Miss Grand International ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အလှမယ်အေးချမ်းမိုးနှင့် တွေ့ဆုံခြင်း

Miss Grand International ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အလှမယ်အေးချမ်းမိုးနှင့် တွေ့ဆုံခြင်း
Published 3 October 2017

 ‘မျိုးချစ်စိတ်အပြည့်နဲ့ မြန်မာကိုယ်စားပြုဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ပဲ အားပေးစေချင်ပါတယ်’

 

အောက်တိုဘာလအတွင်း ကျင်းပသွားမည့် Miss Grand International ပြိုင်ပွဲသို့ မြန်မာကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ရန်ရွေးချယ်ထားသည့် အလှမယ်ရွှေအိမ်စည်အား သရဖူပြန်လည်ရုပ်သိမ်းကာ ပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်ခွင့်အား ရပ်ဆိုင်းလိုက်ခြင်းကို Miss Universe Myanmar Organization မှ အောက်တိုဘာ ၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ထို့ပြင် အောက်တိုဘာ ၁ ရက် ညပိုင်းတွင်ပြုလုပ်ခဲ့သည့်  Miss Universe Myanmar 2018 Congratulation Party တွင် Miss Grand International ပြိုင်ပွဲသို့ အလှမယ်ဒေါက်တာအေးချမ်းမိုးအား အစားထိုးစေလွှတ်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။ ၂၀၁၃ ခုနှစ်တွင်ကျင်းပခဲ့သည့် Miss Universe Myanmar တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပြီး 1st Runner Up ဆုကိုရရှိခဲ့ကာ လက်ရှိအချိန်အထိ အနုပညာလုပ်ငန်းများတွင် ပါဝင်လှုပ်ရှားနေခဲ့သည့် ဆရာဝန်အနုပညာရှင် အလှမယ်တစ်ဦးဖြစ်သည့် အေးချမ်းမိုးအား Miss Grand International ပြိုင်ပွဲသို့ စေလွှတ်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ရက်ပိုင်းအတွင်း ယှဉ်ပြိုင်ရတော့မည့် Miss Grand International ပြိုင်ပွဲအတွက် ဝေဖန်မှုများနှင့် အခက်အခဲများကြားမှ အတတ်နိုင်ဆုံးကြိုးစားယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် အေးချမ်းမိုးနှင့်တွေ့ဆုံ၍ ပြိုင်ပွဲအတွက်ပြင်ဆင်နေမှုများနှင့် အစားထိုး စေလွှတ်ယှဉ်ပြိုင်စေမှုအပေါ် ခံစားမှုများအား မေးမြန်းဖြစ်ခဲ့ပါသည်။

 

■ မေး - Miss Grand International ပြိုင်ပွဲအတွက် ချမ်းမိုးလေးကို အစားထိုးရွေးချယ်လိုက်တဲ့အခါ ခံစားချက် လေးအရင်ပြောပါဦး။

ဖြေ - ညီမလည်း အင်တာနေရှင်နယ်ပြိုင်ပွဲ ပြိုင်ချင်စိတ်တော့ ရှိခဲ့ဖူးပါတယ်။ မကြီး စိုးယုဝေကလည်း အရင်ကတည်းကတော့ အင်တာနေရှင်နယ်ပြိုင်ပွဲ တစ်ခုခုပြိုင်ဖို့ရှိလာခဲ့ရင် ပြိုင်မလားလို့ မေးခဲ့တာတော့ရှိတယ်။ ညီမကလည်း ပြိုင်ချင်စိတ်တော့ ရှိခဲ့တာပေါ့နော်။ အခုကတော့ မနေ့က Miss Universe Myanmar 2018 Congratulation Party မှာ Miss Grand International 2017 ပြိုင်ပွဲအတွက် ညီမကို ရွေးချယ်လိုက်တယ်လို့ ကြေညာခဲ့တဲ့အတွက် ရုတ်တရက်ကြီးလည်းဖြစ်တော့ စိတ်လှုပ်ရှားရတယ်။ အံ့သြစိတ်လည်း ဖြစ်မိပါတယ်။

 

