ရခိုင်အမျိုးသားနယ်မြေ ပြန်လည်တည်ဆောက်ရေး အထောက်အကူပြု ကော်မတီ (ယာယီ) ၏ အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ သမိုင်းပညာရှင် ဒေါက်တာအေးချမ်းနှင့် တွေ့ဆုံမေးမြန်းခြင်း

ရခိုင်အမျိုးသားနယ်မြေ ပြန်လည်တည်ဆောက်ရေး အထောက်အကူပြု ကော်မတီ (ယာယီ) ၏ အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ သမိုင်းပညာရှင် ဒေါက်တာအေးချမ်းနှင့် တွေ့ဆုံမေးမြန်းခြင်း
Published 16 September 2017

ဘက်ပေါင်းစုံ ပျက်စီးပြိုကွဲနေသော အနောက်ဘက်နယ်စပ်ဒေသ ရခိုင်အမျိုးသားနယ်မြေကို အခိုင်အမာ ပြန်လည်တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် ရခိုင်ပြည်နယ်မှ ထင်ရှားသည့် ပုဂ္ဂိုလ်များ ပါဝင်သော အနောက်ဘက်နယ်စပ်ဒေသ ရခိုင်အမျိုးသားနယ်မြေ ပြန်လည်တည်ဆောက်ရေး အထောက်အကူပြု ကော်မတီ (ယာယီ) ကို အဖွဲ့ဝင် ၂၅ ဦးဖြင့် စက်တင်ဘာ ၄ ရက်က စတင်ဖွဲ့စည်းခဲ့ပြီးဖြစ်သည်။ အဆိုပါ အနောက်ဘက်နယ်စပ်ဒေသ ရခိုင်အမျိုးသားနယ်မြေ ပြန်လည်တည်ဆောက်ရေး အထောက်အကူပြု ကော်မတီ (ယာယီ) ၏ အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ သမိုင်းပညာရှင် ဒေါက်တာအေးချမ်းကို လက်ရှိ ရခိုင်ပြည်နယ် မောင်တောဒေသတွင် ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ပတ်သက်ပြီး တွေ့ဆုံမေးမြန်းထားသည်ကို ဖော်ပြလိုက်ပါသည်။

“၁၉၄၂ ခုနှစ်ကနေ ဒီကနေ့အထိ သူတို့ရဲ့ လူနေမှုဘဝဟာ လုံခြုံမှု မရှိခဲ့ဘူး။ အမြဲတမ်း ခြိမ်းခြောက်ခံနေရတယ်။ အမြဲတမ်း အကြမ်းဖက်ခြင်း ခံနေရတယ်”

