မြင့်မြတ်နှင့် တွေ့ဆုံခြင်း

မြင့်မြတ်နှင့် တွေ့ဆုံခြင်း
Published 24 September 2017

အနုပညာလောကမှ တောက်ပတဲ့အနုပညာ ကြယ်ပွင့်တစ်ယောက်အဖြစ် အောင်မြင်မှုတွေ၊ ပရိသတ်ချစ်ခင်နှစ်သက် အားပေးမှုတွေ အများအပြားနဲ့ ရပ်တည်နေတဲ့ အနုပညာရှင်တစ်ဦးကတော့ မြင့်မြတ်ပါ။ သူ့ရဲ့သရုပ်ဆောင်မှုတွေကို ပရိသတ်တွေက ချီးမွမ်းရသူတစ်ဦးဖြစ်သလို ၂၀၁၇ ခုနှစ်ထဲမှာ ရုံတင်ပြသခဲ့တဲ့ မြင့်မြတ်ရဲ့ရုပ်ရှင်ဇာတ်ကားတွေကလည်း အောင်မြင်မှုတွေ များစွာရရှိခဲ့သလို ဗီဒီယိုဇာတ်ကားတွေကလည်း ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ သရုပ်ဆောင်မှုဟန်ပန်တွေ၊ အသံတွေ ဖြစ်ခဲ့ရပါတယ်။ စက်တင်ဘာ ၂၉ ရက်ကစပြီး နိုင်ငံတဝန်းက ရုပ်ရှင်ရုံ အများအပြားမှာ ရုံတင်ပြသတော့မယ့် ဇွတ်ကျား ရုပ်ရှင်ဇာတ်ကားမှာလည်း မြင့်မြတ်ရဲ့ထူးခြားတဲ့ သရုပ်ဆောင်မှုကိုမြင်တွေ့ရဦးမှာဖြစ်လို့ မြင့်မြတ်ရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုတွေနဲ့ ဇွတ်ကျား ဇာတ်ကားနဲ့ပတ်သက်တဲ့ အမှတ်တရတွေ သရုပ်ဆောင်မှုတွေအကြောင်းကို မေးမြန်းဖြစ်ခဲ့ပါတယ် . . . . . .

 

မေး - လက်တလော အနုပညာ လှုပ်ရှားမှုတွေကို အရင်သိပါရစေ။

ဖြေ - လက်ရှိမှာက 'မင်္ဂလာရှိတဲ့အရပ်' ရုပ်သံ ဇာတ်လမ်းတွဲအတွက် လက်ကျန်ဇာတ်ဝင်ခန်းတွေကို ပြီးအောင် ရိုက်ကူးနေပါတယ်။ နောက်ပြီး 'ဇွတ်ကျား' ရုပ်ရှင်ကားကိုလည်း ပရိသတ်တွေ ကြည့်ရတော့မှာပါ။ နောက်ထပ်ရုပ်ရှင် ဇာတ်ကားတွေလည်း ရိုက်ကူးသွားဖို့ရှိပါတယ်။

 

မေး - ဇွတ်ကျား ဇာတ်ကားမှာပါဝင်ရတဲ့ ဇာတ်ကောင်စရိုက်လေးကိုလည်း ပြောပြပေးပါဦး။

ဖြေ - ဇွတ်ကျား ဇာတ်ကားမှာတော့ ငယ်ငယ်ကတည်း မိန်းမ စိတ်ဝင်နေခဲ့ပြီး ကြီးတော့လည်း အခြောက်တစ်ယောက် ဖြစ်နေခဲ့တယ်။ ထိုင်းမှာ သွားပြီး မိန်းမအဖြစ် ခွဲစိတ်ချင်ပေမယ့် ငွေကြေး မတတ်နိုင်ဘူးဖြစ်နေချိန်မှာ ဦးလေးဖြစ်သူက ပေးမယ့်အမွေတွေကိုမက်ပြီး ယောကျ်ားတစ်ယောက်လို ဇွတ်ကျားပြီး မိန်းကလေးကိုလိုက်ပြီး ပိုးပန်းရတဲ့ ဇာတ်ရုပ်မျိုးပါ။

