ထရန့်နှင့် ရိုဟာနီတို့က အားပြိုင်ရန် ပြင်ဆင်နေစဉ် ကုလသမဂ္ဂတွင် အီရန်အရေးက လွှမ်းမိုးနေမည်

ထရန့်နှင့် ရိုဟာနီတို့က အားပြိုင်ရန် ပြင်ဆင်နေစဉ် ကုလသမဂ္ဂတွင် အီရန်အရေးက လွှမ်းမိုးနေမည်
Published 26 September 2018

စက်တင်ဘာ ၂၄ ရက်က ကုလသမဂ္ဂ၌ အစည်းအဝေးတစ်ခု တက်ရောက်နေသော အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် (လယ်) ကို တွေ့ရစဉ် (Photo ; AFP)

ကမ္ဘာ့အကြီးဆုံး သံတမန်ရေးရာ စုဝေးမှုအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် အီရန်သမ္မတ ဟက်ဆန်ရိုဟာနီတို့က အားပြိုင်ရန် ပြင်ဆင်နေကြစဉ် စက်တင်ဘာ ၂၅ ရက်၌ ကုလသမဂ္ဂတွင် အီရန်အရေး ကိစ္စက လွှမ်းမိုးနေမည် ဖြစ်သည်။ ထရန့်က အီရန်နျူကလီးယားသဘောတူညီချက်မှ အမေရိကန်ကို နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် လေးလခန့်အကြာတွင် ကုလသမဂ္ဂ အထွေထွေညီလာခံအဖွင့်နေ့၌ ထရန့်နှင့် ရိုဟာနီတို့သည် မိန့်ခွန်းများ ပြောကြားမည် ဖြစ်သည်။

အီရန်နျူကလီးယား သဘောတူညီချက်တွင် ပါဝင်သော ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီနှင့် ရုရှားတို့က အီရန်နှင့် စီးပွားရေးဆက်လက် ပြုလုပ်နိုင်ရန် အစီအစဉ်များကို စက်တင်ဘာ ၂၄ ရက်တွင် ကြေညာခဲ့သည်။ မြောက်ကိုရီးယားက ၎င်း၏ နျူကလီးယားနှင့် ဒုံးစီမံကိန်းများအား ဖျက်သိမ်းပစ်ရန် ခိုင်မာသော ခြေလှမ်းအနည်းငယ်သာ လှမ်းထားသော်လည်း ပြုံယမ်းနှင့် ၎င်း၏ သံတမန်ဆက်ဆံရေးသည် အနိုင်ရမှုတစ်ခုဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် ဒုတိယမြောက်ထိပ်သီး ကျင်းပရန် ရည်မှန်းနေသော ထရန့်က အမွှမ်းတင် ပြောကြားမည်ဖြစ်သည်။

အီရန်၏ နျူကလီးယားရည်မှန်းချက်များအား ဆက်လက်စောင့်ကြည့်စစ်ဆေးနိုင်ရန် နှစ်ပေါင်းများစွာ ညှိနှိုင်းဆွေးနွေးခဲ့ပြီးနောက် ရရှိခဲ့သည့် သမိုင်းဝင် သဘောတူညီချက်မှ နုတ်ထွက်ရန် ထရန့်က ပြီးခဲ့သော မေတွင် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ဥရောပ မဟာမိတ်များ၊ ရုရှားနှင့်တရုတ်တို့ကို တုန်လှုပ်စေခဲ့သည်။ အီရန်သည် ၂၀၁၅ ခုနှစ် အီရန်နျူကလီးယားသဘောတူညီချက်ကို ဆက်လက်ထိန်းသိမ်းသွားမည်ဟု ရိုဟာနီက  ပြောကြားသွားမည်ဖြစ်ပြီး အမေရိကန်သည် ၎င်း၏ အပြည်ပြည်ဆိုင်ရာ ကတိပြုချက်များအား ချိုးဖျက်မှုအတွက် အပယ်ခံဖြစ်ကြောင်း ၎င်းက ပုံဖော်ခဲ့သည်။

ထရန့်သည် ပြီးခဲ့သောနှစ်တွင် ကုလသမဂ္ဂမိန့်ခွန်း၌ အီရန်နျူကလီးယား သဘောတူညီချက်သည် စိတ်ပျက်စရာတစ်ခုဖြစ်ကြောင်း အကြီးအကျယ် ဝေဖန်ခဲ့ပြီး အမေရိကန်သည် ထိုသဘောတူညီချက်မှ နုတ်ထွက်ရန် အသင့်ရှိနေကြောင်း အချက်ပြခဲ့သည်။ ယခုနှစ်တွင် ထိုသဘောတူညီချက်မှ နုတ်ထွက်ခဲ့ပြီးနောက် အမေရိကန်သည် အီရန်ကို ဖိအားတိုးမြှင့်ပေးနိုင်ရန် ဆက်လက်ကြိုးပမ်းနေခဲ့သည်။

၎င်းက အကြိမ်ကြိမ်ပြောကြားခဲ့သလိုပင် အီရန်၌ အစိုးရအပြောင်းအလဲဖြစ်ပေါ်ရေးသည် ထရန့်အစိုးရ၏ မူဝါဒမဟုတ်ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘိုတန်က ပြောကြားခဲ့သည်။ အီရန်ကို အလွန်တင်းကျပ်သော ပိတ်ဆို့အရေး ယူမှုများချမှတ်ခဲ့ကြောင်း၊ နောက်ထပ်လည်း  ထပ်မံချမှတ်သွားမည်ဖြစ်ပြီး အီရန်က ၎င်း၏ အမူအကျင့်များကို ကြီးကြီးမားမား ပြောင်းလဲပစ်ရန် မိမိတို့က လိုလားကြောင်း ဘိုတန်က ပြောကြားခဲ့သည်။

နယူးယောက်တွင် ဆွေးနွေးပွဲများအား  မရပ်မနား ဆက်တိုက်ပြုလုပ်စဉ်အတွင်း ထရန့်နှင့်တွေ့ဆုံရန် အစီအစဉ်မရှိကြောင်း  ရိုဟာနီက ပြောကြားခဲ့ပြီး ဆွေးနွေးပွဲပြုလုပ်ရန် ကမ်းလှမ်းမှုသည် စစ်မှန်မှုမရှိဟု ၎င်းက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ မည်သည့် ဆွေးနွေးပွဲအတွက်မဆို အကြိုသတ်မှတ်ချက်အဖြစ် ထရန့်သည် နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်ထားမှုကြောင့် ထိခိုက်မှုကို ပြင်ဆင်ရန် လိုအပ်မည်ဖြစ်ကြောင်း ရိုဟာနီက NBC သတင်းဌာနသို့ ပြောကြားခဲ့သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် နျူကလီးယား မပြန့်ပွားရေးဆိုင်ရာ ဆွေးနွေးပွဲအား ထရန့်က စက်တင်ဘာ ၂၆ ရက်တွင် ပထမဆုံးအကြိမ် ဦးဆောင်ကျင်းပမည်ဖြစ်ရာ အပြည်ပြည်ဆိုင်ရာက အီရန်ကိုပိုမိုတင်းမာစွာ ရပ်တည်ရန်အတွက် တွန်းအားပေးနိုင်ရန်အခွင့်အလမ်း ရရှိမည်ဖြစ်သည်။

Ref ; AFP

Most Read

Most Recent