သရုပ်ဆောင် ထက်အောင်ရှိုင်းနှင့် တွေ့ဆုံခြင်း

သရုပ်ဆောင် ထက်အောင်ရှိုင်းနှင့် တွေ့ဆုံခြင်း
Published 1 October 2017

မော်ဒယ်လ်တစ်ဦးအဖြစ် အနုပညာလောကထဲကိုရောက်ရှိခဲ့ပြီး ရှိုးပွဲတွေလျှောက်နေစဉ်အချိန်ကတည်းက ပရိသတ်တွေရဲ့သတိထားမှုကို ရရှိခဲ့သူ ထက်အောင်ရှိုင်းက သရုပ်ဆောင်မှုနဲ့ ပတ်သက်တဲ့ ပညာရပ်တွေကိုလည်း လေ့လာသင်ယူခဲ့သူပါ။'မကြီးစန်းနဲ့ သူ၏ချစ်သူများ' ဗီဒီယိုဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးတော့ ဝေဖန်မှုတွေ အများအပြားကို ခံခဲ့ရသူလည်းဖြစ်ပါတယ်။ သူ့ရဲ့ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်တဲ့ 'ဇွတ်ကျား' ဇာတ်ကားကို စက်တင်ဘာ ၂၉ ရက်ကစပြီး ရုံတင်ပြသနေပြီဖြစ်တာကြောင့် ထက်အောင်ရှိုင်းနဲ့တွေ့ဆုံခိုက် သူ့ရဲ့အနုပညာခြေလှမ်းတွေအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ် . . .

 

မေး - အနုပညာလောကထဲကို စရောက်ခဲ့တဲ့ အကြောင်းလေးတွေကို အရင်သိပါရစေ။

ဖြေ - ၂၀၁၄ ခုနှစ်လောက်မှာ ဆရာ ဂျွန်လွင့်ဆီမှာ မော်ဒယ်သင်တန်းတက်ပြီး အနုပညာအလုပ်တွေ စလုပ်ဖြစ်တာပါ။ ဆရာဂျွန်လွင်နဲ့ စာချုပ်တွေချုပ်ပြီး အနုပညာအလုပ်တွေလုပ်ဖြစ်ခဲ့တယ်။ မော်ဒယ်သင်တန်းတက်နေရင်း မော်ဒယ် လုပ်နေရင်းနဲ့ စကားဝါ သရုပ်ဆောင်သင်တန်းနဲ့ ဆရာမောင်မျိုးမင်းရဲ့ သရုပ်ဆောင်သင်တန်းတွေကိုလည်း သွားတက်ဖြစ်ခဲ့တယ်။ မော်ဒယ်အနေနဲ့ တစ်နှစ်ကျော်လောက်ကြာပြီးတော့မှ သရုပ်ဆောင်ဘက်ကို ခြေလှမ်းစခဲ့တာပါ။ ကျွန်တော်က သရုပ်ဆောင်ဖို့ပိုပြီး ဝါသနာပါတာကြောင့် မော်ဒယ်လုပ်နေရင်း သရုပ်ဆောင်ပညာကို လေ့လာသင်ယူခဲ့တာပါ။ ပထမဆုံးအနေနဲ့ The Team Myanmar ဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့ရတယ်။ ပြီးတော့ မကြီးစန်းနဲ့ သူ၏ချစ်သူများကို ရိုက်ခဲ့တယ်။ အဲဒီနှစ်ခုအပြီးမှာ 'ဇွတ်ကျား' ရုပ်ရှင်ကားကြီးမှာ ပါဝင်ခွင့်ရခဲ့တာပါ။

 

မေး - ကိုယ့်ရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားက အခြောက်ဇာတ်ရုပ်မျိုး ဖြစ်နေခဲ့သလို 'မကြီးစန်းနဲ့ သူ၏ချစ်သူများ' ဗီဒီယို ဇာတ်ကားနဲ့ပတ်သက်ပြီးလည်း ဝေဖန်မှုတွေကြုံခဲ့ရတော့ ဒီရုပ်ရှင်အတွက်  စိတ်ပူမိတာ ရှိလား။