 

မေး - ဇွတ်ကျား ဇာတ်ကားထဲမှာလည်း သရုပ်ဆောင်တဲ့ပုံစံက နှစ်မျိုးကွဲသွားတယ်နော်။ နောက်ပြီး မတူတဲ့ပုံစံနှစ်ခုကို အချိန်တိုလေးအတွင်းမှာ အပြောင်းအလဲ လုပ်ရတာတွေလည်း ရှိတော့ အဲဒီသရုပ်ဆောင်မှုတွေမှာ အခက်အခဲကြုံရတာ ရှိလား။

ဖြေ - အဲဒါကလည်း ခြောက်နေတဲ့သူ တစ်ယောက်ကနေပြီး ဇွတ်ကျား ချင်ဟန်ဆောင်ရတာဆိုတော့ အဲဒီနှစ်ခုမှာ ပုံစံလေးကွဲအောင် သရုပ်ဆောင်ရတာမျိုးပါ။ ကျားနေရာကနေ ရုတ်တရက် ခြောက်တဲ့ပုံစံပေါက်သွားတာမျိုး၊ ခြောက်နေရာကနေ ရုတ်တရက် ယောကျ်ားပုံစံ ဖမ်းရတဲ့အခန်းတွေမှာ ရိုက်ကူးတုန်းက နည်းနည်း လွဲတာလေးတွေ ရယ်စရာလေးတွေ ဖြစ်ခဲ့တာကလွဲလို့ ခက်ခဲတယ် ဆိုတာမျိုးတော့ မရှိခဲ့ဘူး။

 

မေး - ဗိုလ်အောင်ဒင်ချစ်သော မိန်းမများဇာတ်ကားထဲက ဇာတ်ကောင်ပုံစံ နဲ့ အသံလိုမျိုးပဲ ဇွတ်ကျားမှာလည်းမတူတဲ့ လေသံ လုပ်ဖြစ်ခဲ့တဲ့အကြောင်းကိုလည်း သိပါရစေ။

ဖြေ - အဲဒါကတော့ ကိုယ့်ဘက်ကနေ စဉ်းစားတာပေါ့။ ခြောက်နေတဲ့ လူတစ်ယောက်က ယောကျ်ားတစ်ယောက်လို ဇွတ်ကျားမယ်ဆိုရင် ပုံစံကတစ်မျိုးတော့ ဖြစ်နေမှာပဲလေ။ အဲဒါလေးကို စဉ်းစားပြီး ဇာတ်လမ်းထဲမှာ အတင်းကို ရော့ခ်ကာပုံစံမျိုးဖမ်းပြီး စကားပြောတဲ့ အသံကလည်း ယောကျ်ားလိုဖြစ်အောင် အတင်းလုပ်ပြောရတဲ့ ပုံစံမျိုးလုပ်ဖို့ စဉ်းစားပြီး လုပ်ဖြစ်ခဲ့တာပါ။

မေး - ဗိုလ်အောင်ဒင်ချစ်သော မိန်းမများထဲက ဂျင်းကောင်လို လေသံမျိုးက ပရိသတ်တွေကြား အရမ်းပေါက်ခဲ့သလိုပဲ ဇွတ်ကျားမှာ သုံးတဲ့ လေသံမျိုးကရော ပရိသတ်ကြား ရေပန်းစားလာဦးမယ်လို့ ထင်လား။

ဖြေ - အဲဒီလိုတော့ ကျွန်တော့်အနေနဲ့ ကြိုမသိနိုင်ပါဘူး။ အမှန်အတိုင်း ပြောရရင် ဗိုလ်အောင်ဒင်ချစ်သော မိန်းမများဇာတ်ကားတုန်းကလည်း လုပ်သာလုပ်ခဲ့တာ ပရိသတ်တွေက ကြိုက်ပါ့မလား ဘယ်လိုတွေဝေဖန်ကြမလဲဆိုပြီး စိတ်ပူခဲ့ရတာပဲ ရှိပါတယ်။ ဇွတ်ကျားဇာတ်ကားနဲ့ အဲဒီဇာတ်ကား ရိုက်ကူးတဲ့ အချိန်တွေက သိပ်ပြီးမကွာခဲ့တော့ ဇွတ်ကျားမှာလည်း လေသံတစ်မျိုးနဲ့ သရုပ်ဆောင်ဖြစ်ခဲ့တာပါ။ ဇွတ်ကျားဇာတ်ကားထဲက ကိုယ့်ရဲ့သရုပ်ဆောင်မှုကို ပရိသတ်က ဘယ်လို တုံ့ပြန်မလဲဆိုတာတော့ ကျွန်တော်လည်း ရင်ခုန်ပါတယ်။

