ကျော်ထက်အောင်နှင့် တွေ့ဆုံခြင်း

ကျော်ထက်အောင်နှင့် တွေ့ဆုံခြင်း
Published 10 September 2017

Myanmar Idol အဆိုပြိုင်ပွဲရဲ့ အစီအစဉ်တင်ဆက်သူ တစ်ဦးအဖြစ် ပရိသတ်တွေက အားပေးချစ်ခင်ခဲ့ပြီး ရုပ်ရှင်သရုပ်ဆောင်တစ်ဦး ဖြစ်လာခဲ့သူတစ်ဦးက ကျော်ထက်အောင်ပါ။ သူ့ရဲ့ ပထမဆုံး ရုံတင်ပြသခဲ့တဲ့ ဇာတ်ကားဖြစ်တဲ့ 'သူငယ်' ဇာတ်ကားမှာလည်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုနဲ့ သူ့ရဲ့သရုပ်ဆောင်မှုအပေါ်ပရိသတ်တွေက နှစ်သက် သဘောကျမှုတွေကိုလည်း ထပ်မံရရှိခဲ့ပါတယ်။ စက်တင်ဘာ ၁၅ ရက်ကနေ ၂၁ ရက်အထိ နိုင်ငံတစ်ဝန်းမှာရှိတဲ့ ရုပ်ရှင်ရုံများစွာမှာ တစ်ပြိုင်နက်ကျင်းပမယ့် မြန်မာ့ဒီမိုကရေစီ ရုပ်ရှင်ရက်သတ္တပတ်မှာ ရုံတင်ပြသမယ့် 'နေခြည်မှာ ရွှေရည်လောင်း' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း အဓိကဇာတ်ဆောင်ဖြစ်တဲ့ ကျောင်းဆရာလေး မောင်ငြိမ်းချမ်းအဖြစ် ပါဝင် သရုပ်ဆောင်ထားတဲ့ ကျော်ထက်အောင်နဲ့ တွေ့ဆုံခိုက် 'နေခြည်မှာရွှေရည်လောင်း' ဇာတ်ကား အကြောင်းအရာတွေအပြင် အခြားသော အနုပညာလှုပ်ရှားမှု အကြောင်းတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်. . . . . .

 

မေး - လက်ရှိလုပ်ဖြစ်နေတဲ့ အနုပညာလှုပ်ရှားမှုတွေကို အရင်သိပါရစေ။

ဖြေ - လက်ရှိမှာ ကြော်ငြာတချို့ ရိုက်ကူးဖို့ လက်ခံထားတာတွေ ရှိပါတယ်။ နောက်ပြီး အောင်ခေတ်မင်း ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးမယ့် ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်သွားဖို့ ရှိပါတယ်။ တချို့ပွဲလေးတွေမှာလည်း အခမ်းအနားမှူးလုပ်ဖို့ လက်ခံထားတာလေးတွေ ရှိပါတယ်။

မေး -  စက်တင်ဘာ ၁၅ ရက်မှာ စတင်ကျင်းပမယ့် မြန်မာ့ဒီမိုကရေစီ ရုပ်ရှင်ရက်သတ္တပတ်မှာ ပါဝင်ပြသမယ့် 'နေခြည်မှာရွှေရည်လောင်း' ဇာတ်ကားမှာ ပါဝင် ဖြစ်ခဲ့တာလေးကိုလည်း သိပါရစေ။

ဖြေ - ဒီဇာတ်ကားအတွက် မင်္ဂလာဇော်ရုပ်ရှင်ထုတ်လုပ်ရေးက ကျွန်တော့်ကိုစပြီး ကမ်းလှမ်းခဲ့တာပါ။ ဒီဇာတ်ကားက ပြည်သူတွေအတွက် ပညာရေးနဲ့ ပတ်သက်တဲ့ အကျိုးပြုနိုင်မယ့် အသိပညာပေးနိုင်မယ့် ဇာတ်လမ်းအဖြစ် မြန်မာ့ဒီမိုကရေစီ ရုပ်ရှင်ရက်သတ္တပတ်မှာ ပါဝင်ပြသဖို့အတွက် ရိုက်ကူးမှာလို့ သိခဲ့ရတာကြောင့် ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခဲ့တာကို ဝမ်းသာကျေနပ်ခဲ့ရပါတယ်။

