အိုင်ဗရီကို့စ်သမ္မတဟောင်း ဘက်ဘိုက စွဲချက်အားလုံးရုပ်သိမ်းပေးရန် ICC ကို တောင်းဆိုမည်

အိုင်ဗရီကို့စ်သမ္မတဟောင်း ဘက်ဘိုက စွဲချက်အားလုံးရုပ်သိမ်းပေးရန် ICC ကို တောင်းဆိုမည်
Published 30 September 2018

၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၈ ရက်တွင် သည်ဟိဂ်ရှိ အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံး၌ ကြားနာမှုမစတင်မီ အိုင်ဗရီကို့စ်သမ္မတဟောင်းဘက်ဘိုကို တွေ့ရစဉ် (Photo: AFP)

အိုင်ဗရီကို့စ်သမ္မတဟောင်း လောရင့်ဘက်ဘိုသည် ခုနစ်နှစ်ကြာ ထိန်းသိမ်းခံရပြီးနောက် ၎င်းအား စွပ်စွဲထားသော လူသားချင်း ရာဇဝတ်မှု ကျူးလွန်သည့်  စွဲချက်အားလုံးကို ရုပ်သိမ်းပေးရန်နှင့် ၎င်းအား ပြန်လွှတ်ပေးရန် အောက်တိုဘာ ၁ ရက်တွင်  ICC ၌ တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုအခါ အသက် ၇၃ နှစ်ရှိပြီဖြစ်သော ဘက်ဘိုသည် သည်ဟိဂ်အခြေစိုက် ICc သို့ ပထမဆုံး လွှဲပြောင်းပေးခံခဲ့ရသော နိုင်ငံခေါင်းဆောင်တစ်ဦးဖြစ်ပြီး ၂၀၁၆ နောက်ပိုင်းမှစပြီး ရုံးတင်စစ်ဆေးခံနေရသည်။ အနောက် အာဖရိကနိုင်ငံ အိုင်ဗရီကို့စ်တွင် လွန်ခဲ့သော ရှစ်နှစ်က ရွေးကောက်ပွဲလွန် အကြမ်းဖက်မှုများ၌ လူသားချင်း ရာဇဝတ်မှု ကျူးလွန်သည့်  စွပ်စွဲချက်လေးခုကို ဘက်ဘိုက ရင်ဆိုင်နေရသည်။

နှစ်နှစ်ကျော်ကြာ ရုံးတင်စစ်ဆေးခံရပြီးနောက် စွဲချက်များအား သက်သေမပြနိုင်ကြောင်း ဘက်ဘို၏ရှေ့နေများက ယူဆထားပြီး စွဲချက်အားလုံးမှ ကွင်းလုံးကျွတ်လွှတ်ပေးရန်နှင့် ဘက်ဘိုကို ချက်ချင်းလွှတ်ပေးရန် တောင်းဆိုနေခြင်းဖြစ်သည်။

“မစ္စတာ ဘက်ဘိုဟာ မတရားမှုကို ခံနေရပါတယ်” ဟု ဘက်ဘို၏ ပါတီ Ivorian Popular Front (FPI) အပါအဝင် နိုင်ငံရေး ညွန့်ပေါင်းအဖွဲ့၏ လူငယ်ဥက္ကဋ္ဌ ဂျက်စတင်ကူအာက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။ ရွေးကောက်ပွဲတွင် အရေးနိမ့်ခဲ့ပြီးနောက် ဘက်ဘိုကို အာဏာတည်မြဲစေရန်အတွက် လူရာပေါင်းများစွာကို သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံထားရသော မျိုးချစ်လူငယ်တပ်ဖွဲ့၏ ခေါင်းဆောင်၊ ဘက်ဘို၏ညာလက်ရုံး ချားဘလေဂိုဒီကိုလည်း စွဲချက်အားလုံးမှ ကွင်းလုံးကျွတ်လွှတ်ပေးရန် တရားခံ ရှေ့နေများက လိုလားနေသည်။

ပြိုင်ဘက် အလက်ဇန်အိုတာရာကို ရှုံးနိမ့်ကြောင်း ဘက်ဘိုက လက်မခံခဲ့သောကြောင့် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာမှ ၂၀၁၁ ခု နှစ်အစောပိုင်းအထိ ငါးလအတွင်း အိုင်ဗရီကို့စ်တွင် မတည်မငြိမ်မှုများ ဖြစ်ပွားခဲ့သည်။

နှစ်ဘက်စလုံးက အကြမ်းဖက်မှုများအတွက် အပြန်အလှန် စွပ်စွဲခဲ့ပြီး အနောက်အာဖရိက အင်အားကြီးနိုင်ငံ အိုင်ဗရီကို့စ်ကို လပေါင်းများစွာ အကျပ်အတည်း ကြုံစေခဲ့သည်။ ကမ္ဘာတွင် ကိုကာ အများဆုံးထုတ်လုပ်သော အိုင်ဗရီကို့စ်တွင် ပြိုင်ဘက်အဖွဲ့များကြား သွေးထွက်သံယို ပဋိပက္ခကြောင့် လူ ၃၀၀၀ ခန့် သေဆုံးခဲ့သည်။ လပေါင်းများစွာ အကျပ်အတည်းဖြစ်ခဲ့ပြီးနောက် ကုလသမဂ္ဂ နှင့် ပြင်သစ်တပ်ဖွဲ့များက ထောက်ပံ့ပေးထားသော အိုတာရာ၏ တပ်ဖွဲ့များက ဘက်ဘိုကို ဖမ်းဆီးခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ICC သို့ လွှဲပြောင်းပေးခဲ့သည်။

အိုတာရာကို မရှုံးနိမ့်မီကပင် ဘက်ဘိုသည် အာဏာဆက်လက်ရရှိရန်အတွက် လက်ထောက်ဂိုဒီ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အာဏာကို ဆက်လက်ထိန်းချုပ်ထားရန် အစွမ်းကုန် ကြိုးပမ်းခဲ့ကြောင်း ICC ရှေ့နေများက ပြောကြားခဲ့သည်။

နိုင်ငံရေးတွင် အရေးနိမ့်ခဲ့ပါက အကြမ်းဖက်မှုကို ဆောင်ရွက်ရန် စီစဉ်ထားခဲ့ကြောင်း ICC ၏ ရှေ့နေချုပ် ဖာတိုအူဘင်ဆူဒါက ပြောကြားခဲ့သည်။

ဘက်ဘို၏ဇနီး ဆိုင်မန်ဘက်ဘိုသည် ခုနစ်နှစ်ကြာ ထိန်းသိမ်းခံရပြီးနောက် အိုတာရာ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် သြဂုတ်လတွင် နှစ် ၂၀ ထောင်ဒဏ်မှ လွတ်မြောက်ခဲ့ပြီ ဖြစ်သည်။ ဘက်ဘိုနှင့် ဂိုဒီတို့၏ တရားရင်ဆိုင်မှုကို မြို့တော် အဘစ်ဂျန်၌ ဧရာမ ရုပ်သံများနှင့် တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်သည်။

 

Most Read

Most Recent