ဖြေ - မကြီးစန်းနဲ့ ဇာတ်ကားမှာတော့ ဝေဖန်မှုတွေ အများကြီးကြုံခဲ့ရပါတယ်။ အဲဒီဝေဖန်မှုတွေကိုလည်း ကျွန်တော်ဘက်က နားလည် လက်ခံ နိုင်ခဲ့ပါတယ်။ ဒီလိုအနေအထားမျိုးတွေ ကြုံနိုင်တယ်ဆိုတာကို သိခဲ့ပေမဲ့ ကိုယ်ဝါသနာပါတဲ့ အနုပညာအလုပ်ကို လုပ်ချင်ခဲ့တာမို့ပါ။ ကျွန်တော့်အနေနဲ့ကတော့ အနုပညာကို အနုပညာလို့ စိတ်ထဲမှာခံယူပြီး အလုပ်လုပ်ပါတယ်။ တခြားဘာမှ စိတ်ထဲမှာမရှိပါဘူး။ ပရိသတ်တွေဆိုတာကိုတော့ ကောင်းတာရော ဆိုးတာရော ဝေဖန်မှာပါပဲ။ အဲဒါတွေကို ကျွန်တော် လက်ခံပါတယ်။ ကျွန်တော့်ဘက်ကလည်း အနုပညာအလုပ်တွေကို အကောင်းဆုံးဖြစ်အောင် သေချာကြိုးစားပြီး လုပ်ဆောင်သွားမှာပါ။ ဇွတ်ကျား ရုပ်ရှင်အအတွက်လည်း မရိုက်ခင်ကတည်းက အဲဒီလိုမျိုး စိုးရိမ်စိတ်တော့ မရှိခဲ့ပါဘူး။ ကျွန်တော့်ရဲ့ သရုပ်ဆောင်မှုအတွက် အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ ပရိသတ်တွေကလည်း အသစ်တစ်ယောက်ဖြစ်တဲ့ ကျွန်တော့်ရဲ့ လိုအပ်ချက် ရှိနေတာလေးတွေကို ဖြည့်စွက်ပြီး နားလည် အားပေးကြမယ်လို့ မျှော်လင့်ပါတယ်။

 

မေး - ကိုယ့်ရဲ့ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ဇွတ်ကျား ဇာတ်ကားရိုက်ကူးဖို့အတွက် ဘာတွေပြင်ဆင်ခဲ့ရလဲ။

ဖြေ -  ဇွတ်ကျား ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ဖို့ကို ဇာတ်ကားမရိုက်ခင် တစ်ပတ်လောက်အလိုမှ သိရတာဆိုတော့ အများကြီး ပြင်ဆင်ချိန် မရှိခဲ့ဘူး။ လိုအပ်မယ့် အဝတ်အစားတွေလောက်ပဲ ပြင်ဆင်ခဲ့ရတယ်။

 

မေး -  ဇွတ်ကျား ဇာတ်ကားမှာက စီနီယာတွေ အများကြီးနဲ့ သရုပ်ဆောင်ရတာဆိုတော့ ဘယ်လို အမှတ်တရတွေ အခက်အခဲတွေ ရှိခဲ့လား။

ဖြေ - အမှတ်တရတွေကတော့ အများကြီးပါပဲ။ ဒီဇာတ်ကားက လူတွေလည်းများတော့ ပျော်စရာကောင်းခဲ့တယ်။ စီနီယာတွေကရော ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)ကရော ကျွန်တော့်ရဲ့ လိုအပ်ချက်လေးတွေကို သေချာပြောပြီး သင်ပေးကြပါတယ်။ စီနီယာတွေ အစ်ကိုအစ်မတွေကလည်း ကိုယ့်ကို အသစ်တစ်ယောက်အနေနဲ့ အများကြီးချစ်ခင် သင်ပြပေးကြတယ်။ စီနီယာအစ်ကို အစ်မတွေနဲ့အတူ ပထမဆုံး ရုပ်ရှင်မှာတွဲပြီး သရုပ်ဆောင်ရတာဆိုတော့ ကိုယ့်ဘက်က သူတို့ကိုရှိန်နေတာ ကိုယ့်ကိုယ်ကိုယ်စိုးရိမ်နေတာလေးတွေ ရှိနေမှာစိုးတာကြောင့် သူတို့နဲ့တွဲပြီး သရုပ်ဆောင်ရတဲ့အခါ သူတို့ကို ကိုယ်က ပြန်ပြီး အားနာရတာမျိုးတွေ စိုးရိမ်တာမျိုးတွေတော့ ရှိခဲ့ပါတယ်။

