ဇွဲ အငြိမ့်အဖွဲ့နှင့် တွေ့ဆုံခြင်း

ဇွဲ အငြိမ့်အဖွဲ့နှင့် တွေ့ဆုံခြင်း
Published 4 October 2017

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့တဲ့ မြန်မာ့ဒီမိုကရေစီ အငြိမ့်ပြိုင်ပွဲမှာ ရန်ကုန်တိုင်းမှာ ကျင်းပခဲ့တဲ့ အငြိမ့်အဖွဲ့ ၂၀ ကျော်ထဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဖိုင်နယ်အဆင့်မှာ အကောင်းဆုံးဆိုတဲ့ အငြိမ့်အဖွဲ့ရှစ်ဖွဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ရာမှာ တစ်သင်းဖြစ်ခဲ့တဲ့ 'ဇွဲ' အငြိမ့်အဖွဲ့က မျိုးဆက်သစ်ဟာသလူရွှင်တော်တွေနဲ့ ဖွဲ့စည်းထားတဲ့ လူငယ်အငြိမ့်အဖွဲ့တစ်ဖွဲ့ပါ။ မြန်မာ့ဒီမိုကရေစီ အငြိမ့်ပြိုင်ပွဲမှာ ပထမဆုကို ထိုက်တန်စွာ ဆွတ်ခူးရရှိခဲ့ပြီး အကောင်းဆုံး မျိုးဆက်သစ် လူရွှင်တော် အဖွဲ့ဆုနဲ့ ပရိသတ်အကြိုက်ဆုံး ဆုတွေကိုပါ ထပ်မံသိမ်းပိုက်ရရှိခဲ့တဲ့ 'ဇွဲ' အငြိမ့်အဖွဲ့အနေနဲ့ အောက်တိုဘာလဆန်းပိုင်း ကစလို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အငြိမ့်ပွဲတွေ လှည့်လည်ကပြတော့မှာဖြစ်တဲ့အတွက် မြန်မာတို့ရဲ့ ရိုးရာအနုပညာတစ်ခုဖြစ်တဲ့ အငြိမ့်သဘင်ရဲ့ မျိုးဆက်သစ်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ 'ဇွဲ' အငြိမ့်အဖွဲ့နဲ့ တွေ့ဆုံခိုက် သူတို့ရဲ့ အနုပညာခြေလှမ်းတွေအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်။

 

■ မေး - ဇွဲ အငြိမ့်အဖွဲ့က မြန်မာ့ဒီမိုကရေစီအငြိမ့်ပွဲတော်မှာ ဝင်မပြိုင်ခင်က အနုပညာလှုပ်ရှားမှုတွေရှိရင် သိချင်ပါတယ်။

ဖြေ - မြန်မာ့ဒီမိုကရေစီ အငြိမ့်ပွဲတော်လုပ်မယ်လို့ ကြေညာတဲ့အခါ ကျွန်တော့်ဆရာ ကိုပန်းသီးက ကျွန်တော့်ဆီ ဖုန်းလှမ်းဆက်ပါတယ်။ ပြီးတော့ စိမ်းလန်း၊ အာလူး၊ ဇောက်ထိုး၊ ဒိုပေါက်နဲ့ မင်းသမီး ဇွဲရတီတို့ကို စုစည်းပြီး အငြိမ့်အဖွဲ့လေးတစ်ဖွဲ့ ဖွဲ့ပေးတယ်။ အဲဒီ မတိုင်ခင်က အာလူးက ဆရာကိုပန်းသီးစီစဉ်တဲ့ ပွဲတွေမှာလိုက်ကတဲ့ လူရွှင်တော်။ စိမ်းလန်းက ဆိုင်းနောက်ထ လုပ်ဖူးတယ်။ ဇောက်ထိုးနဲ့ ဒိုပေါက်ကတော့ ကျောင်းသားတွေပါ။ သူတို့က ကျောင်းတက်နေရင်းနဲ့ တချို့ပွဲလေးတွေမှာ ဝင်ပြိုင်ဖူးတဲ့သူတွေပါ။ ဒီပွဲတော်မှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် အဖွဲ့လေး ဖွဲ့လိုက်တာပါ။ 'ဇွဲ အငြိမ့်' ဆိုတဲ့ နာမည်ကလည်း ဗိုလ်ချုပ်အောင်ဆန်းက အငြိမ့်ပွဲတစ်ခုမှာ ပေးဖူးတဲ့နာမည်ဖြစ်တာကြောင့် ကျွန်တော်တို့က အဲဒီနာမည်ကို လွတ်လပ်ရေးရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းပေးတဲ့ နာမည်လို့ယူပြီး 'ဇွဲ အငြိမ့်အဖွဲ့' လို့ ဖွဲ့ဖြစ်ခဲ့တာပါ။  မင်းသမီး ဇွဲရတီကိုလည်း ဆရာကိုပန်းသီးကပဲ  ပါဝင်ဖွဲ့စည်းပေးခဲ့တာပါ။ အရင်ပြိုင်ပွဲတစ်ခုမှာလည်း စိမ်းလန်းတို့နဲ့အတူ ယှဉ်ပြိုင်ဖူးတယ်။ ခင်မင်ရင်းနှီးမှုတော့ ရှိပါတယ်။

