ဒါရိုက်တာ အကယ်ဒမီ စည်သူကြည်စိုးထွန်းနှင့် တွေ့ဆုံခြင်း

ဒါရိုက်တာ အကယ်ဒမီ စည်သူကြည်စိုးထွန်းနှင့် တွေ့ဆုံခြင်း
Published 17 September 2017

 

မြန်မာ့ ရုပ်ရှင်လောကရဲ့ ထူးချွန်တဲ့ ဒါရိုက်တာကြီးတစ်ဦးဖြစ်ပြီး နိုင်ငံတော်က ချီးမြှင့်တဲ့ စည်သူဘွဲ့ကိုလည်း လက်ခံရရှိထားသူကတော့ အကယ်ဒမီများရှင် ဒါရိုက်တာ ကြည်စိုးထွန်းပါ။ နှစ်ကာလ အတန်ကြာ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှုတွေကိုနားထားခဲ့ပေမယ့် မြန်မာ့ရုပ်မြင်သံကြားအတွက် ဇာတ်လမ်းတိုလေးတွေ ရိုက်ကူးပေးခဲ့ပြီး မြန်မာ့ရုပ်ရှင်နဲ့ပတ်သက်တဲ့ မှတ်သားဖွယ်ရာ အစီအစဉ်တွေကိုလည်း ပုံမှန်တင်ဆက်နေသူတစ်ဦးပါ။ မကြာခင်မှာတော့ ဒါရိုက်တာ အကယ်ဒမီ စည်သူကြည်စိုးထွန်းရဲ့ ပထမဆုံး ရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးတော့မှာဖြစ်လို့ ရုပ်သံဇာတ်လမ်းတွဲနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေနဲ့ လက်ရှိလုပ်ဆောင်ဖြစ်နေတဲ့ မြန်မာ့ရုပ်ရှင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ် . . .

 

မေး - လက်ရှိလုပ်ဖြစ်နေတဲ့ အနုပညာ လှုပ်ရှားမှုတွေကို အရင်သိပါရစေ။

ဖြေ - လက်ရှိမှာကတော့ ရုပ်ရှင်အစည်းအရုံးအတွက် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဝိုင်းကူညီနေတာလေးတွေ ရှိတယ်။ နောက်ပြီး စုံထောက်ကြီး ဦးထင်ကျော်အကြောင်း ဇာတ်လမ်းတွဲရိုက်ကူးဖို့ ပြင်ဆင်နေတာလေးတွေ ရှိတယ်။ နောက်ပြီး အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ်မှာ အင်္ဂါနေ့တိုင်းမှာ ရုပ်ရှင်ဇာတ်ကား တစ်ကားစီပြပြီး အဲဒီဇာတ်ကားအကြောင်း ဆွေးနွေးမှုတွေ လုပ်တာတွေ လုပ်ဖြစ်နေတယ်။ အဲဒီအစီအစဉ်လေးက ကျောင်းရဲ့ရုပ်ရှင်ဌာနအတွက် အနုပညာလှုပ်ရှားမှု အစီအစဉ်လေးတစ်ခုအဖြစ် လုပ်ပေးဖြစ်တာပါ။ နောက်ပြီး စာပေဟောပြောပွဲလေးတွေလည်း သွားဖြစ်တယ်။

 

မေး -  မြန်မာ့ရုပ်မြင်သံကြားအတွက် လုပ်ဖြစ်နေတဲ့ အစီအစဉ်လေးတွေကိုလည်း ပြောပြပေးပါဦး။

ဖြေ - မြန်မာ့ရုပ်မြင်သံကြားအတွက်က “မှတ်မှတ်ထင်ထင် မြန်မာ့ရုပ်ရှင်” အစီအစဉ်ကို ပုံမှန်တင်ဆက်ပေးဖြစ်နေတယ်။ နောက်ပြီး Forever နဲ့ ဇာတ်လမ်းတွဲတစ်ခုအတွက် ပြင်ဆင်နေတာလည်း တော်တော်ကြာပြီ။ အဲဒီဇာတ်လမ်းတွဲလည်း ရိုက်ဖို့ ပြင်ဆင်နေတယ်။

 

