အလွတ်စုံထောက်လုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဦးဌေးညွန့်နှင့် တွေ့ဆုံခြင်း

အလွတ်စုံထောက်လုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဦးဌေးညွန့်နှင့် တွေ့ဆုံခြင်း
Published 28 September 2017

‘အမှုကတော့ အစုံပဲ။ အိမ်ထောင်ရေးကိစ္စတွေ များတယ်။ သိပ်တော့ ပြောလို့မကောင်းဘူး’

မြန်မာနိုင်ငံ၌ ပထမဆုံးဟုဆိုနိုင်သော အလွတ်စုံထောက် လုပ်ငန်းတစ်ခုကို ဖေဖော်ဝါရီလဆန်းပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် အောင်ချမ်းသာကုန်း အမှုထမ်းရပ်ကွက်တွင် ဖွင့်လှစ်ခဲ့သည်။ အဆိုပါလုပ်ငန်း လည်ပတ်နေသည်မှာ ယခုအချိန်ဆို ရှစ်လခန့် သက်တမ်းရှိနေပြီဖြစ်သည်။ အလွတ်စုံထောက်လုပ်ငန်းကုမ္ပဏီမှ မြန်မာပထမလုံခြုံရေးနှင့် ဥပဒေအကျိုးဆောင်လုပ်ငန်းဟု အမည်ပြောင်းကာ ယခုနှစ်ဧပြီလတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ လျှောက်ထားခဲ့ကြောင်း သိရသည်။ လုပ်ငန်းလည်ပတ်နေပြီဖြစ်သော အလွတ်စုံထောက်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးဌေးညွန့်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်။

■ မေး - ဘာကြောင့်ဒီလုပ်ငန်းကိုလုပ်ဖို့ စဖြစ်ခဲ့တာလဲ။
ဖြေ - ဒီမိုကရေစီနိုင်ငံတွေမှာ အလွတ်စုံထောက်လုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကြတာပေါ့။ အမေရိကန်မှာဆို ရန်ကုန်မြို့လောက် အနေအထားဆိုရင် အလွတ်စုံထောက်အဖွဲ့ ၅၀ လောက်ရှိတယ်။ မြန်မာနိုင်ငံမှာလည်း ဒီလိုမျိုးအဖွဲ့တွေက ရှိသင့်တယ်ပေါ့။ အဲဒါကြောင့်လုပ်မယ်ဆိုပြီး ၂၀၁၇ ဖေဖော်ဝါရီမှာ လုပ်ငန်းစကြတယ်။ လူမှုကွန်ရက်ပေါ်မှာ တင်တော့လည်း အားလုံးကအားပေးကြတယ်။ မြန်မာနိုင်ငံရဲ့ လိုအပ်ချက်အရ လုပ်တာဖြစ်တယ်။ အခက်အခဲဖြစ်တဲ့ မိသားစုတွေကို ကူညီဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ လုပ်တာပေါ့။ အခြားဒီမိုကရေစီနိုင်ငံတွေမှာလည်း လုပ်နေကြတော့ မြန်မာနိုင်ငံမှာလည်း ရှိသင့်တယ်ဆိုပြီး လုပ်နေတာ။

