အမေရိကန်အေးဂျင့်များက ဝါရှင်တန်ရှိ ရုရှားကုန်သွယ်ရေးကိုယ်စားလှယ်ရုံးကို ဝင်ရောက်စစ်ဆေး

အမေရိကန်အေးဂျင့်များက ဝါရှင်တန်ရှိ ရုရှားကုန်သွယ်ရေးကိုယ်စားလှယ်ရုံးကို ဝင်ရောက်စစ်ဆေး
Published 4 September 2017

စက်တင်ဘာ၁ ရက်က ဆန်ဖရန်စစ္စကိုရှိ ရုရှားကောင်စစ်ဝန်ရုံး၏ ခေါင်းတိုင်မှ အနက်ရောင်မီးခိုးများထွက်နေသည်ကို တွေ့ရစဉ် (Photo: AFP)

အမေရိကန် ဖက်ဒရယ်အေးဂျင့်များသည် စက်တင်ဘာ ၂ ရက်က ဝါရှင်တန်ရှိ ရုရှားကုန်သွယ်ရေးသံအဖွဲ့၏ရုံး ပိတ်မပိတ် အတည်ပြုရန်အတွက်ဟုဆိုပြီး သွားရောက် စစ်ဆေးခဲ့သည်ဟု သိရသည်။ ရုရှားအစိုးရက သံတမန်ရေးအရ ဒေါသတကြီး ကန့်ကွက် နေသည့်ကြားမှ ယခုဖြစ်စဉ် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

ကုန်သွယ်ရေးကိုယ်စားလှယ်များ၏ ရုံးသည် ပိတ်ပစ်ရန် အမေရိကန်အစိုးရ၏ အမိန့်ထုတ်ခြင်းခံရသော ရုရှားသံအဖွဲ့ရုံးသုံးခုထဲမှ တစ်ခုဖြစ်သည်။ ယခုကဲ့သို့ ဝင်စစ်ဆေးနိုင်ကြောင်းကို ရုရှားသံအရာရှိများက ကြိုတင် သတင်းရရှိခဲ့သည့်အတွက် စက်တင်ဘာ ၁ ရက်က ရုရှားကောင်စစ်ဝန်ရုံးတွင် စာရွက်စာတမ်း အချက်အလက်နှင့် ပစ္စည်းများကို မီးရှို့ခဲ့ဖွယ်ရှိပြီး ရုံး၏မီးခိုးခေါင်းတိုင်မှ အနက်ရောင် မီးခိုးများ ထွက်ပေါ်လာခဲ့သည်။

“ဒီနေ့မှာပဲ ရုရှားသံအမှုထမ်းတွေဟာ နိုင်ငံခြားရေးဝန်ကြီးဌာနက အမှုထမ်းတွေနဲ့ အတူ ဆန်ဖရန်စစ္စကို၊ နယူးယောက်နဲ့ ဝါရှင်တန်ဒီစီတို့မှာရှိတဲ့ သံအဆောက်အအုံတွေကနေ ထွက်သွားကြပြီ”ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဝန်ထမ်းတစ်ဦးက ဖော်ပြခဲ့ သည်။ “ရုရှားအစိုးရက သံရုံးဝန်ထမ်းတွေကို အမှန်တကယ် ဖယ်ရှားခြင်း ရှိ မရှိ အတည်ပြုဖို့နဲ့ အဆောက်အအုံတွေရဲ့ လုံခြုံရေး၊ ကာကွယ်ရေးတို့အတွက် အခုလို သွားရောက်စစ်ဆေးရတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

စက်တင်ဘာ ၂ ရက်က အမေရိကန်အေးဂျင့်များကို ဝါရှင်တန်ဒီစီရှိ ရုရှားကုန်သွယ်ရေး ကိုယ်စားလှယ်များရုံးတွင် တွေ့မြင်ခဲ့ရသည်။ ဆိုဗီယက်ခေတ်ကတည်းက ရုရှားအစိုးရက ပိုင်ဆိုင်သည့် ထိုနေရာတွင် ရုရှားဝန်ထမ်းများသည် ရုံးအဖြစ်ရော နေအိမ်အဖြစ်ပါ အသုံးပြုကြသည်။

အမေရိကန်သည် နိုင်ငံခြားသံအဖွဲ့များ၏ လုံခြုံရေးကို ထိန်းသိမ်းထားသော ဗီယင်နာကွန်ဗင်းရှင်းနှင့်အညီ လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဌာနမှ ထိုဝန်ထမ်းက ပြောကြားခဲ့သည်။ သို့သော် ရုရှားနိုင်ငံကမူ ယခုကဲ့သို့ စစ်ဆေးမှုများ မစတင်မီကတည်းက ဒေါသူပုန်ထနေခြင်းဖြစ်သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးသည် အမေရိကန်သံအဖွဲ့၏ အကြီးအကဲအဖြစ်ထမ်းဆောင်နေသော အန်တိုနီဂေါ့ဖရေးကို ဆင့်ခေါ်ပြီး စစ်ဆေးရှာဖွေမှုပြုလုပ်မည့် အမေရိကန်အာဏာပိုင်များ၏ရည်ရွယ်ချက်ကို ကန့်ကွက်သည့် စာအား ပေးခဲ့သည်ဟု သိရသည်။ ရုရှား သတင်းအေဂျင်စီ RIA - Novosti ၌ ထိုရှာဖွေမှုများသည် ရုရှားအမှုထမ်းများရှိနေစဉ် စတင်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။ သို့သော် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်တို့သည် ယခုရှာဖွေမှုကို သက်သေအတုများ ဖန်တီးခြင်းအပါအဝင် ရုရှား ဆန့်ကျင်ရေးရန်စမှုများအတွက် အသုံးချလိမ့်မည်ဟု သတိပေးနေသည်။

အမေရိကန်ထောက်လှမ်းရေးများသည် ဆန်ဖရန်စစ္စကိုရှိ ကောင်စစ်ဝန်ရုံးသို့လည်း ဝင်ရောက်ရှာဖွေရန် စီစဉ်နေသည်ဟု ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ရော့ကမူ အမေရိကန်၏လုပ်ရပ်အပေါ် မည်သို့တုံ့ပြန်ရမည်ကို စဉ်းစားနေဆဲဟု ဆိုသည်။

 

 

Most Read

Most Recent