မေး - စုံထောက်ကြီး ဦးထင်ကျော် ဇာတ်လမ်းတွဲအတွက် ပြင်ဆင်ထားတာတွေကိုလည်း သိပါရစေ။

ဖြေ - ဆရာကြီး ဒဂုန်ရွှေမျှားရဲ့ စုံထောက်ကြီး ဦးထင်ကျော်ဝတ္ထုတွေကို ဇာတ်လမ်းတွဲအဖြစ် ရိုက်ကူးဖို့ ပြင်ဆင်နေတာကြာနေပါပြီ။ ဆရာကြီးရဲ့ ဝတ္ထုတွေက တော်တော်များများရှိပေမယ့် အဲဒီ စုံထောက်ဦးထင်ကျော် ဝတ္ထုတွေထဲကနေ ဇာတ် လမ်းတွဲ ရိုက်ကူးဖို့အတွက် ဇာတ်လမ်း ၂၀ တော့ လောလောဆယ် ရွေးထားပါတယ်။ အဲဒီဇာတ်လမ်းတွေက အင်္ဂလိပ်ခေတ်လောက်တုန်းက ဇာတ်ဖြစ်လို့ အဲဒီခေတ်က အဝတ်အစား၊ အသုံးအဆောင်၊ ယာဉ် စတာတွေစုံအောင်ရဖို့က ခက်တယ်။ လောလောဆယ်မှာတော့ အဲဒီဇာတ်လမ်းတွဲအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို လိုက်ပြီးစုနေတယ်။ အဲဒီပစ္စည်းလေးလည်း တော်တော်များများကတော့ ရပြီ။ တချို့ပစ္စည်းတွေကျတော့ ပုံတူ လုပ်ခိုင်းရတယ်။  ဇာတ်ကားအတွက် အဲဒီခေတ်က မြင်းရထား၊ စီးကရက်ဘူးကအစ စစ်တုရင် ရုပ်လေးတွေ အထိ သေချာမှာပြီး ပုံတူလုပ်ခိုင်းရတယ်။ စီးမယ့် ကားကိုလည်း ဆက်တင်သဘောမျိုး လုပ်ဖို့ စဉ်းစားထားတယ်။ လောလောဆယ်တော့ ဇာတ်ညွှန်းပိုင်း အချောသပ်ပြီးတဲ့ ဇာတ်လမ်းတွေကို စပြီးရိုက်ဖို့ စီစဉ်နေပါတယ်။ အဲဒီ ဇာတ်လမ်းတွဲက ဇာတ်လမ်းတစ်ပိုင်းကို ဇာတ်လမ်းတစ်ပုဒ် ဖြစ်မှာဆိုတော့ အဲဒီအတွက် သရုပ်ဆောင်တွေ အများအပြား ပါဝင်မယ်။ အဓိက ဇာတ်ဆောင်ဖြစ်တဲ့ ဦးထင်ကျော်နဲ့ ဦးတင်မောင် ဇာတ်ကောင်တွေကိုတော့  Laurel Art Academy  ကလေးတွေနဲ့ပဲ ရိုက်ကူးသွားမှာပါ။ ကိုယ်ရိုက်ချင်တဲ့ ရှုတင်အိမ်ကလည်း သွားပြီး ပြင်ဆင်ရမှာလေးတွေရှိနေတာလည်း ပြင်ဆင်နေတယ်။ အားလုံးကတော့ ပြီးသလောက် ရှိနေပါပြီ။

 

မေး - စုံထောက်ကြီး ဦးထင်ကျော် ဇာတ်လမ်းတွဲကိုရော ဘယ်တော့လောက်စပြီး ရိုက်ဖြစ်မလဲ။

ဖြေ - ပြင်ဆင်စရာရှိတာလေးတွေ တော်တော်များများလည်း ပြည့်စုံနေပြီဆိုတော့ ဒီမိုးရာသီ အကုန်လောက်မှာ စပြီးရိုက်တော့မယ်။

 

မေး - ရုပ်ရှင်အတွက် သင်ရိုးညွှန်းတွေ ရေးနေတယ်လို့လည်း သိရပါတယ်။ အဲဒီသင်ရိုးညွှန်းတမ်းတွေကရော ဘယ်လောက်ပြီးသွားပြီလဲ။

ဖြေ - သင်ရိုးညွှန်းတန်းတွေက ရေးတော့ရေးနေတာပဲ ဒါရိုက်တာဘက်ကို ရေးလိုက် ဇာတ်ညွှန်းဘက်ရေးလိုက် အပြင်ရိုက်ကူးရေးတွေလုပ်နဲ့ အပြီးမသတ်နိုင်သေးတာ။

 

မေး - ရုပ်ရှင်နဲ့ပတ်သက်တဲ့ သင်ရိုးညွှန်းတမ်းတွေ ရေးဖြစ်တဲ့အကြောင်းကိုလည်း ပြောပေးပါဦး။

