<

ဆင်းရဲသည့် ပါပူအာနယူးဂီနီ၌ အေပက်ထိပ်သီးအတွက် ဇိမ်ခံကားများဝယ်ယူမှုကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်ခံရ

စက်တင်ဘာ ၁၄ ရက်တွင် ပို့တ်မိုးစဘီ၌ အေပက်ထိပ်သီးကျင်းပမည့် ခန်းမဆောင်တစ်ခု၏ အတွင်းပိုင်းကို တွေ့ရစဉ် (Photo: AP)

လာမည့်လတွင်ကျင်းပမည့် အာရှ ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီး အစည်းအဝေး (အေပက်) သို့တက်ရောက် မည့်ကမ္ဘာ့ခေါင်းဆောင်များ သွားလာရေးအတွက် ပါပူအာနယူးဂီနီအစိုးရက Maserati ဇိမ်ခံ sports ကားအစီး ၄၀ ၀ယ်ယူခဲ့မှုကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရသည်။ ဆင်းရဲမှုဖိစီးသည့်နိုင်ငံတွင် ထိုငွေများအား ယင်းထက်ပိုမိုကောင်းမွန်သည့် ကဏ္ဍများ၌ သုံးစွဲသင့်ကြောင်း ဝေဖန်သူများက ပြောကြားခဲ့သည်။

တစ်စီးလျှင် လက်လီဈေးနှုန်း ဒေါ်လာ ၁၅၀,၀၀၀ ခန့်ရှိသည့် ယင်းကားများသည် ပါပူအာနယူးဂီနီ၌ ပိုလီယို၊ တီဘီအစရှိသည့် ရောဂါပိုးများ ပြန်လည်ဖြစ်ပွားနေသည့် အချိန်တွင် ရောက်ရှိလာခဲ့သည်။

ဇိမ်ခံကားထုတ်လုပ်သည့် အီတလီနိုင်ငံမှ စင်းလုံးငှားလေယာဉ်နှစ်စင်းသည် ယခုသီတင်းပတ်တွင် ပါပူအာနယူးဂီနီသို့ ရောက်ရှိခဲ့သည်။  Moresby ဆိပ်ကမ်းတွင်  ကားများချနေသည့်ပုံများသည် လူမှုမီဒီယာ တွင် ပျံ့နှံ့ပြီးနောက်မကြာမီ ဝေဖန်မှုများ ထွက်ရှိလာခဲ့သည်။

အစိုးရကို မကြာခဏဝေဖန်သူတစ်ဦး ဖြစ်သည့် မြောက်ပိုင်းပြည်နယ်အုပ်ရေးမှူး  ဂါရီဂျော့ဖ်ဖာက  ကားများအတွက်အသုံးပြုသည့်ငွေများကို ပါပူအာနယူးဂီနီ၏ နာတာရှည် လူမှုရေးဒုက္ခများကို သက်သာစေရန်အတွက် အသုံးပြုခြင်းက ပိုမိုကောင်းမွန်မည်ဟု ပြောကြားခဲ့သည်။

“ ပါပူအာနယူးဂီနီမှာ ကျန်းမာရေး၊ ပညာရေး၊ ဥပဒေ အစရှိတဲ့ ပြဿနာတွေ အများကြီးနဲ့ရင်ဆိုင်နေရတယ်။  ဒီကားတွေဝယ်တာက ဒုက္ခတွေခံစားနေရတဲ့သူတွေရဲ့ မျက်နှာကို ရိုက်ချတာလို့ ကျွန်တော် ယူဆတယ်” ဟု ၎င်းက အေဘီစီရုပ်သံသို့ ပြောကြားခဲ့သည်။

အေပက်၏ အဖွဲ့ဝင် ၄၁ နိုင်ငံတွင် ဖွံ့ ဖြိုးမှုအနည်းဆုံးဖြစ်သည့် ပါပူအာနယူးဂီနီနိုင်ငံသည် ကမ္ဘာ့ခေါင်းဆောင်များတက်ရောက်မည့် နှစ်ပတ်လည်ထိပ်သီးဆွေးနွေးပွဲကို နိုဝင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။

ဆင်းရဲမွဲတေစွာ အသက်ရှင်သန်နေသည့် ယင်းနိုင်ငံရှိ လူဦးရေ ရှစ်သန်း၏ သုံးပုံတစ်ပုံကျော်သည်  အေပက်ထိပ်သီးအစည်းဝေး လက်ခံကျင်းပရန်အတွက် ငွေကြေးများ သုံးစွဲမှုကို ကသိကအောက်ဖြစ်ခဲ့ကြသည်။ ဇိမ်ခံကားများဝယ်ယူခဲ့မှုသည် ၎င်းတို့၏ စိတ်သောကကို ပိုမိုမြင့်တက်စေခဲ့သည်။

အေပက်ဝန်ကြီး Justin Tkatchenko က ထိပ်သီးအစည်းဝေးပြီးလျှင် ယင်းကားများကို ပုဂ္ဂလိကကဏ္ဍသို့ ရောင်းချသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို ဇိမ်ခံကားများသည် အေပက်ထိပ်သီးများ၌ နိုင်ငံ ခေါင်းဆောင်များအား သယ်ယူပို့ဆောင်ရာတွင် အသုံးပြုသော အဆင့်အတန်းများနှင့် အညီဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို ထိပ်သီးအပြီးတွင် ရောင်းချမည့် ယင်းကားများအား ၀ယ်ယူမည့်သူများ ရှိနေပြီဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိကကဏ္ဍက ပေးချေသော ကားများသည် နိုင်ငံတော်က ကျခံရသည့် ကုန်ကျ စရိတ်မပါဘဲ အေပက်ထိပ်သီးအတွက် အသုံးပြုရန် အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

October 12, 2018














Copy Protected by Chetan's WP-Copyprotect.