<

အမေရိကန်က တရုတ်သို့ နျူကလီးယားတင်ပို့မှုများကို ထိန်းချုပ်

ဇွန် ၆ ရက်တွင် ၀ါရှင်တန်၌ ဖက်ဒရယ်အရေးပေါ် စီမံခန့်ခွဲရေးအေဂျင်စီ၌ စွမ်းအင်ဝန်ကြီး ရစ်ခ်ပယ်ရီကို တွေ့ရစဉ် (Photo – AFP)

တရုတ်ထံသို့ အရပ်ဘက်သုံး နျူကလီးယားတင်ပို့မှုများကို ပိုမိုတင်းကျပ်သွားမည်ဟု အမေရိကန်က အောက်တိုဘာ ၁၁ ရက်၌ ထုတ်ပြန်ခဲ့သည်။ ထိုစဉ် သမ္မတဒေါ်နယ်ထရန့်က ကုန်သွယ်ရေးနှင့်ပတ်သက်၍ တင်းမာသော သဘောထားကိုကိုင်စွဲမည်ဟု ကတိပြုကာ အမေရိကန်များကိုနုံအသည်ဟု မထင်ရန်လည်း တဲ့တိုးသတိပေးခဲ့သည်။

တရုတ်ထံသို့ နျူကလီးယားနည်းပညာ တင်ပို့မှုတွင် ပိုမိုခက်ခဲအောင် လုပ်ဆောင်သွားမည်ဟု အမေရိကန်စွမ်းအင်ဌာနက ဆိုသည်။ ကာဗွန်ရင်းမြစ်များလျော့ကျနေစဉ် မြင့်တက်လာသည့် စွမ်းအင်လိုအပ်ချက်များအား ဖြည့်ဆည်းရန် ကြိုးပမ်းနေသည့် တရုတ်သည် နျူကလီးယား စက်ရုံသစ်များ အတွက်ကြီးထွားလာသော ဈေးကွက်အနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။

“ရှိပြီးသားအမေရိကန်-တရုတ်အရပ်ဘက် နျူကလီးယားပူးပေါင်းမှု လုပ်ငန်းစဉ်တွေရဲ့ အပြင်ဘက်ကနေ နျူကလီးယားနည်းပညာရဖို့ တရုတ်ရဲ့အားထုတ်မှုတွေမှာ အမျိုးသားလုံခြုံရေးကိစ္စတွေ ပါဝင်ပတ်သက်နေတယ်ဆိုတာ အမေရိကန်အနေနဲ့ လျစ်လျူမရှုဘဲ မနေနိုင်ပါဘူး” ဟု စွမ်းအင်ဝန်ကြီး ရစ်ခ်ပယ်ရီက ပြောကြားခဲ့သည်။ ယခု နျူကလီးယားတင်ပို့မှုအရေး၌ တင်းကျပ်ခြင်းသည် တရုတ်ကိုဖိအားပေးရန် ပိုမိုကျယ်ပြန့်လာသည့် အမေရိကန်၏ လုပ်ငန်းစဉ်များထဲမှ နောက်ဆုံးထိုးနှက်ချက် ဖြစ်ခဲ့သည်။

တရုတ်သို့ နျူကလီးယားတင်ပို့မှုများကို အဆုံးသတ်လိုက်ခြင်းမဟုတ်ကြောင်း၊ အသေးစိတ်စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်ကာ အစိုးရပိုင်တရုတ်အထွေထွေ နျူကလီးယား စွမ်းအင်ကော်ပိုရေးရှင်းနှင့် ဆက်စပ်သည့် လိုင်စင်သစ်များချပေးခြင်းကို ပယ်ချဖွယ်ရှိကြောင်း အမေရိကန်စွမ်းအင်ဌာနက ထုတ်ပြန်ခဲ့သည်။ အဆိုပါ တရုတ်အစိုးရပိုင် လုပ်ငန်းနှင့် အမေရိကန်နိုင်ငံသား ခံယူထားသူတစ်ဦးတို့သည် လိုအပ်သော ခွင့်ပြုချက် မရရှိဘဲ အမေရိကန်နည်းပညာဖြင့် အရေးပါသော နျူကလီးယားပစ္စည်းတစ်ခု တည်ဆောက်ရန်ပူးပေါင်း ကြံစည်နေသည်ဟု ယမန်နှစ်က စွဲချက်တင်ခံခဲ့ရသည်။ လက်ရှိတွင်လည်း အမေရိကန်သည် နည်းပညာအား ငြိမ်းချမ်းသော နည်းလမ်းဖြင့် သုံးမသုံး၊ တတိယနိုင်ငံသို့ထပ်မံတင်ပို့ မပို့အား စစ်ဆေးသည့် စွမ်းအင်ဌာနအပိုဒ် ၈၁၀ ခွင့်ပြုမိန့်အရ နျူကလီးယား တင်ပို့မှုများကို စေ့စေ့စပ်စပ်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

ပြီးခဲ့သည့်နှစ်က အမေရိကန်သည် တရုတ်ထံသို့ ဒေါ်လာ သန်း ၁၇၀ ဖိုးနျူကလီးယားပစ္စည်းများကို တင်ပို့ခဲ့သည်။ တရုတ်သည် ဗြိတိန်ပြီးလျှင် အမေရိကန်နျူကလီးယား တင်ပို့သူများအတွက် ဒုတိယအကြီးဆုံး ဈေးကွက်ကြီးဖြစ်သည်။

 

အမေရိကန်တို့သည် နုံအသူများ မဟုတ်ကြ

အောက်တိုဘာ ၁၁ ရက်တွင် ထရန့်က တရုတ်တို့သည် ကုန်သွယ်ရေးစစ်ပွဲအတွင်း ဂရုမစိုက်လျှင် ၎င်းတို့အပေါ် စီးပွားရေးအရ ထိခိုက်နာကျင်စေရန် လုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့သည်။

“သူတို့တစ်တွေ အကြာကြီးအခြေအနေတွေ အရမ်းကောင်းနေကြတယ်။ ကျွန်တော့်အထင် အမေရိကန်တွေကို နုံနုံအအတွေလို့ ထင်ကြပုံရတယ်။ အမေရိကန်တွေဟာ ငနုံတွေ မဟုတ်ပါဘူး” ဟု ထရန့်က အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

“အခုလည်း သူတို့ စီးပွားရေးဟာတော်တော် လေးကျနေတယ်။ ကျွန်တော်လုပ်ချင်ရင် ဒီထက်အများကြီး လုပ်လို့ရပါသေးတယ်။ ဒါပေမယ့် ကျွန်တော် မလုပ်ချင်ပါဘူး။ သူတို့ အနေနဲ့ကတော့ ဆွေးနွေးပွဲကို ပြန်လာရလိမ့်မယ်” ဟု ထရန့်က ဆိုသည်။

Ref ; AFP

October 12, 2018














Copy Protected by Chetan's WP-Copyprotect.