■ မေး - ဘယ်လိုအခက်အခဲတွေကို ကူညီဆောင်ရွက်ပေးတာလဲ။
ဖြေ - လုပ်ငန်းအပ်တဲ့အပေါ် မူတည်တာပေါ့။ လုပ်ငန်းက ရာဇဝတ်မှုလည်းရှိတယ်။ တရားမမှုလည်းရှိတယ်။ နောက်ပြီး ကိုယ်ရေးကိုယ်တာတွေ ရှိတာပေါ့။ အိမ်ထောင်ရေးကိစ္စတွေလည်းရှိတယ်။ လုပ်ငန်းကတော့ အတော်စုံပါတယ်။ အလုပ်ကတော့ ဆက်တိုက်လုပ်နေရတာပါ။ လုပ်ငန်းက ရာခိုင်နှုန်း ၉၀ လောက် အောင်မြင်မှုရှိတယ်။ ၁၀ ရာခိုင်နှုန်းက ဘာဖြစ်လဲဆိုတော့ လုပ်ငန်းအပ်တဲ့သူတွေက ငွေကြေးမတတ်နိုင်တာတွေပေါ့။ နောက်ပြီး လုပ်ငန်းအပ်တဲ့သူကပြောတဲ့ အချက်အလက်တွေ မှားတာပေါ့။ မှားတယ်ဆိုတာက တောင်ဥက္ကလာပလိပ်စာကို မြောက်ဥက္ကလာပ သွားရှာခိုင်းသလိုမျိုး။ သူတို့အတိအကျမသိဘူးပေါ့။ အဲဒီလိုမျိုးလေးတွေဆို အချိန်ကုန်ငွေကုန်ပေါ့။ ကိုယ်တွေက လက်သည်ပဲလေ။ ကာယကံရှင်က ပူးပေါင်းဆောင်ရွက်မှ အောင်မြင်တာ။ ကာယကံရှင်က အားမထည့်ဘူး။ ငွေလည်းမတတ်နိုင်ဘူး။ အဲဒီလိုမျိုးတွေဆို တစ်ဝက်တစ်ပျက်နဲ့ ရပ်သွားတာတွေရှိတယ်။ ညှိနှိုင်းတိုင်ပင်ပြီး လုပ်ဖို့လိုတာပေါ့။

■ မေး - ဒီလုပ်ငန်းမှာ ဘယ်သူတွေပါဝင်ပါသလဲ။
ဖြေ - ဝန်ထမ်းအငြိမ်းစားတွေများတယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေပါတယ်။ နောက်ပြီးရှေ့နေအဖွဲ့တွေလည်း ပါတယ်။ လူငယ်တွေလည်း ပြန်လေ့ကျင့်ပြီးတော့ ဖွဲ့စည်းထားတာရှိတယ်။ ကိုယ်တွေက အသက် ၆၀ တမ်းဆိုတော့ နောက်မှာနေတယ်။ ဒီလုပ်ငန်းက သွက်သွက်လက်လက်နဲ့ လုပ်ရမယ့် လုပ်ငန်းဆိုတော့။ လူငယ်တွေကိုလည်း ပြန်မွေးထားတယ်ပေါ့။

■ မေး - ဒီလုပ်ငန်းက မြန်မာနိုင်ငံမှာ ပထမဆုံးလုပ်တာဆိုတော့ အခက်အခဲတွေက ဘာတွေရှိလဲ။
ဖြေ - အခက်အခဲကတော့ လူသိနည်းသေးတာလည်း တစ်ချက်ပေါ့။ နောက်တစ်ချက်က တရားဝင်ဖြစ်ဖို့ ကြိုးစားဆဲပေါ့။ တရားဝင်ဖြစ်ဖို့ကလည်း အခက်အခဲတွေရှိတယ်။ ဘာလဲဆိုတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကလည်း တစ်ဝက်တစ်ပျက် ဖြစ်နေတာပေါ့။ ဒါပေမဲ့ ရဲတပ်ဖွဲ့နဲ့လည်း ပူးပေါင်းဆောင်ရွက်တာပဲလေ။ အုပ်ချုပ်ရေးအပိုင်းရော၊ ဌာနဆိုင်ရာတွေရော အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်တာပေါ့။

■ မေး - အလွတ်စုံထောက်လုပ်ငန်းဆိုပြီး မှတ်ပုံတင်လျှောက်တယ်လို့ သိရတယ်။ ပြီးတော့နာမည်ပြောင်းပြီး ပြန်တင်တယ် သိရတယ်။ ဘယ်လိုဖြစ်တာလဲခင်ဗျ။
ဖြေ - ဒီလုပ်ငန်းမှာ လုံခြုံရေးဆိုတဲ့ လုပ်ငန်းတစ်ခုရှိတယ်။ နောက်ပြီး အလွတ်စုံထောက်လုပ်ငန်းရယ် ဥပဒေအကျိုးဆောင်လုပ်ငန်းဆိုပြီး လုပ်ငန်းခွဲသုံးခုရှိတယ်။ အဲဒါကို မှတ်ပုံတင်ထားတာ။ မရဘူးဖြစ်နေတယ်။ မရဘူးဆိုတာက မြန်မာနိုင်ငံမှာက ဒီမိုကရေစီက တစ်ဝက်တစ်ပျက်ဖြစ်နေတယ်။ ပြည်ထဲရေးကတောင် ဆုံးဖြတ်ဖို့ခက်ခဲမယ့်ပုံရှိတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်ထဲရေးကလည်း သူ့အထက်ကို တင်ပြရဦးမယ်ထင်တယ်ပေါ့။