မေး ■ ဆရာအနေနဲ့ ဒီအနောက်ဘက် နယ်စပ်ဒေသ ရခိုင်အမျိုးသားနယ်မြေ ပြန်လည်တည်ဆောက်ရေး အထောက်အကူပြု ကော်မတီ (ယာယီ) ရဲ့ လုပ်ငန်းစဉ်လေးတွေကို ပြောပေးပါ။
ဖြေ ■ ကျွန်တော်တို့ ကော်မတီရဲ့ အဓိက ရည်ရွယ်ချက်က ဆယ်စုနှစ်ပေါင်းများစွာ တဖြည်းဖြည်းနဲ့ ပျက်စီးယိုယွင်းလာတဲ့ အနောက်ဘက် နယ်ခြားဒေသက ရခိုင်လူနေမှုဘဝတွေ၊ ရခိုင်အမျိုးသားနယ်မြေကို ပြန်လည်တည်ဆောက်ဖို့ ဖြစ်ပါတယ်။ ဆယ်စုနှစ် များစွာလို့ အသုံးအနှုန်းကို ဘယ်လိုကြောင့် ကျွန်တော်သုံးရသလဲ ဆိုလို့ရှိရင် ဒီပြဿနာဟာ လောလောလတ်လတ် ဖြစ်လာတဲ့ ပြဿနာ မဟုတ်ဘူး။ ဒီပြဿနာဟာ ၁၉၄၂ ခုနှစ် ကာလပျက်တဲ့အချိန် အင်္ဂလိပ်အထွက် ဂျပန်အဝင်မှာ သွေးချောင်းစီးမှုဖြစ်တယ်။ ဘူးသီးတောင်၊ မောင်တောမှာ လူမျိုးသုဉ်း သန့်စင်အောင် ရခိုင်လူမျိုးတွေကို သတ်ဖြတ်တဲ့ ကိစ္စတစ်ခု ပေါ်ခဲ့တယ်။ အဲဒီအဖြစ်အပျက်ကနေ စပြီးတော့ နောက်ပိုင်းမှာ မူဂျာဟစ် သူပုန်တွေ ထတယ်။ လွတ်လပ်ရေးရတဲ့ အခါမှာ မူဂျာဟစ် သူပုန်ထတယ်။ ရိုဟင်ဂျာ လှုပ်ရှားမှုဆိုတာ ပေါ်လာတယ်။ အမျိုးမျိုး ရခိုင်အမျိုးသားတွေဟာ ခြိမ်းခြောက်မှု ခံရတယ်။ အဲဒါတွေ မကဘဲနဲ့ အခုနောက်ပိုင်းမှာ ၁၉၈၈ နောက်ပိုင်းမှာ နိုင်ငံတကာ အကြမ်းဖက်မှု အဖွဲ့တွေက နိုင်ငံတကာ ကွန်ရက်တစ်ခုကို တည်ဆောက်ပြီးတော့ ရခိုင်လူနေမှုဘဝတွေကို ပျက်စီးအောင် ရခိုင်တွေကို ဒီနေရာမှာ မနေနိုင်အောင် တဖြည်းဖြည်းနဲ့ လူဦးရေအရ တွန်းထုတ်တဲ့ ဗျူဟာတွေကို သုံးလာတယ်။ လူလှိုင်းစစ်ဆင်ရေးဆိုတာ သုံးလာတယ်။ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၇ ခုအထိ ငါးနှစ်အတွင်းမှာ ရခိုင်လူမျိုးတွေဟာ အိုးပစ်အိမ်ပစ် သုံးကြိမ်တိတိ ပြေးရပြီ။ ဒီအတွက် ရခိုင်လူထုဟာ နှစ်ပေါင်း ၇၀ ကျော် စိတ်ဒဏ်ရာတွေ အများကြီး ခံစားခဲ့ရတယ်။ လူနေမှု ဘဝတွေဟာလည်း ပျက်စီးခဲ့ရတယ်။ ယဉ်ကျေးမှု ဘဝတွေ ပျက်စီးခဲ့ရတယ်။ ဒါတွေကို ပြန်ပြီးတော့ တည်ဆောက်ဖို့ ကျွန်တော်တို့ ကြိုးပမ်းတာ ဖြစ်ပါတယ်။ လက်ရှိ ရည်ရွယ်ချက်နှစ်ခု ချထားတယ်။ အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရတဲ့ ရခိုင်ဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွေကို ကျွန်တော်တို့ ဆောင်ရွက်ပေးဖို့၊ သူတို့မှာ ကိုယ့်အိုးကိုယ့်အိမ်နဲ့ နေရာကနေ အခု ဒုက္ခသည်စခန်း။ ဒုက္ခသည်စခန်း ဆိုတာကလည်း အတည်တကျနေရာ မဟုတ်ဘူး။ ဘုန်းကြီးကျောင်းလို နေရာမျိုး၊ စာသင်ကျောင်းလို နေရာမျိုးမှာ နေရတာ ဖြစ်တယ်။ အဲဒီတော့ ဒီဟာကလည်း အခြေအနေ တည်ငြိမ်သွားလို့ စာသင်ကျောင်းတွေ ပြန်ဖွင့်တယ်ဆိုရင် ဒါ ဖယ်ပေးရမယ်။ စာသင်ကျောင်းတွေ ပြန်ဖွင့်တဲ့ အချိန်မှာ တကယ်လို့ ဟိုဘက်က သူတို့ အိုးအိမ် ပြန်နေလို့၊ ပြန်အခြေချလို့ မရတဲ့ အနေအထားဆိုရင် ဘယ်လိုလုပ်မလဲ။ ဒါတွေကို ကျွန်တော်တို့ စဉ်းစားမယ်။ လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေ လုပ်ပေးမယ်။ စိတ်ပိုင်းအရ၊ ရုပ်ပိုင်းအရ ပံ့ပိုးကူညီသွားဖို့ ရည်ရွယ်ပါတယ်။ ၁၉၄၂ ခုနှစ်ကနေ ဒီကနေ့အထိ သူတို့ရဲ့ လူနေမှုဘဝဟာ လုံခြုံမှု မရှိခဲ့ဘူး။ အမြဲတမ်း ခြိမ်းခြောက်ခံနေရတယ်။ အမြဲတမ်း အကြမ်းဖက်ခြင်းခံနေရတယ်။ လူဦးရေအားနဲ့ တွန်းထုတ်ခြင်း ခံနေရတယ်။ ဒီအခြေအနေတွေကို သူတို့က ပြန်ပြီးတော့ ခုခံနိုင်အောင် စွမ်းအင်တစ်ခုရအောင် သူတို့ကို ကာကွယ်ပေးမယ့် ခွန်အားတစ်ခု တည်ဆောက်ပေးနိုင်အောင်၊ ကျွန်တော်တို့ ကြိုးပမ်းသွားကြရမယ်။ တကယ်လို့ နိုင်ငံတော်က အားလုံးမှာ တာဝန်မယူနိုင်ဘူးဆိုရင် သူတို့ လူ့အဖွဲ့အစည်းကို သူတို့ ကာကွယ်နိုင်လောက်တဲ့ အခြေအနေ တစ်ခုကို ဖန်တီးပေးဖို့ လိုတယ်လိ့ု ကျွန်တော်တို့ အဲဒီလိုမြင်ပါတယ်။