ဖြေ - အဲဒီသင်ရိုးညွှန်းတမ်းတွေက ရှိကိုရှိမှ ဖြစ်မှာလေ။ မြန်မာမှာက ရုပ်ရှင်နဲ့ ပတ်သက်ပြီးရေးဆွဲထားတဲ့ သင်ရိုးညွှန်းတမ်း ဆိုတာမျိုးက မရှိသေးဘူး။ ရုပ်ရှင်အစည်းအရုံးကနေပြီး ၁၉၈၀ လောက်က ရေးဆွဲထားတဲ့ သင်ရိုးညွှန်း တမ်းတစ်ခုရှိတယ်။ ဒါပေမဲ့ အဲဒါကလည်း အကြမ်းပဲရှိသေးတယ်။ အဲဒီအကြမ်းကလည်း သရုပ်ဆောင်အတွက်ပဲ ရှိသေးတယ်။ ရေးဖြစ်တဲ့ ရည်ရွယ်ချက်က တို့ဆီမှာ ရှိသင့်တဲ့လိုအပ်တဲ့ သင်ရိုးညွှန်းတမ်းလေးတွေကို ကိုယ့်အနေနဲ့ ကျောရိုးလေးလောက်ပဲဖြစ်ဖြစ် ရေးသွားချင်တယ်။ ဒါကြောင့် စာအုပ်တစ်အုပ်ဖြစ်ဖို့ သေချာရေးနေတာ။

 

မေး - ရုပ်ရှင်နဲ့ပတ်သက်တဲ့ သင်ရိုးညွှန်းတမ်းတွေနဲ့ပတ်သက်ပြီး ဘယ်လိုအကြောင်းအရာတွေကို အဓိကထားပြီး ရေးနေလဲ။

ဖြေ - ရုပ်ရှင်ဇာတ်ကား တစ်ကားနဲ့ပတ်သက်ပြီး သိကိုသိရမယ့် အချက်အလက်တွေကို ဖောင်ဒေးရှင်းဖြစ်တဲ့ အကြောင်းအရာတွေကို အဓိကထားပြီး ရေးနေတယ်။

 

မေး -  မြန်မာ့ရုပ်ရှင်နဲ့ပတ်သက်ပြီး လုပ်ဆောင်နေတဲ့ ဘဘရဲ့ လုပ်ဆောင်မှုတွေက သုတေသနလို့ပြောလို့ရသလို မှတ်တမ်းလို့လည်း ပြောလို့ရတယ်ဆိုတော့ အဲဒီအလုပ်တွေလုပ်ရတဲ့ ခံစားချက်နဲ့ ရည်ရွယ်ချက်လေးကို သိပါရစေ။

ဖြေ - ရုပ်ရှင်နယ်ပယ်ထဲမှာ ကိုယ်ဝါသနာပါတဲ့ ကိုယ်လုပ်ချင်တဲ့ အလုပ်ကို လုပ်နေရတဲ့အတွက် စိတ်ချမ်းသာတာပေါ့။ ရည်ရွယ်ချက်အနေနဲ့ကတော့ မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့်တော့မယ်။ အဲဒီလို နှစ်တစ်ရာပြည့်တဲ့အချိန်မှာ ရုပ်ရှင်သမိုင်းနဲ့ပတ်သက်တဲ့ ခိုင်ခိုင်မာမာဖြစ်တဲ့ စာအုပ်တစ်အုပ်ကတော့ ရှိသင့်တယ်လေ။ သင်ရိုးညွှန်းတမ်းက သူများလုပ်ချင်လုပ်နိုင်ပေမယ့် ရုပ်ရှင်သမိုင်း စာအုပ်ကတော့ ကိုယ်တိုင်က ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး လုပ်နေတာ ဖြစ်လို့ အဲဒီစာအုပ်လေးကိုလည်း ပြီးအောင်ရေးဖို့လည်း ပြင်ဆင်နေတယ်။

 

မေး - ရုပ်ရှင်နဲ့ပတ်သက်လို့ ဘာတွေဆက်ပြီး လုပ်ဆောင်သွားဖို့ ပြင်ဆင်ထားလဲ။

ဖြေ - ရုပ်ရှင်တွေရော ဇာတ်လမ်းတွဲတွေရော ဆက်ပြီးရိုက်ကူးသွားဖို့ စီစဉ်ထားတယ်။  လုပ်နေတဲ့ အလုပ်တွေကိုလည်း ရေးနေတဲ့ စာတွေလည်း ပြီးစီးအောင် တတ်နိုင်သမျှ လုပ်သွားရမှာပေါ့။

 

 

Most Read

Most Recent