■ မေး - လုပ်ငန်းစတာ ရှစ်လ၊ ကိုးလလောက်ရှိပြီဆိုတော့ ဒီအချိန်တွင်းမှာ ဘယ်လိုအမှုမျိုးတွေ လာအပ်ကြလဲ။
ဖြေ - စိတ်ဝင်စားစရာတွေကတော့ အများကြီးပဲ။ နောက်ပြီး ဒီလုပ်ငန်းက လျှို့ဝှက်ပေးရမယ့် အပိုင်းတွေရှိတယ်။ အမှုကတော့ အစုံပဲ။ အိမ်ထောင်ရေးကိစ္စတွေ များတယ်။ သိပ်တော့ ပြောလို့မကောင်းဘူး။ အမှုက အားလုံးပေါင်း ၅၀ လောက်ရှိတယ်။ ၄၅ မှုလောက်တော့ အောင်မြင်တယ်။ ရာခိုင်နှုန်း ၉၀ အောင်မြင်တယ်ပေါ့။

■ မေး - လုပ်ငန်းစနေပြီဆိုတော့ အင်အားဘယ်လောက်ရှိလဲ။
ဖြေ - တပ်မတော်အငြိမ်းစားတွေ၊ ရဲတပ်ဖွဲ့ အငြိမ်းစားတွေအပြင် ဝန်ထမ်းအင်အားက ၁၀ ယောက်လောက်နဲ့ပဲ လုပ်ငန်းလည်ပတ်နေတယ်။ လေ့ကျင့်ပြင်ဆင်နေတဲ့ ကာလဆိုတော့ ဝန်ထမ်းအင်အားနည်းသေးတယ်။ တချို့က လုပ်ချင်စိတ်တော့ရှိတယ်။ ဒါပေမဲ့ မကြိုးစားဘူး။ တချို့ကျတော့လည်း လုပ်ကြည့်တယ်။ ဒါပေမဲ့ဇွဲမရှိကြဘူး။ ပေါ့ဆတာတွေရှိတယ်။ အမေရိကန်နိုင်ငံမှာဆို တရားဝင်သေနတ်ကိုင်ခွင့်ရှိတယ်။ ဒီမှာကမရှိဘူး။ အဲဒီတော့လုပ်တဲ့သူတွေက ရာထူးလည်းမရှိဘူး၊ အာဏာလည်းမရှိဘူး၊ လက်နက်လည်းမရှိဘူး။ ပရော်ဖက်ရှင်နယ် သက်သက်ပဲလုပ်ရတာ။ အဲဒီလိုဆိုတော့ စိတ်ရှည်ရတယ်၊ ကြိုးစားရတယ်။ နောက်ပြီး အမှန်တကယ် ကုန်ကျစရိတ်ကိုပဲ တောင်းတာပါ။ ဒီလုပ်ငန်းက စီးပွားရေးအဓိကမဟုတ်ဘူး။ လိုအပ်တဲ့လုပ်ငန်းဆိုပြီးတော့ လုပ်တာ။

■ မေး - တပ်မတော်က အငြိမ်းစားတွေဆိုတော့ ဘယ်သူတွေပါလဲ။
ဖြေ - တပ်ကဆိုရင် ဒုဗိုလ်မှူးကြီးလောက်အထိပါတယ်။ ရဲတပ်ဖွဲ့ကဆိုရင် ဒုရဲမှူးကြီးပေါ့။ ကျန်တဲ့သူတွေကလည်း တရားသူကြီးတွေ၊ ရှေ့နေတွေပါတာပေါ့။

