ရွှေ့ပြောင်းအခြေချမှုကို ဆန့်ကျင်သော ပြင်းထန်သည့် ဥပဒေကြမ်းတစ်ရပ်ကို အီတလီအစိုးရက အတည်ပြု

ရွှေ့ပြောင်းအခြေချမှုကို ဆန့်ကျင်သော ပြင်းထန်သည့် ဥပဒေကြမ်းတစ်ရပ်ကို အီတလီအစိုးရက အတည်ပြု
Published 26 September 2018

အီတလီ၏ လန်ပီဒူဆာကျွန်းနှင့် တူနီးရှားနိုင်ငံကြားမှ ရေပြင်၌ Aquarius ကယ်ဆယ်ရေးသင်္ဘောကို ဇွန် ၂၃ ရက်က တွေ့ရစဉ် (Photo - AFP)

ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရသည့် လုံခြုံရေးဥပဒေကြမ်းတစ်ရပ်ကို အီတလီအစိုးရအဖွဲ့က စက်တင်ဘာ ၂၄ ရက်တွင် ခွင့်ပြုခဲ့သည်။ ယင်းဥပဒေကြမ်းကြောင့် ရွှေ့ပြောင်းအခြေချသူများအား နှင်ထုတ်ခြင်း၊ ၎င်းတို့၏ အီတလီနိုင်ငံသားဖြစ်မှုအား ပယ်ဖျက်ခြင်းတို့ လုပ်ဆောင်ရာတွင် ပိုမိုလွယ်ကူစေမည် ဖြစ်သည်။

ဥပဒေကြမ်းသစ်သည် အီတလီနိုင်ငံကို ပိုမိုလုံခြုံစေရန် ခြေလှမ်းတစ်ခုဖြစ်သည်ဟု လက်ယာယိမ်းပြည်ထဲရေးဝန်ကြီး မက်တီယို ဆယ်ဗီနီက Facebook ပေါ်တွင် ရေးသားခဲ့သည်။

“မာဖီးယားတွေနဲ့ လူကုန်ကူးသူတွေကို ပိုပြီးခိုင်ခိုင်မာမာတိုက်ထုတ်နိုင်ဖို့၊ လူဝင်မှုကဏ္ဍရဲ့ များပြားလှတဲ့စရိတ်တွေကို လျှော့ချနိုင်စေဖို့၊ ဆိုးသွမ်း လူငယ်တွေနဲ့ ဒုက္ခသည် အတုတွေကို နှင်ထုတ်နိုင်ဖို့၊ အကြမ်းဖက် သမားတွေရဲ့ နိုင်ငံသားဖြစ်မှုတွေကို ပယ်ဖျက်ဖို့၊ ရဲတွေကို အာဏာပိုမိုပေးနိုင်ဖို့တွေအတွက် ဒီဥပဒေက အကူအညီဖြစ်စေမှာ ဖြစ်ပါတယ်” ဟု ဆယ်ဗီနီက ဆိုသည်။ ထိုဥပဒေကြမ်းကို သဘောတူလက်မှတ်ရေးထိုးရန် သမ္မတဆာဂျီယိုမတ်တာရီလာ၌ ရက် ၆၀ အချိန်ရမည်ဖြစ်ပြီး ယင်းနောက် အတည်ပြုရန် ပါလီမန်သို့ ပေးပို့မည် ဖြစ်သည်။

အဆိုပါဥပဒေကြမ်းကြောင့် ရွှေ့ပြောင်းအခြေချများသည် မုဒိမ်းမှု၊ တိုက်ခိုက်မှု အစရှိသည့် ပြင်းထန်သော ရာဇဝတ်မှုများကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားတွေ့ရှိလျှင် နိုင်ငံမှ နှင်ထုတ်ခံရမည်ဖြစ်သည်။ ယခင်ကမူ ထိုသို့လုပ်ဆောင်ရန် ရှည်ကြာလှသော တရားရေးလုပ်ငန်းစဉ်ကို ဖြတ်ကျော်ရသေးသည်။ ဆယ်ဗီနီ၏ပြောကြားချက်အရ ယခု ဥပဒေသည် မူးယစ်ဆေးဝါးရောင်းဝယ်သည်ဟု စွပ်စွဲခံထားရသော နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူများ၏ လျှောက်ထားမှုကို ငြင်းပယ်နိုင်ပြီး နိုင်ငံသားဖြစ်ခွင့်ပေးရန် စည်းမျဉ်းများကိုလည်း ပိုမိုတင်းကျပ်လာစေမည် ဖြစ်သည်။

ထိုဥပဒေကြမ်းကို ဆယ်ဗီနီက မူကြမ်းရေးဆွဲခြင်းဖြစ်သဖြင့် ဆယ်ဗီနီဥပဒေကြမ်းဟုလည်း ခေါ်ဆိုနေကြသည်။ ယင်းဥပဒေ ကြမ်းသည် ပြီးခဲ့သည့် သီတင်းပတ်များအတွင်းက ဝေဖန်မှုများနှင့် ပြင်းပြင်းထန်ထန် ရင်ဆိုင်ခဲ့ရသည်။ ဥပဒေထဲမှ အငြင်းပွားစရာအဖြစ်ဆုံး အကြောင်းရင်းတစ်ချက်မှာ အကြမ်းဖက်မှုကျူးလွန်သည်ဟု ပြစ်မှုထင်ရှားသူများကို  နိုင်ငံသားဖြစ်မှုမှ ပယ်ဖျက်ခြင်း ဖြစ်သည်။

ဒုတိယဝန်ကြီးချုပ်လည်းဖြစ်သော ဆယ်ဗီနီသည် ၎င်းတို့၏ အာဏာရညွန့်ပေါင်းအုပ်စု စတင်အာဏာရလာသည့် ဇွန်လကတည်းက ရွှေ့ပြောင်းအခြေချမှုအရေးနှင့် ပတ်သက်၍ တင်းမာသည့် သဘောထားကို စွဲကိုင်ထားသူ ဖြစ်သည်။ ဆယ်ဗီနီသည် မြေထဲပင်လယ်ထဲမှ ရွှေ့ပြောင်းအခြေချသူများကို ကယ်ဆယ်လာသည့် သင်္ဘောများကိုလည်း အီတလီဆိပ်ကမ်းသို့ လာရောက်ဆိုက်ကပ်ခွင့်အား ငြင်းပယ်ခဲ့သူလည်း ဖြစ်သည်။

၂၀၁၇ ခုနှစ်တွင် အီတလီသည် ခိုလှုံခွင့်လျှောက်ထားသူ ၈၁၅၀၀ အနက် ရှစ်ရာခိုင်နှုန်းကို ခွင့်ပြုပေးခဲ့သည်။ ဒုက္ခ သည်အဖြစ် မသတ်မှတ်ခံရသည့် နောက်ထပ် ရှစ်ရာခိုင်နှုန်းကို ဆင့်ပွားကာကွယ်ပေးမှုပေးကာ လေးပုံတစ်ပုံကို လူသားချင်း စာနာမှုဆိုင်ရာ ကာကွယ်မှုပေးခဲ့သည်။ ကျန်သူများ၏ လျှောက်ထားမှုများမှာမူ ပယ်ချခံခဲ့ရသည်။ ပယ်ချခံရသူများသည် အယူခံဝင်မှုပါ ထပ်မံမအောင်မြင်လျှင် စီးပွားရေးအရ ရွှေ့ပြောင်းအခြေချသူအဖြစ် သတ်မှတ်ခံရပြီး နေရပ်သို့ ပြန်ရမည် ဖြစ်သည်။

Ref ; AFP

Most Read

Most Recent