 

■ မေး - မြန်မာ့ဒီမိုကရေစီ အငြိမ့်ပွဲတော်မှာ ပါဝင်ယှဉ်ပြိုင်ဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း သိပါရစေ။

ဖြေ - မြန်မာ့ဒီမိုကရေစီအငြိမ့်ပွဲတော်မှာ ပါဝင်ယှဉ်ပြိုင်ပြီး ဆုတစ်ခုခုသာရခဲ့ရင် ကျွန်တော်တို့ဖြစ်ချင်တဲ့ အနုပညာအလုပ်တွေအတွက် အပြောင်းအလဲတစ်ခု အထောက်အပံ့တစ်ခုဖြစ်မယ်လို့ ယုံကြည်တဲ့အတွက် ကျွန်တော်တို့ ယှဉ်ပြိုင်ဖြစ်ခဲ့ကြတာပါ။ ကျွန်တော်တို့ရဲ့ ဆရာ လူရွှင်တော် ကိုပန်းသီးကလည်း ကျွန်တော်တို့တွေကို အနုပညာလောကမှာ မြေတောင် မြှောက်ပေးချင်တဲ့စိတ်နဲ့ ဖွဲ့စည်းပြီးကူညီပေးခဲ့တာပါ။ ဆရာ ကိုပန်းသီးရဲ့ စီစဉ်ပေးမှု ကူညီပံ့ပိုးမှု လမ်းညွှန်မှုတွေနဲ့အတူ ပါဝင်ယှဉ်ပြိုင်ဖြစ်ခဲ့တာပါ။

 

■ မေး - တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပတဲ့ အငြိမ့်ပွဲတော်ဖြစ်တဲ့အတွက် ဒီပွဲတော်မှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် ဘယ်လိုတွေ ပြင်ဆင်ကြိုးစားခဲ့ရလဲ။

ဖြေ -  မြန်မာ့ဒီမိုကရေစီအငြိမ့်ပွဲတော်မှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် အဖွဲ့ဖွဲ့ပြီးပြီဆိုကတည်းက ကျွန်တော်တို့လေးယောက်ကို ဆရာကိုပန်းသီးက သူ့တိုက်ထဲမှာ ထည့်ထားတယ်။ နှစ်လလောက် ကျွန်တော်တို့တွေ အတူတူနေရတယ်။ တစ်ယောက် တစ်နေရာစီကနေ လာကြပြီး သိပ်မခင်ကြပေမယ့်လို့ အတူနေတာကြာလာပြီး ရင်းနှီးလာကြတော့ ပွဲအတွက် ပြက်လုံးတိုက်တဲ့အခါမှာလည်း ပိုပြီးအပေးအယူကောင်းလာတယ်။ တစ်ယောက်ရဲ့ ပြက်လုံးကို တစ်ယောက်က အလွတ်ရတဲ့အထိကို ကျွန်တော်တို့တွေ ညီညီညွတ်ညွတ်နဲ့ ကြိုးစားပြင်ဆင်ခဲ့ကြတယ်။ ပြက်လုံးခွင်တွေကို ဆရာပန်းသီးကဦးစီးပြီး စီစဉ်ပေးတဲ့ အပေါ်မှာ ကျွန်တော်တို့တွေကလည်း ကိုယ်လုပ်ချင်တာ ကိုယ်စဉ်းစားမိတာလေးတွေကို ပြောပြတိုင်ပင်ဖြည့်စွက်ပြီး ပြိုင်ပွဲအတွက် ကြိုးစားခဲ့ကြတာပါ။ ကျွန်တော်တို့တွေရဲ့ နောက်ခံမိသားစုတွေက မပြေလည်ကြပေမယ့် ကျွန်တော်တို့တွေ ပြိုင်ပွဲအတွက် ကြိုးစားပြင်ဆင်နေတဲ့အချိန်မှာ မိသားစုအတွက် ငွေမပို့နိုင် ငွေမရှာနိုင်ပေမယ့် ဒီပြိုင်ပွဲကို ကျွန်တော်တို့ဘဝအတွက် နံပါတ်တစ်အရေး အကြီးဆုံးပန်းတိုင်တစ်ခုလို့ သဘောထားပြီး အခက်အခဲတွေကို မေ့ထားပြီး သေချာကြိုးစားခဲ့ကြတာပါ။

 

■ မေး - ပြိုင်ပွဲ ပထမအဆင့်မှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အတွေ့အကြုံနဲ့ ကြိုးစားမှုတွေကိုလည်း သိချင်ပါတယ်

