တူရကီက ဆီးရီးယားနိုင်ငံ အိုင်ဒလစ်မြို့သို့ တပ်ကူများစေလွှတ်

တူရကီက ဆီးရီးယားနိုင်ငံ အိုင်ဒလစ်မြို့သို့ တပ်ကူများစေလွှတ်
Published 26 September 2018

စက်တင်ဘာ ၂၅ ရက်က အိုင်ဒလစ်သို့ ဦးတည်မောင်းနှင်နေကြသော တူရကီစစ်တပ်ယာဉ်များကို ဒမတ်စကတ်-အလက်ပို အဝေးပြေးလမ်းပေါ်၌ တွေ့ရစဉ် (Photo - AFP)

တူရကီနှင့်ရုရှားတို့က ဆီးရီးယားအစိုးရ၏ အိုင်ဒလစ်စစ်ဆင်ရေးကို ရှောင်လွှဲရန် သဘောတူခဲ့ပြီး သီတင်းတစ်ပတ်အကြာတွင် ဆီးရီးယားရှိ သူပုန်များခြေကုပ်ယူထားသော အိုင်ဒလစ်မြို့သို့ စက်တင်ဘာ ၂၅ ရက်၌ တူရကီတပ်ဖွဲ့များ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ညသန်းခေါင်ယံအချိန်၌ စစ်မော်တော်ယာဉ် ၃၅ စီးခန့်သည် ဆာရာကွပ်မြို့အနီးရှိ အဝေးပြေးလမ်းမတစ်လျှောက် မောင်းနှင်သွားခဲ့ပြီး အဆိုပါယာဉ်များထဲတွင် တူရကီ အစိုးရလိုလားသော သူပုန်များလိုက်ပါလာခဲ့သည်။ ယင်းတူရကီတပ်ဖွဲ့များအား ဆီးရီးယားနိုင်ငံအနောက်မြောက်ဘက်ရှိ အိုင်ဒလစ်မြို့ပတ်ပတ်လည်တွင် တပ်ဖြန့်ထားခဲ့ကြောင်း ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်သည့်အဖွဲ့က ပြောကြားခဲ့သည်။

တူရကီ၊ ရုရှားနှင့် အီရန်နိုင်ငံတို့အကြား ရရှိထားသော တင်းမာမှုလျှော့ချရေးသဘော တူညီချက်အရ တူရကီတပ်ဖွဲ့များသည် ဆီးရီးယားရှိသူပုန်များ ထိန်းချုပ်ထားသောဒေသတွင် ပြီးခဲ့သည့်နှစ်ကတည်းက စောင့်ကြည့်ရန် တာဝန်ပေးအပ်ခြင်းခံထားရသည်။ ပြီးခဲ့သည့် သီတင်းပတ်ကလည်း ဆီးရီးယား သူပုန်များနှင့်အစိုးရတပ်ဖွဲ့များကြားရှိ နယ်နိမိတ်တစ်လျှောက်ကို စစ်မဲ့ဇုန်အဖြစ်ထားရှိရန် တူရကီနှင့်ရုရှားနိုင်ငံတို့က သဘောတူညီ ခဲ့သည်။

IS တိုက်ခိုက်ရေးသမား ၄၀၀ ကျော်ကို ဆီးရီးယားအစိုးရက အိုင်ဒလစ်သို့ရွှေ့ပြောင်း

ဆီးရီးယားနိုင်ငံအရှေ့ပိုင်းမှ IS တိုက်ခိုက်ရေးသမား ၄၀၀ ကျော်ကို ဆီးရီးယားအစိုးရက သူပုန်များ၏နောက်ဆုံးခံတပ်ဖြစ်သည့် အိုင်ဒလစ်မြို့သို့ စက်တင်ဘာ ၂၄ ရက်တွင် ရွှေ့ပြောင်းပေးခဲ့ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောကြားခဲ့သည်။ ဆီးရီယားအစိုးရတပ်ဖွဲ့များသည် IS ဂျီဟတ် ၄၀၀ ကျော်အား အရှေ့ပိုင်းပြည်နယ် ဒီယာအက်ဇောမှ စက်တင်ဘာ ၂၃ ရက်တွင် ညတွင်းချင်းရွှေ့ပြောင်းလာခြင်းဖြစ်ကြောင်း၊ ၎င်းတို့သည် အိုင်ဒလစ်မြို့အရှေ့ဘက်ရှိ ကျေးရွာသို့ စက်တင်ဘာ ၂၄ ရက် အရုဏ်တက်ချိန်တွင် ရောက်ရှိလာခဲ့ကြောင်း ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်သည့်အဖွဲ့က ဆိုသည်။

ပြီးခဲ့သည့်သီတင်းပတ်က ဆီးရီးယား အစိုးရ၏ မဟာမိတ် ရုရှားနှင့် သူပုန်များကို ကျောထောက်နောက်ခံပြုထားသော တူရကီတို့အကြားရရှိခဲ့သည့် သဘောတူညီချက်အရ ၎င်းတို့နှစ်နိုင်ငံသည် ဂျီဟတ်များနှင့်သူပုန် တို့ခြေကုပ်ယူထားသည့် အိုင်ဒလစ်ဒေသအား ဆီးရီးယားအစိုးရ၏ ထိုးစစ်ဆင်မည့် အစီအစဉ်ကို ယာယီအားဖြင့် ဟန့်တားထားနိုင်ခဲ့သည်။

အိုင်ဒလစ်မြို့၏ ထက်ဝက်ကျော်ကို အယ်ကေးဒါးအဖွဲ့ခွဲဟောင်းဦးဆောင်သော ဟာယတ်စစ်သွေးကြွအဖွဲ့ (HTS) က ထိန်းချုပ်ထားပြီး ကျန်ဒေသများတွင် တူရကီကျောထောက်နောက်ခံပြုထားသော သူပုန်များက ထိန်းချုပ်ထားသည်။ သို့သော် အိုင်ဒလစ်တွင် အယ်ကေးဒါးနှင့်ဆက်နွှယ်နေသည့် ဟားရက်စ်အယ်ဒင်းအစွန်းရောက် အဖွဲ့အပါအဝင် အခြားသောဂျီဟတ်အဖွဲ့များလည်း ရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် မေလတွင် ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆတ်အစိုးရသည် IS စစ်သွေးကြွများနှင့် ၎င်းတို့၏ ဆွေမျိုးများပါဝင်သော လူ ၁၆၀၀ ကို ကားများဖြင့် တင်ဆောင်ကာ ဒမတ်စကတ်ဆင်ခြေဖုံးမြို့မှ အီရတ်နယ်စပ်အနီးရှိ ဘာဒီယာသဲကန္တာရသို့ ရွှေ့ပေးခဲ့ကြောင်း သိရသည်။

Ref ; AFP

Most Read

Most Recent