Facebook အသုံးပြုသူ သန်း ၅၀ ခန့်၏ အချက်အလက်များ ဟက်ကာတိုက်ခိုက်ခံခဲ့ရ

Facebook အသုံးပြုသူ သန်း ၅၀ ခန့်၏ အချက်အလက်များ ဟက်ကာတိုက်ခိုက်ခံခဲ့ရ
Published 30 September 2018

မေ ၁ ရက်တွင် ကယ်လီဖိုးနီးယား၌ Facebook ၏ developer ညီလာခံတွင် ဇက်ကာဘတ်က စကားပြောနေစဉ် (Photo: AP)

အသုံးပြုသူ သန်း ၅၀ ခန့်၏ အချက်အလက်များအား ဟက်ကာများက တိုက်ခိုက်ခိုးယူခဲ့ကြောင်း Facebook က စက်တင်ဘာ ၂၈ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ရာ သုံးစွဲသူများ၏ အချက်အလက်များ လုံခြုံရေးနှင့် ပတ်သက်၍ ထိုးနှက်ခံနေရသော Facebook အတွက် နောက်ထပ်ထိုးနှက်ချက်ဖြစ်ခဲ့သည်။

လူမှုမီဒီယာ Facebook သို့ အလိုအလျောက်ပြန်လည် ဝင်ရောက်နိုင်စေသော  ဒီဂျစ်တယ်သော့များဖြစ်သည့် access token များအား ဆော့ဝဲလ်ချို့ယွင်းချက်မှ တစ်ဆင့် ဟက်ကာများက ခိုးယူခဲ့ကြောင်း Facebook က ပြောကြားခဲ့သည်။ ဟက်ကာများ၏ ချိုးဖောက် ဝင်ရောက်မှုကို အင်ဂျင်နီယာများက စက်တင်ဘာ ၂၅ ရက်တွင် ဖော်ထုတ်တွေ့ရှိခဲ့ပြီး စက်တင်ဘာ ၂၇ ရက် ညတွင် ယင်းချို့ ယွင်းချက်အား ပြင်ဆင်ခဲ့ကြောင်း Facebook ၏ အမှုဆောင်ချုပ် မာ့ဇက်ကာဘတ်က ပြောကြားခဲ့သည်။

အလွဲသုံးစားပြုခံခဲ့ရသော အကောင့်များနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိသေးကြောင်း ယင်းပြဿနာသည် ကြီးမားကြောင်း ဇက်ကာဘတ်က ပြောကြားခဲ့သည်။  Facebook ၏ ဆော့ဝဲလ်တစ်ခုတွင် အားနည်းချက်အား ဟက်ကာများက အသုံးချသွား ခြင်းဖြစ်ကြောင်း Facebook ၏ ထုတ်ကုန် စီမံခန့်ခွဲရေးဆိုင်ရာ ဒုဥက္ကဋ္ဌ ဂီရိုဆင်က ပြောကြားခဲ့သည်။

ခိုးဝင်ခံခဲ့ရသော အကောင့်သန်း ၅၀ အား စကားဝှက်များဖြင့်  ပြန်လည်ဝင်ရောက်ရန် Facebook က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ လူမှုမီဒီယာ အသုံးပြုသူများ၏ လုံခြုံရေးနှင့် ပုဂ္ဂိုလ်ရေး အချက်အလက်များ လုံခြုံမှုတို့ကို Facebook ကဲ့သို့သော ကုမ္ပဏီများက ကာကွယ်ရန် ထိထိရောက်ရောက် ဆောင်ရွက်ခြင်းမရှိကြောင်း ယခုဖြစ်ရပ်က ထပ်မံသက်သေပြခဲ့သည်ဟု ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် မက်ဝါနာက ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အတွက် ဆောင်ရွက်ပေးခဲ့သော နိုင်ငံရေးအတိုင်ပင်ခံလုပ်ငန်း Cambridge Analytica သည် အသုံးပြုသူ သန်းပေါင်းများစွာ၏ အချက်အလက်များကို ရယူခဲ့ကြောင်း ယခု နှစ်အစောပိုင်းတွင် ဝန်ခံခဲ့ပြီးနောက် Facebook သည် နောက်ထပ် အရှက်ရဖွယ်ရာ အချက်အလက်ချိုးဖောက်မှုကို ကြုံခဲ့ရ ခြင်းဖြစ်သည်။

ယခုတစ်ကြိမ် ဟက်ကာတိုက်ခိုက်ခံရမှုတွင် စကားဝှက်များ ပါသွားခြင်းမရှိဘဲ token များသာ ပါသွားခြင်းဖြစ်ကြောင်း Facebook က ဆိုသည်။ ဟက်ကာများသည် အသုံးပြုသူများ၏ အမည်၊ ကျား၊ မနှင့် မွေး ရပ်မြို့များအပါအဝင် အချက်အလက်များကို  ရယူခဲ့ဖွယ်ရှိကြောင်း၊ သို့သော်လည်း မည်သည့် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း အမှုဆောင်အရာရှိတစ်ဦးက တယ်လီဖုန်း ဖြင့် ပြောကြားခဲ့သည်။

 

Most Read

Most Recent