ဒူတာတေးအား ဝေဖန်သည့် ဖိလစ်ပိုင်အထက်လွှတ်တော်အမတ်တစ်ဦး ဖမ်းဆီးခံရ

ဒူတာတေးအား ဝေဖန်သည့် ဖိလစ်ပိုင်အထက်လွှတ်တော်အမတ်တစ်ဦး ဖမ်းဆီးခံရ
Published 26 September 2018

စက်တင်ဘာ ၂၅ ရက်က ဖမ်းဆီးခံခဲ့ရပြီးနောက် မနီလာရှိ ရဲစခန်းတစ်ခုမှ ပြန်ထွက်လာသည့် ဖိလစ်ပိုင်အထက်လွှတ်တော်အမတ် အန်တိုနီယို ထရေလန်နီ (ဝဲ) ကို တွေ့ရစဉ် (Photo - AFP)

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေး၏ မူးယစ်ဆေးတိုက်ဖျက်ရေးစစ်ပွဲကို ပြင်းပြင်းထန်ထန် ဝေဖန်သည့် လွှတ်တော်အမတ်တစ်ဦးသည် ယခင်က ပလပ်ထားသည့်အမှုများဖြင့် စက်တင်ဘာ ၂၅ ရက်က ဖမ်းဆီးခံခဲ့ရသည်။ ယင်းမှာ အစိုးရအတိုက်အခံများကို ဖိနှိပ်သည့်လုပ်ရပ်ဖြစ်သည်ဟု စောင့်ကြည့်ရေးအဖွဲ့များက ခေါ်ဆိုခဲ့ကြသည်။

အထက်လွှတ်တော်အမတ် အန်တိုနီယိုထရေလန်နီသည် အဖမ်းခံရမည့်အရေးအား ရှောင်ရှားရန်အတွက် ဆီးနိတ်လွှတ်တော်အဆောက်အအုံထဲတွင် သီတင်းပတ် ပေါင်းများစွာ ပုန်းအောင်းနေခဲ့သည်။ သို့သော် တရားရုံးက ဝရမ်းထုတ်လိုက်ပြီးနောက် ထရေလန်နီမှာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရခြင်း ဖြစ်သည်။ ယင်းနောက် မကြာမီမှာပင် အာမခံဖြင့် ပြန်လွတ်လာခဲ့သည်။

ထရေလန်နီသည် ဒူတာတေး၏ မူးယစ်ဆေးနှိမ်နင်ရေးစစ်ပွဲကို ဝေဖန်သဖြင့် ဖမ်းဆီးခံရသည့် ဒုတိယမြောက် အထက်လွှတ်တော်အမတ် ဖြစ်လာခဲ့သည်။ ပထမဖမ်းဆီး ထိန်းသိမ်းခံရသူမှာ အမျိုးသမီးအထက်  လွှတ်တော်အမတ် လိုင်လာဒီလီမာဖြစ်ပြီး ၎င်းမှာမူ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလကတည်းက အကျဉ်းကျနေခြင်း ဖြစ်သည်။

ရေတပ်အရာရှိဟောင်းတစ်ဦးဖြစ်သည့် ထရေလန်နီသည် ၂၀၀၀ ပြည့်လွန်နှစ် အလယ်ပိုင်းက ဖြစ်ပွားခဲ့သည့် အာဏာသိမ်းရန် ကြိုးပမ်းမှုဖြစ်စဉ်နှစ်ခုတွင် ၎င်းပါဝင်ခဲ့သည့် ကဏ္ဍအတွက် လွန်ခဲ့သည့် ရှစ်နှစ်ခန့်က လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့သည်။ သို့သော် ယင်းလွတ်ငြိမ်းချမ်းသာခွင့်ကို တရားမဝင်ဟု ယခုလအစောပိုင်းတွင် ဒူတာတေးက ထုတ်ပြန်ခဲ့ပြီးနောက် ထရေလန်နီ ဖမ်းဆီးခဲ့ရခြင်း ဖြစ်သည်။

“သူတို့က ဥပဒေကို မလိမ့်တပတ်တွေ လုပ်နေကြတယ်။ ဒီတော့ကျွန်တော်တို့ရဲ့ ဒီမိုကရေစီနဲ့ ထုံးထမ်းအစဉ်အလာတွေက ပျက်သုဉ်းပြီပေါ့။ ဒီအမှုကိစ္စဟာလည်း  ဒူတာတေးနဲ့ သူရဲ့အောက်ဆွဲတွေရဲ့ လက်စားချေမှုကလွဲရင် တခြားဘာမှမဖြစ်နိုင်ပါဘူး” ဟု ထရေလန်နီက သတင်းထောက်များကို ပြောကြားခဲ့သည်။

ထရေလန်နီသည် အပြစ်ရှိကြောင်း ဝန်ခံပြီး လွတ်ငြိမ်းချမ်းသာခွင့်ရရှိရန် တရားဝင်လျှောက်ထားရာ၌ လိုအပ်ချက်များ မပြည့်စုံသေးဟုဆိုကာ ၎င်းကို ဖမ်းရန် ဒူတာတေးသည် ယခုလအစောပိုင်းက အမိန့်တစ်ခု ထုတ်ပြန်ခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် သမ္မတတွင် လွတ်ငြိမ်းချမ်းသာခွင့်အား ပြန်လည်ရုပ်သိမ်းနိုင်သည့် အခွင့်အာဏာရှိ၊ မရှိ မေးခွန်းထုတ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

ထရေလန်နီသည် နောက်ထပ်အာဏာသိမ်းရန် ကြိုးပမ်းမှုတစ်ခုအတွက်မူ အဖမ်းမခံရသေးသောကြောင့် ၎င်းအတွက် ပိုမိုကြီးမားသော တရားရေးပြဿနာတစ်ရပ်က စောင့်ဆိုင်းနေဆဲဖြစ်သည်။ ယင်းအမှုဖြင့် အဖမ်းခံရပါက ထရေလန်နီသည် အာမခံပင်ရမည် မဟုတ်ပေ။

ဒီလီမာနှင့်အတူ ထရေလန်နီသည် ပြီးခဲ့သည့်နှစ်က ဒူတာတေးကို အများဆုံး ဝေဖန်သူဖြစ်သည်။ “ဒီလူဟာ ကျင့်ဝတ်ပိုင်းဆိုင်ရာ တာဝန်ယူစိတ်မရှိဘဲ ဒုစရိုက်သမားတစ်ဦးရဲ့စိတ်ဓာတ်မျိုးရှိသူပါ” ဟု ထရေလန်နီက ပြောကြားခဲ့သည်။

ထို့ပြင် ထရေလန်နီသည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) တွင် ဒူတာတေး၏ မူးယစ်ဆေးစစ်ပွဲအတွင်း သတ်ဖြတ်မှုများကို စုံစမ်းစစ်ဆေးပေးရန်လည်း ယမန်နှစ်က တောင်းဆိုခဲ့သည်။

Ref ; AFP

Most Read

Most Recent