■ မေး - ပြိုင်ပွဲက အချိန်တော်တော်လေးကပ်နေတော့ ပိုပြီးတာဝန်ကြီးတယ်လို့ ခံစားရလား။

ဖြေ - ပြိုင်ပွဲက ဝေးကွာသည်ဖြစ်စေ၊ နီးကပ်သည်ဖြစ်စေ ကိုယ့်နိုင်ငံကိုယ်စားပြု အလှမယ်တစ်ယောက် အနေနဲ့ သွားရောက်ယှဉ်ပြိုင်တဲ့အခါ တာဝန်ကြီးပါတယ်။ အခုအခြေအနေကတော့ ပြိုင်ပွဲအတွက် ရက်ကလည်း အရမ်းကပ်နေတဲ့အပြင် အခက်အခဲတွေ၊ စိန်ခေါ်မှုတွေလည်းရှိနေတဲ့ အခြေအနေပါ။ ညီမအတွက်လည်း ကျဉ်းထဲကျပ်ထဲအခြေအနေတစ်ခုလို့ ပြောလို့ရပါတယ်။ ညီမကတော့ နိုင်ငံကိုယ်စားပြုတစ်ယောက် အနေနဲ့ အတတ်နိုင်ဆုံးကြိုးစားမှာ ဖြစ်သလို ကိုယ့်ရဲ့ Organization က ပေးအပ်လာတဲ့တာဝန်ကိုလည်း အတတ်နိုင်ဆုံး ကျေပွန်အောင် ထမ်းဆောင်ချင်ပါတယ်။ ဒါကြောင့် တတ်နိုင်သလောက် ကြိုးစားသွားမှာပါ။

 

■ မေး - Miss တစ်ယောက်အနေနဲ့ နိုင်ငံကိုယ်စားပြု သွားရောက်ဖို့အတွက် ရုတ်တရက်ကြီး ရွေးချယ်ခံလိုက်ရတာဆိုတော့ အရှေ့မှာရော ပုံမှန်လေ့ကျင့်ပြင်ဆင်ထားတာမျိုး ရှိခဲ့လား။

ဖြေ - ညီမအရင်ကလည်း Miss ပြိုင်ပွဲတွေ ပြိုင်ခဲ့ဖူးသလို MC တစ်ယောက်အနေနဲ့ အခုနောက်ပိုင်းမှာပွဲတွေမှာ ပါဝင်ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါကြောင့် ညီမအနေနဲ့ ပေါ့ပေါ့ဆဆ ပြီးစလွယ်နေခဲ့တာမျိုးတော့ မရှိ  ပါဘူး။ ကိုယ့်ကိုယ်ကိုယ် လှလှပပနဲ့ အလှမယ်တစ်ယောက်ပုံစံမျိုးဖြစ်အောင်လည်း အမြဲတမ်းလေ့ကျင့်နေ ထိုင်ဖြစ်ပါတယ်။ ဒါကြောင့် အခုလို နိုင်ငံကိုယ်စားပြုအလှမယ်အနေနဲ့ ရုတ်တရက် သွားရမယ်ဆိုပေမယ့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့် ရှိပါတယ်။

 

■ မေး - ရွှေအိမ်စည်ကို သရဖူပြန်လည်ရုပ်သိမ်းခဲ့တာနဲ့ ပတ်သက်လို့ရော တစ်ခုခုထင်မြင်မိတာမျိုး ရှိသေးလား။

ဖြေ - ရွှေအိမ်စည်နဲ့ Organization ကြားက အခြေအနေတွေကို ညီမကိုယ်တိုင်လည်း သေချာမသိဘူး။ အဲဒါကြောင့် ညီမအနေနဲ့ ဘာမှပြောစရာတော့ မရှိပါဘူး။ မိခင်အဖွဲ့အစည်းက ညီမကိုလိုအပ်လို့ နိုင်ငံကိုယ်စားပြုစေလွှတ်ဖို့ ဆုံးဖြတ်တာကို လက်ခံလိုက်တာမျိုးပဲရှိ ပါတယ်။

 

■ မေး - ပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်တဲ့အခါမှာရော နိုင်ငံကိုကိုယ်စားပြုပြီး ဘယ်လိုအကြောင်းအရာမျိုးတွေကို တင်ပြသွားချင်တာမျိုးရှိလဲ။