မေး ■ ဖွဲ့စည်းထားပြီဆိုတော့ ဆရာတို့ လုပ်ငန်းဆောင်ရွက်မှုတွေက စတင်ပါပြီလား။
ဖြေ ■ ကျွန်တော်တို့ ရှေ့အပတ်ကစပြီးတော့ ကွင်းဆင်းပြီး လေ့လာမယ်။ ဒီ အခု အထူးသဖြင့် ကျွန်တော်တို့ စစ်တွေ၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော မြို့နယ်တွေမှာရှိတဲ့ ဒေသခံတွေကို သူတို့ ဘာလိုမလဲ။ ဘယ်လိုကြောင့် ထွက်ပြေးလာရသလဲ။ ဘယ်လိုကြောင့် ဒီအခြေအနေ ဖြစ်သလဲ။ သူတို့ ထင်မြင်ချက်တွေကို ကျွန်တော်တို့ နားထောင်မယ်။ သူတို့ဆန္ဒကို ကျွန်တော်တို့က တတ်နိုင်သလောက် ဖြည့်ဆည်းပေးဖို့ ကြိုးစားမယ်။ အဲဒါ ကျွန်တော်တို့ လုပ်မယ်။ စပြီးလုပ်ဖို့ ရည်ရွယ်ချက် ရှိပါတယ်။

