တောင်ဒဂုံအမှတ် (၁) မဲဆန္ဒနယ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီနှင့် တွေ့ဆုံမေးမြန်းခြင်း

တောင်ဒဂုံအမှတ် (၁) မဲဆန္ဒနယ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီနှင့် တွေ့ဆုံမေးမြန်းခြင်း
Published 25 September 2017

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်က တောင်ဒဂုံမြို့နယ်မှာ အောင်ဗောဓိဘုရားဝင်းထဲက အလှူခံပုံးဝမှာတစ်နေတဲ့ ကျပ် ၃၀၀ ကို ကလေးသူငယ်သုံးဦးက အမွှေးတိုင်တုတ်နဲ့ ကလော်ထုတ်ပြီး ယူခဲ့တဲ့အတွက် ဘုရားဂေါပကအဖွဲ့ဝင်တစ်ဦးက တောင်ဒဂုံမြို့မရဲစခန်းကို တိုင်တန်းခဲ့ပါတယ်။ ဒီလိုတိုင်တန်းမှုကြောင့် တောင်ဒဂုံမြို့မရဲစခန်းကနေ ကလေးသူငယ်သုံးဦးကို (ပ) ၁၇၂၆။ ၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ  ၃၇၉ နဲ့ အမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။ ဒီအမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ လိုက်လံဆောင်ရွက်ပေးနေတဲ့ တောင်ဒဂုံအမှတ် (၁) မဲဆန္ဒနယ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီနဲ့ တွေ့ဆုံမေးမြန်းခဲ့တာတွေကို ပြန်လည်ကောက်နုတ် ဖော်ပြပေးလိုက်ပါတယ်။

 

ဌာနဆိုင်ရာအဖွဲ့အစည်းတွေကို ဖိအားလှမ်းပေးခိုင်းတဲ့ပုဂ္ဂိုလ်ကို ထိထိရောက်ရောက် အရေးယူရမှာပါ။ အဲဒါ အရမ်းအရေးကြီးတဲ့အချက်ပါ . . .

 

■ မေး ။ အခုဖြစ်သွားတဲ့ ကလေးငယ်သုံးဦးကိစ္စနဲ့ ပတ်သက်လို့ ဆရာ့အနေနဲ့ ဘယ်လို မြင်ပါသလဲ။

■ ဖြေ ။ လက်ရှိဖြစ်စဉ်မှာတော့ ကလေးတွေ ၁၃ ရက်က အလှူခံပုံးကနေ ပိုက်ဆံ ၃၀၀ ကို ကလော်ထုတ်လို့ ဖမ်းခံရတယ်။ ဖမ်းမိတဲ့အခါမှာ သက်ဆိုင်ရာလူကြီးတွေက ကလေးတွေမှာ မိဘရှိတဲ့အပြင် ကျောင်းတက်နေရလို့ ခံဝန်လက်မှတ်ခိုင်းပြီး ပြန်လွှတ်ပေးလိုက်တယ်။ အဲဒီအပေါ်မှာ ပြန်ဖမ်းခံရတာက ထူးခြားမှုတစ်ခုပါ။ အဲဒီကိစ္စကို ကျွန်တော်တို့ စုံစမ်းဖော်ထုတ်ဖို့ လိုပါတယ်။ ဖိအားတွေရှိတယ်ဆိုတာကို ကျွန်တော်တို့က သိရတယ်။ အဲဒီမှာ သက်သေတွေလည်း ရှိပါတယ်။ ဖုန်းဆက်ထားတဲ့ဟာတွေ သက်သေအဖြစ် ကျွန်တော်တို့မှာ ရှိပါတယ်။ အဲဒါကိုလည်း ဖော်ထုတ်ပေးရပါမယ်။ နောက်တစ်ခုက ငွေကျပ် ၃၀၀ လောက် ခိုးတယ်ဆိုတဲ့ကိစ္စမှာ ဒီကလေးတွေကို အာမခံရဖို့တောင်မှ ကျွန်တော် မနည်းကြိုးစားနေရတယ်။ ဒါဟာလည်း ထူးခြားမှု တစ်ခုပါပဲ။