ဖြေ - ပထမအဆင့်ပြိုင်ပွဲတုန်းကတော့ ပြင်ဆင်ဖို့အချိန်က သေချာရတယ်လို့ပြောရမှာပါ။ ကျွန်တော်တို့အတွက် ပြက်လုံးတိုက်တဲ့ အချိန်မှာလည်း အခက်အခဲတွေ အများကြီး ရရှိခဲ့သလို အမှတ်တရတွေလည်း အများကြီးပါ။ ပြိုင်ပွဲမတိုင်ခင်တည်းက ကျွန်တော် တို့တွေအားလုံး အရမ်းကိုစိတ်လှုပ်ရှားပြီး အယောင်ယောင်အမှားမှားတွေ ဖြစ်ခဲ့ရတယ်။ စင်ပေါ်မှာလည်း ကျွန်တော်တို့တွေ အားလုံး စိုးရိမ်စိတ်ဆိုတာထက် ဘာကို ကြောက်မှန်းမသိဘဲ ကြောက်နေခဲ့ကြတယ်။ ဒါပေမဲ့ ပြက်လုံးတင်ဆက်မှုတွေ ဆရာသမားတွေရဲ့ ပံ့ပိုးမှုအားတွေက ကောင်းတဲ့အတွက် ကျွန်တော်တို့တွေရဲ့ ကြောက်နေတဲ့စိတ် ပျောက်အောင် ကျော်ဖြတ်ယှဉ်ပြိုင်နိုင်ခဲ့ ကြပါတယ်။

 

■ မေး - မြန်မာ့ဒီမိုကရေစီအငြိမ့်ပွဲတော်ရဲ့ ဖိုင်နယ်အဆင့်မှာ အကောင်းဆုံးဆိုတဲ့အဖွဲ့ရှစ်ဖွဲ့ ပါဝင်ယှဉ်ပြိုင်တာဆိုတော့ ဘယ်လိုပြင်ဆင်မှုတွေနဲ့ ယှဉ်ပြိုင်ခဲ့လဲ။

ဖြေ - ကျွန်တော်တို့ အငြိမ့်အဖွဲ့အနေနဲ့ ဒုတိယအဆင့်မှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီ ဆိုတော့ အရမ်းကိုပျော်ရွှင်ခဲ့ရပါတယ်။ ပထမအဆင့်မှာ ကျွန်တော်တို့ ကြိုးစား တင်ဆက်ခဲ့ကြပေမယ့် ကံရဲ့ဖေးမမှုလည်းပါလို့ ဒုတိယအဆင့်ကို ရောက်ခဲ့တာပါ။ ဒါကြောင့် ဖိုင်နယ်အဆင့်ပြိုင်ပွဲမှာ ကျွန်တော်တို့တွေ ပိုပြီး ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ ဖိုင်နယ်ပြိုင်ပွဲအတွက်က အချိန်က ရက် ၂၀ ကျော်ပဲရတာ ဖြစ်လို့ နည်းနည်းတော့ ခက်ခဲတယ်။ ဒုတိယ အဆင့်ပြိုင်ပွဲမှာ လက်ရှိလူရွှင်တော်တွေ ပြက်လေ့မရှိတဲ့ ရှုထောင့်မျိုးကနေ ပြက်လုံး ခွင်တင်ဆက်နိုင်ဖို့ အဓိကထားကြိုးစားခဲ့ပါတယ်။ အဓိကပြက်လုံးခွင်အတွက် ဆက်တင် အပြင်အဆင်တွေ အဝတ်အစားလဲရတာတွေ များတော့ အမှားအယွင်းမရှိအောင် သေချာကြိုးစားခဲ့တယ် ။

 

■ မေး - ဇွဲ အငြိမ့်အဖွဲ့ရဲ့ ဖျော်ဖြေမှုတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ပြောချင်တာရှိရင်။

ဖြေ - ကျွန်တော်တို့ဖြစ်ချင်ခဲ့တဲ့ လုပ်ချင်ခဲ့တဲ့ အနုပညာအလုပ်တွေကို လုပ်ခွင့်ရပါပြီ။ အဲဒီအတွက် ပြိုင်ပွဲမှာ အားပေးခဲ့ကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဇွဲ အငြိမ့်အဖွဲ့အနေနဲ့ ရှေ့ဆက်ပြီးလည်း အကောင်းဆုံးကြိုးစားသွားပါ။ ပြည်သူတွေအတွက် အကျိုးပြုနိုင်မယ့် တင်ဆက်မှုတွေ ပရိသတ်တွေအတွက် အကောင်းဆုံးဖျော်ဖြေ တင်ဆက်မှုတွေဖြစ်အောင် ဆက်လက်ကြိုးစားသွားမှာပါ။

Most Read

Most Recent