မေး ■ လတ်တလော အခြေအနေမှာ ဘင်္ဂါလီတွေဟာ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တိမ်းရှောင်နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဘယ်လိုမှတ်ချက် ပေးလိုပါသလဲ။
ဖြေ ■ တစ်ဖက်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်သွားကြတယ် ဆိုတာမှာ ဒီလူတွေဟာ အမှန်တကယ်ပဲ ခြိမ်းခြောက်ခံရပြီး ထွက်ပြေးသလား၊ သို့တည်းမဟုတ် ပြစ်မှုတစ်ခုခုကို ကျူးလွန်လို့ ထွက်ပြေးသွားတာလား။ အဲဒါကို စဉ်းစားရမယ်။ အခု လူလှိုင်းစစ်ဆင်ရေးဆိုပြီး ကျွန်တော် အဲဒီစကားကို သုံးတယ်။ တကယ့် လူလှိုင်းနဲ့ လူထောင်ချီပြီးတော့ ရခိုင်ရွာ သေးသေးလေးတွေကို ညာသံပေးပြီးတော့ ခြိမ်းခြောက်တယ်။ ပြီးတော့ ရဲစခန်းတွေကို ခြိမ်းခြောက်တယ်။ နောက်နေ့ကျတော့ ဒီလူတွေ ဘယ်သူပါလဲဆိုတာ အကုန်လုံးသိတယ်။ ရွာတစ်ရွာက လူ ၁၀၀၀ ထွက်လာတယ်။ အိမ်ခြေ ၁၀၀၀ တောင် မရှိတဲ့ ရွာတစ်ရွာက လူ ၁၀၀၀ တောင် ထွက်လာတယ်ဆိုလို့ရှိရင် လူတိုင်းလိုလို ဒီလှုပ်ရှားမှုမှာ ပါနေတယ်။ ဒါကို ဥပဒေကြောင်းအရ ဘယ်လိုအရေးယူမလဲ အချက်ကို အတော့်ကို ခက်ခဲတဲ့ ပြဿနာ။ အဲဒီတော့ ဒီလိုထွက်ပြေးသွားတဲ့ လူတွေဟာ ကျွန်တော့်အထင်မှာ ပြောရလို့ရှိရင် ဒီမှာပြစ်မှု တစ်ခုခု၊ ရာဇဝတ်မှု တစ်ခုခု ကျူးလွန်ပြီးမှ ထွက်ပြေးသွားတဲ့လူတွေ အများဆုံး ပါတယ်လို့ ကျွန်တော်ထင်တယ်။ အကြောက်တရားနဲ့ ထွက်ပြေးတဲ့ လူတွေလည်း မပါဘူးလို့ မဆို ပါလိမ့်မယ်။ အဲဒါကို ခွဲခြားပြီးမြင်ဖို့ လိုတယ်။

မေး ■ လက်ရှိ မောင်တောအခြေအနေနဲ့ ပတ်သက်ပြီး ကုသမဂ္ဂ အပါအဝင် နိုင်ငံတကာ မီဒီယာကရော၊ နိုင်ငံတကာ အဖွဲ့အစည်းတွေကရော စွပ်စွဲချက်အမျိုးမျိုး ပေးနေတဲ့ အပေါ်မှာ ဆရာဘယ်လို ပြောလိုပါသလဲ။
ဖြေ ■ နိုင်ငံတကာမှာက ဒီအချက်တွေကို စွပ်စွဲမယ်ဆိုရင် မျက်မြင်သက်သေ လိုတယ်။ ဒီဟာ မျက်မြင်သက်သေ ရှိသလား။ သူတို့ကတော့ ပြောတာပေါ့။ ဒီနိုင်ငံတကာက သတင်းထောက်တွေ၊ မီဒီယာတွေ ဝင်ခွင့်မပြုဘူး။ ဒါပေမဲ့ ဒီမီဒီယာတွေ ကိုယ်တိုင်က ဘက်လိုက်တဲ့ မီဒီယာတွေ အများဆုံး ဖြစ်နေတယ်။ အဲဒီ ဘက်လိုက်တဲ့ မီဒီယာတွေ ဝင်သွားလို့ရှိရင် ပိုဆိုးမယ်။ အရင်တုန်းကလည်း ဘာမှ မဟုတ်တဲ့ ကိစ္စလေးတွေကို ပုံကြီးချဲ့ပြီးတော့ ကမ္ဘာကို ဝါဒဖြန့်ခဲ့တာ များပြီ။ နောက်တစ်ခုက ရိုဟင်ဂျာ ဘာအဖွဲ့၊ ညာအဖွဲ့ ဆိုတာတွေက အမျိုးမျိုး လုပ်ကြံပြီးတော့ ဓာတ်ပုံတွေ၊ တိဘက်မှာ လူတွေသေတဲ့ ဓာတ်ပုံတွေကို ရခိုင်ပြည်မှာ ဘုန်းကြီးတွေကသတ်တဲ့ ဓာတ်ပုံတွေ လုပ်လိုလုပ်။ အဲဒီလို လိမ်ညာနေတဲ့ အဖွဲ့တွေဖြစ်တယ်။ အခြေအနေကို ပိုပြီး ရှုပ်ထွေးသွားစေနိုင်တဲ့အတွက် နိုင်ငံတော် အစိုးရက မီဒီယာတွေကို ဝင်ခွင့်မပေးတာ ဖြစ်လိမ့်မယ်။ အခု အဲဒီမှာ ဆိုလို့ရှိရင် လူမျိုးသုဉ်း သတ်ဖြတ်မှုလို့ ပြောရလောက်အောင် ဘယ်လို သက်သေအထောက်အထား ရှိသလဲ။ သတ်နေတာကို မြင်သလား သို့တည်းမဟုတ် ဘယ်လိုသတင်းတွေ၊ ဘယ်လိုအချက်အလက်တွေကို ရသလဲ။ အဲဒါကို ရှင်းရှင်းလင်းလင်း မပြနိုင်လို့ရှိရင် လူမျိုးသုဉ်း သတ်ဖြတ်တယ် ခေါ်လို့မရဘူး။