■ မေး ။ ကလေးတွေကို စာမေးပွဲဖြေဆိုခွင့်ရဖို့အတွက် သန်လျင်လူငယ် လေ့ကျင့်ရေးကျောင်းကိုသွားပြီး ခွင့်တင်တယ်လို့ သိရပါတယ်။ အဲဒါ ဘယ်လိုအခြေအနေ ရှိပါသလဲ ဆရာ။

■ ဖြေ ။ ဒီနေ့ (စက်တင်ဘာ ၂၁ ရက်) မှာ ကျွန်တော့်အနေနဲ့ သန်လျင်လူငယ် လေ့ကျင့်ရေးကျောင်းကို ရောက်နေပါတယ်။ သန်လျင်လူငယ် လေ့ကျင့်ရေးကျောင်းကိုလာရတာက အမှုဖွင့်ခံထားရတဲ့ ကလေးတွေက လာမယ့်စက်တင်ဘာ ၂၆ ရက်မှာ စာမေးပွဲ စဖြေရမယ်။ ကလေးတွေ စာမေးပွဲဖြေဆိုခွင့်ရဖို့အတွက်ကို သန်လျင်လူငယ်လေ့ကျင့်ရေး ကျောင်းကနေ ကလေးငယ်တွေကို ခွင့်နဲ့လာပြီးထုတ်တာပါ။ သန်လျင်လူငယ်လေ့ကျင့်ရေး ကျောင်းအုပ်ကြီးက ကလေးတွေ စာမေးပွဲဖြေဖို့ကို ခွင့်ပေးမယ်ဆိုတော့ ဒါက ဝမ်းသာစရာပါ။ ကလေးတွေအနေနဲ့ကလည်း မိဘတွေရဲ့ အရိပ်အာဝါသကို စာမေးပွဲဖြေဆိုရမယ့်အချိန်မှာ ပြန်ရောက်လာတဲ့အတွက် ထပ်ပြီးတော့ ကလေးတွေ အာမခံရအောင်လို့ ကျွန်တော် ဆက်ကြိုးစားပါ့မယ်။ မြို့နယ်တရားသူကြီးတွေကလည်း ဒီအမှုအပေါ်မှာ အချက်အလက်ပြည့်စုံရင် အာမခံပေးမယ်လို့ ကျွန်တော် သိထားပါတယ်။

■ မေး ။ ဒီအမှုကိစ္စနဲ့ပတ်သက်လို့ ဆရာ့အနေနဲ့ စာတင်တယ်လို့ သိရပါတယ်။ အဲဒီစာတင်တဲ့ ကိစ္စကိုလည်း သိချင်ပါတယ်။

■ ဖြေ ။ ဒီအမှုကိစ္စနဲ့ပတ်သက်လို့ ဝန်ကြီးချုပ်ဆီကို စက်တင်ဘာ ၁၉ ရက်က ကျွန်တော် စာတင်ပြီးသွား ပါပြီ။ လွှတ်တော်ဥက္ကဋ္ဌဆီ စာတင်ထားပါတယ်။ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဆီကို ကျွန်တော် စာတင်ထားပါတယ်။ လူမှုရေးဝန်ကြီးဆီကို တင်ထားပါတယ်။ ကျွန်တော်ပါဝင်တဲ့ လွှတ်တော်လူမှုရေးရာနဲ့ စီမံခန့်ခွဲရေးကော်မတီကိုလည်း တင်ထားပါတယ်။ အဲဒီလိုမျိုး ကျွန်တော်တင်လိုက်လို့ စုံစမ်းစစ်ဆေးတဲ့ဟာတွေက ထူးခြားလာတာပါ။ ကျွန်တော်စာတင်တဲ့အခါမှာ ဒီကိစ္စကို စုံခုံစစ်ဆေးပေးဖို့ တင်ခဲ့ပါတယ်။ ဘာကြောင့်တင်လဲဆိုတော့ အဲဒီ ဖိအားပေးမှုတွေ ပေါ်ပေါက်လာအောင်လို့ ဖြစ်ပါတယ်။ ကျွန်တော်ဒီလိုမျိုး စက်တင်ဘာ ၁၉ ရက် မနက်ပိုင်းမှာ စာတင်လိုက်တာနဲ့ အစိုးရပိုင်း လူကြီးတွေက ချက်ချင်းဆိုသလို အဲဒီနေ့ ညနေပိုင်းမှာပဲ အဲဒီကိစ္စကို စုံခုံစစ်ဆေးပါတယ်။ အခုဆိုရင် အဖြေတစ်ခုလောက် ထွက်နေပြီလို့ ကျွန်တော်ထင်ပါတယ်။