 

မေး - မြင့်မြတ်အနေနဲ့ မိန်းမလျာလို သရုပ်ဆောင်ရတဲ့ ဇာတ်ကောင် စရိုက်မျိုးနဲ့ ဇာတ်ကားတွေ များလာတဲ့အပေါ် ပရိသတ်တွေ အထင်လွဲမှာ စိုးရိမ်မိလား။

ဖြေ - အဲဒီလိုမျိုးတော့ မရှိပါဘူး။ ကိုယ်ဆီရောက်လာတဲ့ ဇာတ်ကို ပရိသတ်တွေနှစ်သက်မယ့် ဇာတ်မျိုးကို ရိုက်ခဲ့တာပါပဲ။ ဇာတ်လမ်းမှာ ပါတဲ့ ဇာတ်ကောင်စရိုက်အတိုင်း ကျွန်တော်က လုပ်ခဲ့တာပါပဲ။ ဇာတ်လမ်းအနေနဲ့ ကလည်း ကျွန်တော့်အတွက်တော့ ဇာတ်ကောင်စရိုက် စုံပါတယ်။ ပရိသတ်တွေကလည်း အနုပညာတစ်ရပ်အပေါ်မှာ နားလည်ပေးကြပါတယ်။

 

မေး - လက်ရှိအချိန်မှာ ကိုယ့်ရဲ့သရုပ်ဆောင်မှုတွေကို ပရိသတ်တွေက အရမ်းကိုသဘောကျ နှစ်သက်ကြတယ်ဆိုတော့ ကိုယ်တိုင်ကရော ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ထိ ကျေနပ်မှုရှိလဲ။

ဖြေ - သရုပ်ဆောင်အနုပညာကို လုပ်တိုင်းမှာ ကျွန်တော့်ဘက်က အကောင်းဆုံးဖြစ်အောင် အမြဲကြိုးစားခဲ့တယ်။ ပရိသတ်တွေက နှစ်သက်အားပေးတယ် ကိုယ့်ရဲ့ကြိုးစားမှုကို အသိအမှတ်ပြုတယ်ဆိုတဲ့အတွက် ဝမ်းသာကျေနပ်ရတယ်။ အားလည်းဖြစ်တယ်။ ကိုယ့်ကိုယ်ကိုလည်း ကျေနပ်မှုတော့ရှိပါတယ်။ ဒါပေမဲ့လည်း သရုပ်ဆောင်ပညာဆိုတာ သင်ယူလို့မပြီးဆုံးနိုင်တဲ့ ပညာတစ်ခုပါပဲ။ အဲဒီအတွက် ကျွန်တော့်ဘက်က အမြဲတမ်းကြိုးစား သင်ယူနေပါတယ်။ သင်ယူစရာတွေလည်း ရှိနေပါသေးတယ်။

 

မေး - ပရိသတ်တွေကို ပြောချင်တဲ့စကားရှိရင်။

ဖြေ - အားပေးချစ်ခင်တဲ့ ပရိသတ်တွေကို ကျွန်တော် အမြဲကျေးဇူးတင်ပါတယ်။ ကျွန်တော့်ဘက်ကလည်း အမြဲကြိုးစားသွားမှာပါ။ မကြာခင်ရုံတင်တော့မယ့် 'ဇွတ်ကျား' ဇာတ်ကားကိုလည်း ပရိသတ်တွေ လာကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။ ပရိသတ်တွေအတွက် ပျော်ရွှင်စရာ ဇာတ်ကားတစ်ကားဖြစ်မှာပါ။