မေး ■ လက်ရှိ မောင်တောဒေသမှာ ကျေးရွာတွေ မီးရှို့ပြီးတော့ ရွာသားတွေ ထွက်ပြေးနေတဲ့ အနေအထားကိုရော ဆရာအနေနဲ့ ဘယ်လိုသိရှိထားပါသလဲ။
ဖြေ ■ ကျွန်တော် ကြားရသလောက်ကို ပြောရမယ် ဆိုရင်တော့ သူတို့ ဆုတ်ခွာတယ်ဆိုတဲ့ အခါမှာ မြေလှန်စနစ်နဲ့ ဆုတ်ခွာတယ်။ သူတို့ ပစ္စည်းတွေ အကုန်လုံးကို ဖျက်ဆီးပြီးတော့ ရခိုင်တွေ သုံးလို့မရအောင်၊ ကျန်တဲ့လူတွေ ဘာမှလုပ်လို့ မရအောင် အဲဒါ မြေလှန်စနစ်လို့ ခေါ်တယ်။ အကုန်မီးရှို့ပြီးတော့ ထွက်သွားတယ်။ ဒါက ရခိုင်ရွာသားတွေ ပါမလား။ လုံခြုံရေး တာဝန်ယူနေတဲ့ သူတွေပါမလား။ အဲဒါတွေကတော့ ပြောဖို့ အတော်ခက်တယ်။ ပြောလို့လည်း မရဘူး။ တစ်ခု စဉ်းစားရမယ့် အချက်က ကိုယ့်ခန္ဓာမှာ ဗုံးပတ်ပြီးတော့ အသေခံပြီးတော့ ဗုံးခွဲတဲ့ လူတစ်ယောက်ဟာ အိမ်လောက်ကို မီးရှို့ဖို့ ဝန်လေးလိမ့်မှာ မဟုတ်ဘူး။ ဒါ သူတို့အလုပ်ပဲ။

မေး ■ လက်ရှိအခြေအနေမှာ ရခိုင်လူမှုဘဝတွေ ပြိုပျက်ပြီး ထွက်ပြေးနေရတဲ့ အခြေအနေကို ပြန်ပြီးတော့ ထူထောင်ရေးလုပ်တဲ့ အခါမှာ ဆရာတို့ ကော်မတီကရော အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိလား။
ဖြေ ■ ကျွန်တော်တို့ကို ပူးပေါင်းဆောင်ရွက်ခွင့် ရှိတယ်ဆိုရင် ပူးပေါင်းဆောင်ရွက်မယ်။ မရဘူး ဆိုရင်လည်း ကျွန်တော့်ဘာသာ သက်သက်လုပ်မယ်။ ပူးပေါင်းဆောင်ရွက်လို့ ရမယ်ဆိုရင် ကျွန်တော်တို့ အကြံပေးမယ်။ လုံခြုံရေးကို အဓိကထားမယ်။ ပြီးတော့ ရခိုင်ရွာတွေ သူတို့ဘာသာသူတို့ ကာကွယ်နိုင်တဲ့အား၊ လုံခြုံရေးစနစ် ဒါတွေကိုလည်းပဲ ပံ့ပိုးကူညီပြီးတော့ ဖြည့်ဆည်းပေးဖို့ အစီအစဉ်တွေ ရှိပါတယ်။

Most Read

Most Recent