မေး - ဒီဇာတ်ကားရိုက်ဖို့အတွက် ဘယ်လိုတွေ ပြင်ဆင်ခဲ့ရလဲ။

ဖြေ - ဒီဇာတ်ကား ရိုက်ကူးရတော့မယ်ဆိုတဲ့အချိန်မှာ ကျွန်တော့်ဆီ ရောက်လာတဲ့ ဝတ္ထုနဲ့ ဇာတ်ညွှန်းကို သေချာဖတ်ပါတယ်။ ဒီဇာတ်လမ်းက အမျိုးသားစာပေဆု ရရှိခဲ့တဲ့ ဝတ္ထုဖြစ်သလို ဆရာကြီး လယ်တွင်းသားစောချစ်ရဲ့ ကျောင်းဆရာဘ၀ တစ်စိတ်တစ်ပိုင်းကို ပုံဖော်ထားတာဖြစ်သလို ကိုယ်သရုပ်ဆောင်ရမယ့် ဇာတ်ကောင်က အပြင်မှာလည်း တကယ်ရှိနေတဲ့သူဖြစ်တာကြောင့် ကျွန်တော့်အတွက် ပိုပြီးတာဝန်ကြီးပါတယ်။ ဒါ့ကြောင့် ကျွန်တော့်အနေနဲ့ ဇာတ်ကားမရိုက်ခင်ကတည်းက ဆရာကြီး လယ်တွင်းသားစောချစ်ကို ကိုယ်တိုင်သွားတွေ့ပြီး ဆရာကြီးရဲ့ ဝတ်စားမှုပုံစံ၊ ပြောဆိုပြုမူမှုပုံစံတွေကို လေ့လာပြီး ဆရာကြီးကလည်း အကြံပေးတာကြောင့် သေချာ ပြင်ဆင်ပြီး ရိုက်ကူးခဲ့တာပါ။ ဒီဇာတ်ကား ရိုက်ကူးချိန်တွေမှာလည်း ဆရာကြီးနဲ့ အမြဲလို ဖုန်းအဆက်အသွယ် ရှိခဲ့ပါတယ်။

မေး - ဒီဇာတ်ကား ရိုက်ကူးခဲ့တုန်းက ကြုံရတဲ့ အခက်အခဲတွေ၊ အမှတ်တရတွေရှိရင်လည်း ပြောပြပေးပါဦး။

ဖြေ- ဒီဇာတ်ကား ရိုက်ကူးချိန်မှာ ကြုံရတဲ့ အခက်အခဲဆိုတာ မရှိပါဘူး။ ထုတ်လုပ်သူရဲ့ကံကောင်းမှု ဒါရိုက်တာရဲ့ ကံကောင်းမှုတွေလို့ပဲပြောရမယ်။ ပုပ္ပါးမှာ မိုးရွာနေတာတောင် ကျွန်တော်တို့ရိုက်ကူးရေးလုပ်တဲ့ လယ်ယား ရွာဘက်မှာ မိုးမရွာဘူး။ ရိုက်ကူးရေးလုပ်တဲ့ တစ်လျှောက်မှာလည်း ရွာသူ၊ ရွာသားတွေအားလုံးက ဝိုင်းဝန်းအားပေးခဲ့ကြသလို အရမ်းလည်း ကူညီခဲ့ကြတယ်။ ကျွန်တော်တို့အဖွဲ့သားတွေ အားလုံးကလည်း ညီညီညွတ်ညွတ်နဲ့  သေချာကြိုးစားခဲ့ကြသလို ပျော်လည်း ပျော်ရွှင်ခဲ့ရတယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်တဲ့ အမှတ်တရတွေကတော့အများကြီးပါပဲ။ တကယ့်အမှတ်တရ ဖြစ်ရတာက ရိုက်ကူးမှုတွေမလုပ်ခင် အစည်းအဝေးထိုင်ပြီး ဒီဇာတ်ကားအတွက် တိုင်ပင်ကြတော့ ဇာတ်ကားနာမည်လည်း ဝိုင်းစဉ်းစားကြတယ်။ အဲဒီအချိန်မှာ ကျွန် တော်က ငယ်ငယ်ကသင်ခဲ့ရတဲ့ ကျောင်းစာထဲက 'တို့ကျောင်း' ကဗျာလေးကို သတိရပြီး 'နေခြည်မှာ ရွှေရည်လောင်း' လို့ ပေးတာကို အားလုံးက သဘောကျပြီး ဒီနာမည်လေး ပေးခဲ့တာကတော့ တကယ့်အမှတ်တရပါပဲ။

မေး - နေခြည်မှာရွှေရည်လောင်း ဇာတ်ကားမှာ ပါဝင်ရတဲ့ ကျောင်းဆရာ ငြိမ်းချမ်းဆိုတဲ့ ဇာတ်ကောင်က ကိုယ့်အတွက် တာဝန်ကြီးတယ်လို့ ခံယူထားတော့ ရိုက်ကူးချိန်မှာ သရုပ်ဆောင်မှုပိုင်းနဲ့ ပတ်သက်ပြီး စိတ်ပူခဲ့တာ၊ ခက်ခဲခဲ့တာတွေရော ရှိလား။