■ မေး - အမှုကြီးတွေ လာအပ်တာတွေရောရှိလား။
ဖြေ - အခုထိတော့ ကြီးကြီးမားမား လာအပ်တာမရှိသေးဘူး။ ဖုန်းနဲ့ဆက်ပြီး မေးတာတွေတော့ရှိတယ်။ အဲဒီလိုမျိုးဆိုရင် အခမဲ့အကြံပေးလိုက်တာတွေတော့ရှိတယ်။ အဲဒီလိုအကြံပေးတာနဲ့ အဆင်ပြေသွားတဲ့သူတွေလည်းရှိတယ်။ ရဲတပ်ဖွဲ့နဲ့ဘယ်လိုလုပ်၊ ရှေ့နေတွေနဲ့ ဘယ်လိုလုပ်ဆိုပြီးတော့ အကြံပေးလိုက်တာတွေရှိတယ်။ အဲဒီလိုပြောလိုက်တာနဲ့ အဆင်ပြေသွားတဲ့သူတွေလည်း အများကြီးရှိတယ်။ အဲဒီလိုအဆင်မပြေရင်လည်း လိုက်လုပ်ပေးလိုက်ရတာတွေလည်းရှိတယ်။ အဲဒီလိုဆိုရင် ရုံးကိုလာနိုင်တဲ့သူတွေလည်းရှိသလို ကိုယ်တိုင်သွားတွေ့ပြီး အကြံပေးရတဲ့သူတွေလည်းရှိတယ်။

■ မေး - အမှုလိုက်ခကိုရော ဘယ်လိုယူပါသလဲ။
ဖြေ - အမှုမှာ ဆရာတစ်ယောက်၊ တပည့်တစ်ယောက်နဲ့ အလွတ်စုံထောက်လုပ်ငန်းလုပ်မယ်ဆိုရင် ရှစ်နာရီကို နေ့တွက်ရယ် သွားခလာခနဲ့ ကားမပါရင် ကျပ်ငါးသောင်းကျတယ်။ ဆရာတစ်ယောက်တည်း လုပ်ရမယ်ဆို ကျပ်သုံးသောင်းကျတယ်။ တပည့်နဲ့ဆိုရင်တော့ တပည့်ကျပ်နှစ်သောင်း၊ ဆရာကျပ်သုံးသောင်းဆိုတော့ ကျပ်ငါးသောင်းကျတယ်ပေါ့။ ကားပါမယ်ဆိုရင်တော့ ရှစ်နာရီကို တစ်သိန်းကျတယ်။ အဲဒီလိုဆိုတော့ တချို့ကမတတ်နိုင်ကြဘူး။ ပရဟိတတော့ မဟုတ်ဘူး။ ဒါပေမဲ့ ပရဟိတအခြေခံစိတ်နဲ့တော့လုပ်တယ်။ အဲဒီတော့ ကုန်ကျစရိတ်မရှိရင် မလုပ်နိုင်ဘူး။ မပေးရင်မလုပ်နိုင်ဘူး။ ကျသလောက်ရှင်းပြီး ကြိုက်သလောက်ခိုင်းပေါ့။ သူတို့စိတ်တိုင်းကျ ရဲရဲတင်းတင်းအာမခံပြီး လုပ်ပေးနိုင်တယ်။ ကျသလောက်ပေးရင် တာဝန်ယူတယ်။ အဲဒီလိုဆိုတော့ အမှုက ၁၀ ရက်ကြာမယ်ဆိုရင် တစ်ရက်ကျပ် တစ်သိန်းနဲ့ဆို ၁၀ ရက် ကျပ် ၁၀ သိန်းပေါ့။ တချို့ကျတော့ သောကြာ၊ စနေ၊ တနင်္ဂနွေ သုံးရက်လိုက်ခိုင်းတာရှိတယ်။ တချို့ကျတော့ တနင်္လာကနေပြီး သောကြာနေ့အထိ ငါးရက်လိုက်ခိုင်းတာရှိတယ်။

■ မေး - အမှုကိုဖော်ထုတ်ပြီး တရားစွဲဆိုတာတွေရောရှိလား။
ဖြေ - အမှုလာအပ်ရင် ဖော်ထုတ်ပေးလိုက်ရင် ပြီးသွားပြီပေါ့။ ဒီအမှုကိစ္စကို ပြီးဆုံးအောင်လုပ်ပေးပါဆိုရင်လည်း ရှေ့နေအဖွဲ့ရှိတဲ့အတွက် ပြီးဆုံးအောင် လုပ်ပေးနိုင်တာပေါ့။ သူတို့ပဲ ဆက်လုပ်မယ်ဆိုလည်းရတာပေါ့။