ဖြေ - အဲဒါကတော့ ညီမစဉ်းစားထားတာတွေလည်း ရှိပါတယ်။ Organization နဲ့ သေချာတိုင်ပင်ပြီးမှပဲ အသိပေးသွားပါမယ်။ သေချာတာကတော့ နိုင်ငံအတွက် တန်ဖိုးရှိတဲ့ အလှမယ်တစ်ယောက်ဖြစ်အောင် ကြိုးစားသွားမှာပါ။

 

■ မေး - ပြိုင်ပွဲကို ဘယ်ရက်လောက် စပြီးသွားရမလဲ။

ဖြေ - ပြိုင်ပွဲကို အောက်တိုဘာ ၅ ရက်၊ ၆ ရက်လောက်သွားပြိုင်ရမယ်လို့ သိထားပါတယ်ရှင့်။

 

■ မေး - ပြိုင်ပွဲမှာ ဝတ်ဆင်မယ့်ဝတ်စုံတွေအတွက်ရော ပြင်ဆင်ထားတာမျိုးရှိလား။

ဖြေ - Organization အနေနဲ့တော့ ကြိုတင်ပြင်ဆင်ထားတဲ့ ဒီဇိုင်နာ ရှိတယ်လို့သိရပါတယ်။ ညီမနဲ့တိုင်ပင်ပြီးတော့ ပြင်ဆင်သွားပါမယ်။

 

■ မေး - နိုင်ငံကိုယ်စားပြု အလှမယ်တစ်ယောက်အနေနဲ့ အဓိကဘယ်လိုအချက်တွေ ပိုင်ဆိုင်သင့်တယ်လို့ရော ထင်လဲ။

ဖြေ - အလှမယ်တစ်ယောက်ဆိုတာက ကိုယ့်ရဲ့ အနေအထိုင် အပြုအမူက ကိုယ့်နိုင်ငံကို ထင်ဟပ်နေတယ်။ သွားရောက်ယှဉ်ပြိုင်တဲ့အခါမှာ ကိုယ့်နိုင်ငံကို ဂုဏ်တက်စေမယ့် အပြုအမူ အနေအထိုင်မျိုးဖြစ်အောင် ကြိုးစားရမှာဖြစ်သလို ဂုဏ်သိက္ခာ ကျဆင်းစေမယ့်အပြုအမူတွေ ရှောင်ကြဉ်နိုင်အောင်၊ ဂုဏ်သိက္ခာကို အမြဲတမ်း တန်ဖိုးထားတတ်အောင်လည်း ကြိုးစားရမယ်လို့ ထင်ပါတယ်ရှင့်။

 

■ မေး - ပရိသတ်တွေကို ဒီပွဲနဲ့ပတ်သက်ပြီး အကြိုသတင်း စကားပါးချင်တာမျိုး ရှိမလား။

ဖြေ - ညီမကို ဒီအချိန်မှာ အခက်အခဲတွေရှိနေတာကြောင့် လက်ခံတဲ့သူ ရှိသလို လက်မခံတဲ့သူတွေလည်း ရှိတယ်။ ဝေဖန်တာတွေလည်း အများကြီးတွေ့ရပါတယ်။ ညီမလည်း အကျပ်အတည်း အခက်အခဲတွေကြားကပဲ သွားရမှာပါ။ ဒါကြောင့် မျိုးချစ်စိတ်အပြည့်နဲ့ မြန်မာကိုယ်စားပြုဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ပဲ အားပေးစေချင်ပါတယ်။ ညီမကလည်း အေးချမ်းမိုးအနေနဲ့ သွား ရောက်ယှဉ်ပြိုင်မှာမဟုတ်ပါဘူး။ မြန်မာအလှမယ်တစ်ယောက်အနေနဲ့ပဲ သွားရောက်ယှဉ်ပြိုင်မှာဖြစ်လို့ အား ပေးစေချင်ပါတယ်။ လိုအပ်တာတွေရှိခဲ့ရင်လည်း နားလည်ပေးစေချင်ပါတယ်။

 

 

Most Read

Most Recent