 

မေး - သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ ကြိုးစားခဲ့ရတာတွေ၊ ကြုံတွေ့ရတဲ့ အခက်အခဲတွေ ရှိရင်လည်း သိချင်ပါတယ်။

ဖြေ- ကျွန်တော်က နယ်ကပါ။ ဒီ အနုပညာအလုပ်တွေလုပ်ဖို့ကို မိဘတွေကလည်း သဘောမတူခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင်က အရမ်းဝါသနာပါတဲ့အတွက် ရန်ကုန်မှာအဆောင်နေရင်း ကိုယ်လုပ်ချင်တဲ့ အနုပညာလမ်း ကြောင်းပေါ်ရောက်အောင် ကြိုးစားခဲ့ရတာပါ။ အခက်အခဲတွေ ဆိုတာကလည်း များကြီးပါ။ ဝေဖန်မှုတွေကိုလည်း မျိုးစုံကြုံခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အနုပညာဝါသနာအတွက် ကျွန်တော့်ဘက်က ကြိုးစားနိုင်တဲ့ အရာအားလုံးကို သေချာကြိုးစားခဲ့ပါတယ်။

 

မေး - အခုရော ကိုယ့်ရဲ့အနုပညာခရီးလမ်းမှာ မိသားစုရဲ့ လက်ခံမှုက ဘယ်လိုရှိလဲ။

ဖြေ -အစပိုင်းမှာ အားမပေးပေမဲ့ တားမရတဲ့အဆုံးတော့ မိသားစုနဲ့ ကျွန်တော်နားလည်မှု ယူထားပါတယ်။ အနုပညာအလုပ်တွေ စလုပ်တုန်းက ကျွန်တော်က ကျောင်းတစ်နှစ်နားခဲ့တာဆိုတော့ သူတို့ဖြစ်စေချင်တဲ့အတိုင်း ပုသိမ်မှာ ဥပဒေနောက်ဆုံးနှစ် ကျောင်းပြန်တက်နေပါတယ်။ တစ်ဖက်မှာလည်း ဒီအနုပညာအလုပ်တွေအပေါ် မိသားစုက နားလည်လက်ခံပေးနေပါပြီ။ သူတို့ရဲ့အားပေးမှုနဲ့ ပံ့ပိုးမှုတွေကြောင့် ကျွန်တော်ဝါသနာပါတဲ့ အနုပညာအလုပ်တွေကို အရင်ထက်ပိုပြီး အင်အားရှိရှိ လုပ်နိုင်လာပါတယ်။ အလုပ်လုပ်ရတာလည်း ပိုပြီးအားရှိလာတယ်။ ဒါ့ကြောင့် ကျွန်တော်ဝါသနာပါတဲ့ အနုပညာအလုပ်တွေကို တစိုက်မတ်မတ်နဲ့ အကောင်းဆုံးဖြစ်အောင်ကြိုးစား လုပ်ဆောင်သွားမှာပါ။

 

မေး - ကိုယ့်ရဲ့ အနုပညာခြေလှမ်းတွေ၊ ကိုယ့်ရဲ့သရုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပြန်ပြီးသုံးသပ်မိလဲ။

ဖြေ - အနုပညာ အလုပ်တွေစလုပ်ကတည်းက ဖြစ်ချင်တဲ့စိတ်နဲ့ ဝါသနာကြောင့် အမြဲကြိုးစားခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ်စိတ်တိုင်းကျခဲ့တာ ကျေနပ်ခဲ့ရတာတွေ ရှိသလို လိုအပ်နေတာတွေလည်း ရှိနေပါသေးတယ်။ ကျွန်တော် ရောက်ချင်တဲ့နေရာအတွက် တစိုက်မတ်မတ်နဲ့ အကောင်းဖြစ်အောင် ဆက်ပြီး ကြိုးစားသွားမှာပါ။

 

မေး - ပရိသတ်တွေကို ပြောချင်တဲ့စကားရှိရင်။

ဖြေ - သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ကျွန်တော်ကြိုးစားသွားမှာပါ။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေ ဝေဖန်မှုတွေကိုလည်း ရချင်ပါတယ်။