■ မေး - အန်ကယ်တို့ အခုလုပ်ငန်းက လွှတ်တော်မှာ မကြာခင်က ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံသားများရဲ့ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေနဲ့ ငြိတယ်လို့ သိရတယ်။ အဲဒါကိုရော ဘယ်လိုတွေဆက်လုပ်ဖို့ရှိလဲ။
ဖြေ - အဲဒီဥပဒေက အရင်တုန်းက ထောက်လှမ်းရေးတွေက နိုင်ငံရေးသမားတွေကို စောင့်ကြည့်တယ်ပေါ့။ အခုခေတ်မှာ အဲဒီလိုဆက်ပြီးမဖြစ်အောင်ဆိုပြီးတော့ ပြဋ္ဌာန်းလိုက်တယ်လို့ ထင်တယ်။ အရင်ထောက်လှမ်းရေးတွေက အိမ်ရှေ့တွေမှာ လာစောင့်နေတယ်။ စောင့်ပြီးတော့ အဲဒီလူနောက်က တောက်လျှောက်လိုက်တယ်။ အဲဒီလိုတွေလိုက်လုပ်တော့ နိုင်ငံရေးသမားဆိုရင် ဘယ်သူမှနှုတ်မဆက်ရဲတော့ဘူး။ သူရဲ့ပုဂ္ဂလိက အခွင့်အရေးကို ထိခိုက်သွားတာပေါ့။ ကျွန်တော်တို့ကတော့ မထိခိုက်အောင်လုပ်ရတာပေါ့။ ကျွန်တော်တို့က စုံစမ်းတယ်၊ မေးမြန်းတယ်။ ဒါပေမဲ့ ကိုယ်တွေလိုက်တဲ့သူကို အနှောက်အယှက်မဖြစ်စေရဘူး။ အဲဒီဥပဒေနဲ့မငြိအောင် လုပ်တာပေါ့။ အမှုလိုက်တဲ့သူရဲ့ ပုဂ္ဂိုလ်ရေးကို မထိခိုက်စေဖို့တော့ လိုတာပေါ့။ လျှို့ဝှက်လုပ်ငန်းဆိုတော့ သူ့ကိုအနှောင့်အယှက်မဖြစ်အောင် အလုပ်လုပ်ရတာပေါ့။ စိုးရိမ်တာကတော့ ရဲတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့မလား၊ ထိပ်တိုက်ဖြစ်စရာ အကြောင်းတွေလည်းရှိတယ်။ ရဲတပ်ဖွဲ့က အဖြေထုတ်တာကို ကိုယ်တွေက မဟုတ်ပါဘူးပြောရင် ထိပ်တိုက်တွေ့လာနိုင်စရာတွေ ရှိတာပေါ့။ ရဲတပ်ဖွဲ့ကလည်း ကြိုက်ချင်မှ ကြိုက်မှာပေါ့။ မကြိုက်တဲ့သူ များနိုင်တယ်။ အမေရိကန်မှာဆို ခရိုင်ရဲမှူးက စုံထောက်လိုင်စင် ထုတ်ပေးပိုင်ခွင့်ရှိတယ်။ စုံထောက်လိုင်စင်က တစ်ယောက်ချင်းကိုလည်းပေးတယ်။ လုပ်ငန်းအလိုက်လည်းပေးတယ်။ ငါးယောက်ရှိတယ်ဆိုရင်လည်း ငါးယောက်စလုံးကို စုံထောက်လိုင်စင်ထုတ်ပေးတယ်။ ခရိုင်ရဲမှူးက ထုတ်ပေးတာ။ ဒီမှာကျတော့ ပြည်ထဲရေးဝန်ကြီးတောင်မှ အထက်ကိုတင်ပြပြီးမှ လုပ်လို့ရမယ်ထင်တယ်။ ဒီကိစ္စက ရဲတပ်ဖွဲ့တစ်ခုတည်းလည်းမဟုတ်ဘူး။ SB တို့၊ စရဖတို့ သူတို့ကလည်း ထောက်ခံမှရမှာ။ အဲဒီလိုတွေရှိတော့ လိုင်စင်ရဖို့က ခက်ခဲကြန့်ကြာနိုင်တာပေါ့။ ကျွန်တော့အဖွဲ့ လုပ်မယ်လို့ကြေညာပြီးတော့ နောက်ထပ်နှစ်ဖွဲ့ကလောက်လားမသိဘူး လုပ်မယ်လို့ကြောညာသေးတယ်။ ပြီးတော့ပျောက်သွားရော။ မလုပ်ရဲတော့ဘူး။ ဒီကိစ္စ၊ ဒီလုပ်ငန်းတွေက ကိုယ့်ဖက်က ရပ်တည်ချက် မှန်ကန်မှဖြစ်မှာလေ။ ကျွန်တော်တို့ကတော့ ရဲတပ်ဖွဲ့နဲ့လည်း ပူးပေါင်းဆောင်ရွက်မယ်။ ဥပေဒနဲ့လည်းအညီလုပ်မယ်။