ဖြေ - ဒီဇာတ်ကားမှာ ပါဝင်ရတဲ့ ကျောင်းဆရာ မောင်ငြိမ်းချမ်း ဇာတ်ရုပ်က ကျွန်တော့်အတွက် တာဝန်ကြီးတဲ့ ဇာတ်ရုပ်ပါ။ ဒါပေမဲ့ ဇာတ်ညွှန်းရကတည်းက ဆရာကြီး လယ်တွင်းသားစောချစ်နဲ့ သေချာတွေ့ပြီး တိုင်ပင်ခဲ့တာ၊ ရိုက်ကူး ရေးလုပ်နေတဲ့ တစ်လျှောက်မှာလည်း ဆရာကြီးနဲ့ အဆက်အသွယ်မပြတ် ရှိနေခဲ့ပြီး အဲဒီတုန်းက ဆရာကြီးရဲ့စိတ်ခံစားမှုတွေကို သိခွင့်ရခဲ့တာ၊ နောက်ပြီး ဇာတ်ညွှန်းပိုင်းအရ ကိုယ့်ဘက်က အကောင်းဆုံးကြိုးစားခဲ့သလို တွဲဖက်ဒါရိုက်တာ ကိုအောင်သြဘာနဲ့ ဒါရိုက်တာကြီး ဦးဇော်မြင့်ဦးတို့ကိုယ်တိုင်က ကျွန်တော့်ကို သေချာလေးသင်ပြပေးတယ်။ ဆရာဇော်မြင့်ဦးက ကျွန်တော့်ကို ဇာတ်လမ်းအခန်းတိုင်းမှာ မရိုက်ခင် သေချာပြောပြီး သရုပ်ဆောင်နေတာမျိုး မဟုတ်ဘဲ ဇာတ်မဆန်ဘဲ တကယ်ကို ခံစားမှုအပြည့်နဲ့ ဇာတ်လမ်းထဲက ဇာတ်ကောင်အတိုင်းဖြစ်အောင် သေချာသင်ကြားပြီး ရိုက်ကူးစေခဲ့ပါတယ်။

မေး- ခုချိန်မှာ ကိုယ့်ဖြတ်သန်းခဲ့တဲ့ အနုပညာလှုပ်ရှားမှုတွေအပေါ်မှာ ကျေနပ်အားမှုရှိလား။

ဖြေ- ဟုတ်ကဲ့ ကျေနပ်ပါတယ်။ ကျွန်တော်လုပ်ခဲ့ရတဲ့ အချိန်တိုင်းမှာ အချိန်ကို အကျိုးရှိအောင်အသုံးချပြီးတော့ ရာနှုန်းပြည့်ကြိုးစားခဲ့တဲ့အတွက် ကျေနပ်ပါတယ်။ ဒီဇာတ်ကားမှာဆိုရင်လည်း အခန်းတိုင်းမှာ ဆရာကြီးရဲ့သင် ကြားမှုနဲ့အခန်းတိုင်းမှာ အကောင်းဆုံးကြိုးစားခဲ့တဲ့အတွက်ရော မကြိုက်တာတွေရှိရင် ပြန်ရိုက်ခဲ့တာဖြစ်လို့ အရင်က ကျော်ထက်အောင်အနေနဲ့ရော အခု လက်ရှိ ကျော်ထက်အောင်အနေနဲ့ပါ သဘောကျပါတယ်။

မေး - နေခြည်မှာရွှေရည်လောင်း ဇာတ်ကားနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ပြောချင်တဲ့စကား ရှိရင်။

ဖြေ - ဒီဇာတ်ကားက ကျောင်းဆရာတွေ အထူးသဖြင့် နယ်တွေရွာတွေမှာ တာဝန်ကျတဲ့ ကျောင်းဆရာတွေရဲ့ အခက်အခဲတွေကို တစ်သီးပုဂ္ဂလအနေနဲ့တင် မဟုတ်ဘဲ ရပ်ရွာကိုရော တိုးတက်လာအောင် လုပ်ရတာတွေ၊ လူတွေရဲ့ စိတ်ဓာတ်တွေကို ဘယ်လိုပြောင်းလဲရတယ် ဆိုတာမျိုးတွေကို ရိုက်ကူးတင် ဆက်ထားတာပါ။ ဒီဇာတ်ကားမှာမှ မဟုတ်ပါဘူး မြန်မာ့ဒီမိုကရေစီ ရုပ်ရှင် ရက်သတ္တပတ်မှာ ပါဝင်ပြသမယ့် ဇာတ်ကားတွေတိုင်းက နိုင်ငံတော်က ရိုက်ကူးခိုင်းတဲ့ ဇာတ်ကားတွေဖြစ်ပေမယ့် နိုင်ငံရေးတွေပါတာ မဟုတ်ဘဲ ပြည်သူတွေအတွက် အသိပညာပေးတဲ့ ဇာတ်ကားမျိုးတွေဖြစ်လို့ လာကြည့်စေချင်ပါတယ်။

မေး- ပရိသတ်တွေအတွက် အမှတ်တရ စကားလေးပြောပေးပါဦး။

ဖြေ-   ခုနှစ်ရက်သားသမီးတွေအားလုံး အေးချမ်းကြပါစေလို့ အမြဲဆုတောင်းပေးပါတယ်။

 

 

Most Read

Most Recent