့မှာဖြစ်တာကြောင့် ဒါရိုက်တာပြည်ဟိန်းသီဟနဲ့တွေ့ဆုံခိုက် သူ့ရဲ့အနုပညာ လှုပ်ရှားမှုတွေအကြောင်း မေးမြန်း ဖြစ်ခဲ့ပါတယ် . . . . . . .

 

မေး-မကြာခင်ရုံတင်ပြသတော့မယ့် ‘ပရိုဂျူဆာ မကြီးစိုး’ ရုပ်ရှင်ဇာတ်ကားက လက်ရှိ ရုပ်ရှင်လောကမှာ ဖြစ်နေတာလေးတွေကို ရိုက်ကူးထားတာဆိုတော့ အဲဒီဇာတ်မျိုး ရွေးချယ်ရိုက်ကူး ဖြစ်ခဲ့တာလေးကို သိပါရစေ။

ဖြေ-ဒီလိုဇာတ်လမ်းမျိုးက အရင်က ဦးကျော်ဟိန်း ရိုက်ခဲ့ဖူးတယ်။ အဲဒါကို မကြီးစိုးက ပြန်ရိုက်ချင်တယ်လို့ပြောတဲ့အခါ ကျွန်တော့်ဘက်က သူလုပ်ချင်တဲ့ ဇာတ်ကောင်စရိုက်လေးကိုမေးပြီး ဇာတ်လမ်းပြန်တည်ဆောက်ခဲ့တာပါ။ ကျွန်တော်ဒီဇာတ်ကားကို ရိုက်တဲ့အဓိကရည်ရွယ်ချက်က အောင်မြင်မှုတွေ၊ ငွေကြေးအမြတ်အစွန်းတွေထက်  ဒီနေ့ မြန်မာ့ရုပ်ရှင်တစ်ခေတ်ပြောင်းလာပြီလို့ပြောရမယ့် အချိန်ဖြစ်တယ်၊ ပရိသတ်တွေဘက်ကလည်း ဝေဖန်မှုတွေ အများကြီးရှိတယ်။ ဒါပေမဲ့ အဲဒီဝေဖန်မှုတွေက ရုပ်ကို ပိတ်ကားပေါ်မှာကြည့်ပြီးပဲ ဝေဖန်တာ၊ ရိုက်ကူးမှုနောက်ကွယ်က အကြောင်းအရာတွေကိုတော့ သူတို့မသိကြဘူးလေ။ ဒီဇာတ်ကားက မြန်မာရုပ်ရှင်ဖန်တီးသူတွေ ဒါရိုက်တာတွေ ကြုံရတတ်တဲ့အခက်အခဲတွေကို ပရိသတ်တွေကို သိအောင်ချပြချင်တဲ့အတွက် ဒီ ဇာတ်ကားကို ရိုက်ကူးဖြစ်ခဲ့တာပါ။ နောက်ပြီး ဒါက ဘယ်သူ့တွေကိုမှ ရည်ရွယ်ခဲ့တာမျိုးမဟုတ်ဘဲ သရော်ဟာသ အနေနဲ့ပဲ တင်ဆက်ထားတာပါ။

 

မေး- ဒီဇာတ်ကားက လက်ရှိမြန်မာ့ရုပ်ရှင်လောကမှာ ဖြစ်လေ့ရှိတာတွေကို ထည့်ရိုက်ထားတယ်ဆိုတော့ ဇာတ်လမ်းပိုင်းအရ ဘယ်လိုအရာတွေကို သတိထားပြီးရိုက်ကူးရလဲ။

ဖြေ-ဒီဇာတ်ကားကို စပြီးရိုက်ကူးကတည်းက ဘယ်သူ့ကိုမှ ပုတ်ခတ်ပြီး ရိုက်ကူးထားတာ မဟုတ်ဘူးဆိုတာ ပြောခဲ့ပါတယ်။ အဲဒီလိုတစ်ဦးတစ်ယောက်ကို ရည်ရွယ်ရိုက်ကူးခဲ့တာ မဟုတ်လို့ ကျွန်တော့်ဘက်က စိတ်လည်း ရှင်းပါတယ်။ သရော်ဟာသ ဇာတ်ကားအဖြစ်ဦးစားပေးပြီး ကိုယ်ဖန်တီးခဲ့တဲ့ ဇာတ်ရုပ်ကို ဦးစားပေးရိုက်ကူးခဲ့တာပါ။

 

မေး- အခုလက်ရှိ အနုပညာလှုပ်ရှားမှုတွေကိုလည်း သိပါရစေ။

ဖြေ- ကျွန်တော်ပြင်ဦးလွင်မှာ ရုပ်ရှင်ဇာတ်ကားသုံးကား ရိုက်ကူးခဲ့ပြီးပါပြီ။ အခုက ဘားအံဘက်မှာ ‘မင်းဘာကောင်လဲ ငါဘာကောင်လဲ’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေတာပါ။ ဇာတ်လမ်း၊ ဇာတ်ညွှန်း ဒါရိုက်တာ ကျွန်တော်ပါပဲ။ ဒီဇာတ်ကားလေးက ရွာတစ်ရွာမှာ စည်းလုံးညီညွှတ်မှု မရှိတဲ့အတွက် တစ်ဖက်ကအနှောင့်အယှက်တွေ ၀င်လာရာကနေဖြစ်လာတဲ့အဖြစ်လေးတွေကို ဟာသ ဇာတ်ကားအနေနဲ့ တင်ဆက်ထားတာပါ။ ဒီဇာတ်ကားက တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးအတွက်လည်း ရည်ရွယ်ပါတယ်။