■ မေး - လုပ်ငန်းလည်ပတ်တဲ့ ရှစ်လလောက်အတွင်းမှာ စိတ်ဝင်းစားစရာကောင်းတဲ့ အမှုမျိုးတွေလာအပ်ထားတာရှိလား။
ဖြေ - ရှိတာတော့ရှိတယ်။ ဒါပေမယ့်လည်း လျှို့ဝှက်ထားရမယ့် အပိုင်းတွေကြောင့် မပြောတာပါ။ လုပ်ခဲ့တာတွေကတော့ များပါတယ်။ လူပျောက်တာရှိတယ်။ ရာဇဝတ်မှု၊ တရားမမှု။ နောက်ပြီးတော့ လူတစ်ယောက်အကြောင်းကို စုံစမ်းခိုင်းတာတွေ၊ တပည့်တစ်ယောက်ကို ဒီလူတစ်ယောက်ကို တနေကုန်စောင့်ကြည့်ခိုင်းလိုက်ရင် အရမ်းပျင်းဖို့ကောင်းတယ်။ မျက်ခြေမပျက် ကြည့်ရတာတွေရှိတယ်။ တချက်လွတ်သွားတာနဲ့ ပျောက်သွားတာတွေရှိတယ်။ နောက်ပြီးလုပ်ငန်းမှာက ထောက်လှမ်းရေးပညာကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ လုပ်နိုင်တဲ့သူတွေလည်းရှိတယ်။ နောက်ပြီး အာဆီယံနိုင်ငံတစ်ခုက အလွတ်စုံထောက်အဖွဲ့က လုပ်ငန်းပူးပေါင်းချင်တယ်ဆိုပြီး လာချိတ်ထားတာတွေရှိတယ်။ အဲဒီအဖွဲ့နဲ့ လုပ်ငန်းနှစ်ခုလောက်တွဲပြီးတော့ လုပ်ခဲ့တာတွေရှိတယ်။ ဥပဒေနဲ့ပတ်သက်တာ တစ်ခုပါတယ်။ နောက်တစ်ခုက သတင်းစုံစမ်းခိုင်းတာလေးတစ်ခုပါ။ လျှို့ဝှက်ထားရမှာဆိုတော့ အာဆီယံနိုင်ငံတစ်ခုလို့ပဲ ပြောပါရစေ။

■ မေး - ဒီလုပ်ငန်းကို အောင်မြင်မယ်လို့ ထင်ပါသလား။
ဖြေ - အောင်မြင်မယ်လို့တော့ထင်တယ်။ ယုံကြည်ပြီးတော့လုပ်တာကိုး။ ဒီထက်ပိုပြီးတော့ အရှိန်ရလာမယ်လို့လည်း ယုံကြည်ပါတယ်။ အကျိုးအမြတ်အနေနဲ့ကတော့ နည်းနည်းပါးပါးလောက်ပဲရတာပါ။ အခုထိ။ မတတ်နိုင်တဲ့သူတွေများတော့ စုံစမ်းခတွေပြောလိုက်ရင် နောက်ဆုတ်သွားတဲ့သူတွေများတယ်။ အတတ်နိုင်ဆုံးတော့ လျော့ပြီးလုပ်ပေးပါတယ်။ ကိုယ်လျော့ပေးတာတောင် မလုပ်နိုင်ဘူးဆိုတော့လည်း မတတ်နိုင်ဘူးပေါ့။ မတတ်နိုင်လို့ မလုပ်ရတာတွေလည်းရှိတယ်။ ငွေကြေးချောင်လည်သူတွေနဲ့ကတော့ လုပ်ကိုင်ရတာ အဆင်ပြေတာပေါ့။