■ မေး ။ ခံဝန်နဲ့ ပြန်လွှတ်ပေးပြီးဖြစ်တဲ့ ကလေးတွေကို ပြန်လည်ဖမ်းဆီးပြီး အမှုဖွင့်တဲ့အပေါ်မှာ ဆရာ့အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

■ ဖြေ ။ စခန်းမှူးက ခံဝန်ထိုးခိုင်းပြီး ပြန်လွှတ်ပေးပြီးတော့မှ ဒီလို ပုဒ်မမျိုး တပ်ရတယ်ဆိုတဲ့ဟာကလည်းပဲ ဘယ်လို ဖိအားပေးမှုမျိုး ရှိသလဲဆိုတဲ့အပေါ်မှာ ကျွန်တော်တို့ ပြန်သုံးသပ်ဖို့ လိုပါတယ်။ စခန်းမှူးကိုလည်း ကျွန်တော်တို့ နားလည်ပါတယ်။ သို့သော်လည်းပဲ တကယ့်တကယ်တမ်း ပြည်ထဲရေးဌာနက ကျွန်တော်တို့ အစိုးရလက်အောက်မှာ ရှိတယ်ဆိုဒါမျိုးတွေဖြစ်မှာ မဟုတ်ဘူး။ သူတို့မှာ ဆင့်ကဲဆင့်ကဲ စိုးရိမ်ပူပန်ရတာမျိုး အပိုင်းတွေများ ရှိနေမလားဆိုတဲ့ အတွေးတွေက ကျွန်တော့်အနေနဲ့ တွေးထင်မိပါတယ်။ စခန်းမှူးကိုလည်း စက်တင်ဘာ ၁၉ ရက်က ကျွန်တော် ဆက်သွယ်တဲ့အခါမှာသူ့ကို စုံခုံဖွဲ့စစ်ဆေးတဲ့အခါမှာ သူ့အနေနဲ့ မခြွင်းမချန် ဖြေထားတယ်လို့ ပြောပါတယ်။ သူ့ဆီကို ဘယ်သူက ဖုန်းဆက်ပြီး ပြောတာတွေကိုပါ ဖြေထားပါတယ်ဆိုတော့ ပေါ်ပေါက်လာလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ထားပါတယ်။