 

မေး- ၂၀၁၆ ခုနှစ်မှာ ရုံတင်တဲ့ဇာတ်ကားတွေရော ၂၀၁၇ ခုနှစ်ထဲမှာ ရုံတင်ခဲ့တဲ့ဇာတ်ကားတွေ က အောင်မြင်မှုတွေ ရရှိခဲ့ပြီး ဒီနှစ်အတွင်းမှာ ရုပ်ရှင်ဇာတ်ကားတွေလည်း အများကြီးရိုက်ကူး ဖြစ်နေတာဆိုတော့ နောက်ထပ်ရုံတင်မယ့် ဇာတ်ကားတွေ ရိုက်ကူးမယ့် ဇာတ်ကားတွေမှာ ဘယ်လိုဇာတ်ကားမျိုးတွေကို မြင်တွေ့ရမလဲ။

ဖြေ- ရုံတင်ခဲ့တဲ့ဇာတ်ကားတွေက ဟာသဇာတ်ကားတွေပါ။ နောက်ထပ်လည်း ပရိသတ်တွေအတွက် မတူညီတဲ့ ဇာတ်လမ်းအကြောင်းအရာတွေကနေတစ်ဆင့် ရယ်မောပျော်ရွှင်ရတဲ့ ဟာသဇာတ်ကားတွေပဲ ဆက်ပြီး ကြည့်ရဦးမှာပါ။ ဒီနှစ်ထဲမှာ ရိုက်ကူးဖြစ်ခဲ့တဲ့ ဇာတ်ကားတွေအများစုကလည်း ဟာသဇာတ်ကားတွေ များပါတယ်။ ဒါပေမဲ့ တစ်ကားနဲ့တစ်ကား မတူညီတဲ့ဇာတ်လမ်း ဇာတ်အိမ်မျိုးတွေ၊ ပရိသတ်တွေ မြင်တွေ့နေကျ မဟုတ်တဲ့ ဟာသဇာတ်လမ်းမျိုးတွေဖြစ်အောင်လို့ သေချာစီစဉ်ပြီး ကြိုးစား ရိုက်ကူးထားပါတယ်။

 

မေး- ဟာသဇာတ်ကားတွေ ရိုက်ကူးမှုများလာတော့ တစ်ကားနဲ့တစ်ကား မထပ်အောင် ကိုယ့်ဘက်က ဘာတွေပြင်ဆင် ကြိုးစားရလဲ။

ဖြေ- အဲဒီလိုတော့ အထွေအထူး မရှိဘူးဗျ။ ကျွန်တော့်အဘိုး ဘိတ်ကလာတဲ့ ငံပြာရည်ရဲ့အနုပညာသွေး ပါတယ်ပဲ ပြောရမလား။ ကျွန်တော့်အတွေးထဲမှာကိုယ်က အဲဒီဟာသ ဇာတ်လမ်းတွေ ပေါ်ကိုပေါ်လာနေတာ။ ဇာတ်လမ်းက အစ၊ ဟာသ ပလော့တွေက အစပေါ့ စဉ်းစားမိတာတွေကို အကောင်းဆုံးဖြစ်အောင် ၀ိုင်းဝန်းပံ့ပိုးကြတဲ့ ကျွန်တော့်အဖွဲ့သားတွေ အများကြီး ရှိပါတယ်။

 

မေး- ၂၀၁၈ ခုနှစ်ထဲမှာ ဆက်ပြီးရိုက်ကူးဖို့ စီစဉ်ထားတဲ့ ဇာတ်ကားတွေကရော ဟာသဇာတ်ကားတွေပဲ များမလား။

ဖြေ- ကျွန်တော်အနေနဲ့ ဟာသဇာတ်ကားတွေ ရိုက်ကူးမှု များလာတဲ့အတွက် ၂၀၁၈ ခုနှစ်ထဲမှာတော့ ဟာသဇာတ်ကားတွေကို လျှော့ပြီး ရိုက်ကူးသွားဖို့ စီစဉ်ထားတယ်။ မတူညီတဲ့ ဇာတ်မျိုး ရသမျိုးတွေလည်း ပေးချင်တာကြောင့်ပါ။

 

မေး- ပရိုဂျူဆာမကြီးစိုး ရုပ်ရှင်ဇာတ်ကားကို လာကြည့်မယ့် ပရိသတ်တွေကို ပြောချင်တဲ့ စကားရှိရင်။

ဖြေ-  ဒီဇာတ်ကားလေးကို ပရိသတ်တွေ လာရောက်အားပေးဖို့ ဖိတ်ခေါ်ပါ တယ်။ ဒီဇာတ်ကားကို ကြည့်ပြီး ကျွန်တော်တို့ ရုပ်ရှင်လောကသားတွေအနေနဲ့ ဇာတ်ကားတစ်ကားပြီးမြောက်ဖို့ ရင်ဆိုင်ရတဲ့အခက်အခဲတွေကို မြင်တွေ့ရ မှာဖြစ်ပါ။ အဲဒါတွေကို ပရိသတ်တွေအတွက် ရယ်မောစရာ ပျော်ရွှင်စရာ ဇာတ်ကားတစ်ကားဖြစ်အောင်ပဲ အဓိကထားပြီး ဖန်တီးရိုက်ကူးထားတာဖြစ်လို့ ပရိသတ်တွေ ရယ်ရတယ်၊ ပျော်ရွှင်ရတယ်ဆိုရင် ကျေနပ်ပါတယ်။