■ မေး ။ ဒါဆို ကလေးတွေ ပြန်အဖမ်းခံရတာဟာ ဖိအားတစ်ခုခု ရှိနေတယ်ဆိုတဲ့ သဘောလား ဆရာ။

■ ဖြေ ။ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေကို ဖိအားလှမ်းပေးခိုင်းတဲ့ ပုဂ္ဂိုလ်ကို ထိထိရောက်ရောက်  အရေးယူရမှာပါ။ အဲဒါအရမ်းအရေးကြီးတဲ့ အချက်ပါ။ ကျွန်တော့်အနေနဲ့ကတော့ အမုန်းတရားလည်း မရှိပါဘူး။ အငြိုးတရားလည်း မရှိပါဘူး။ ဝန်ထမ်းတွေ နေရထိုင်ရခက်လောက်အောင်လို့ လူတစ်ဦးတစ်ယောက်ရဲ့ ဂုဏ်အရှိန်အဝါကို သုံးပြီးတော့ ဖိအားပေးတယ်ဆိုတဲ့ ကိစ္စမျိုးကို ကျွန်တော်တို့ လူကြီးတွေကလည်း လုံးဝမကြိုက်ပါဘူး။ လက်ရှိ ပြည်သူတင်တဲ့ အစိုးရ၊ ပြည်သူတင်တဲ့ ဝန်ကြီးတွေကလည်းပဲ ဒီကိစ္စကို အင်မတန် မုန်းပါတယ်။ သူတို့အနေနဲ့ ဘယ်သူ ဘယ်ဝါကို ဖိအားသုံးတယ်ဆိုတဲ့ဟာကို ပေါ်ပေါက်အောင် စစ်ရမှာပါ။ စစ်ပြီးတဲ့အခါမှာ ဖိအားသုံးတယ်ဆိုတာမျိုး ပေါ်ပေါက်ရင် ထိထိရောက်ရောက် အရေးယူရမှာပါ။

■ မေး ။ စုံခုံစစ်ဆေးတဲ့ အဖြေကဘယ်တော့ လောက်ထွက်လာမယ်လို့ ဆရာ့အနေနဲ့ ထင်ပါသလဲ။

■ ဖြေ ။ စုံခုံစစ်ဆေးမှု အဖြေကို ကျွန်တော်ကတော့ အမြန်ဆုံး ပေါ်စေချင်ပါတယ်။ ဝန်ကြီးတို့အနေနဲ့ ဒီစစ်ဆေးမှုတွေ ဘယ်တော့လောက် ပေါ်ပေါက်နိုင်မလဲဆိုတာကိုလည်း ကျွန်တော်ကတော့ မေးနေမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတင်တဲ့ အစိုးရလက်ထက်မှာ လူထုကို ကယ်တင်ဖို့ပဲ ရှိပါတယ်။ လူထုကို ချောက်ထဲကျအောင် လုပ်ဖို့က ဘယ်တော့မှ မရှိပါဘူး။ လူထုကို  ချောက်ထဲကျ အောင်လုပ်တယ်ဆိုတာတွေက ပယောဂတွေ ပါပါတယ်။ ဒါတွေကို စုံစမ်းစစ်ဆေးဖို့ လိုအပ်ပါတယ်။ အမြန်ဆုံးနည်းနဲ့ လူထုသိအောင်ချပြဖို့ လိုပါတယ်။ ဥပဒေအရ ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်မယ်ဆိုရင်တော့ နောက်နောင်မှာ လူထုစိတ်မချမ်းမသာဖြစ်မယ့် ကိစ္စမျိုးတွေ၊ ဖိအားပေးမယ့် ကိစ္စမျိုးတွေ၊ ဖြစ်မလာတော့ဘူးလို့ ကျွန်တော်ယူဆပါတယ်။ နောက်တစ်ခုက တောင်ဒဂုံက ပြည်သူတွေဟာ ဒီကလေး တွေကိစ္စနဲ့ပတ်သက်လို့ ဆန္ဒထုတ်ဖော်ဖို့ ကြိုးစားနေပါတယ်။

■ မေး ။ ကျွန်တော် မေးမြန်းခဲ့သမျှအပေါ်မှာ ဆရာ့အနေနဲ့ ဘာများဖြည့်စွက်ပြောချင်တာ ရှိပါသလဲ။

■ ဖြေ ။ ကလေးတွေကို တရားစွဲတင်သင့်၊ မတင်သင့် အပိုင်းကတော့ ဥပဒေပိုင်းက ဆုံးဖြတ်ပါလိမ့်မယ်။ ဆယ်ကျော်သက်အရွယ် ကလေးတွေကို အမှုကြီးတပ်ပြီးတော့မှ ထောင်ကျအောင်လုပ်နေတာကို တစ်နိုင်ငံလုံးက ပြည်သူတွေကလည်း နားစွင့်နေတယ်ဆိုတာ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။

ဆန်းမိုးထွန်း

Most Read

Most Recent