မြောက်ကိုရီးယားက ဒုံးပစ်ခဲ့ပြီးနောက် ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက စံချိန်တင် ဘတ်ဂျက် တိုးတောင်း

မြောက်ကိုရီးယားက ဒုံးပစ်ခဲ့ပြီးနောက် ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက စံချိန်တင် ဘတ်ဂျက် တိုးတောင်း
Published 1 September 2017

သြဂုတ် ၂၄ ရက်က ဟီဂါရှီ-ဖူဂျီ လေ့ကျင့်သည့်နေရာတွင် ကျည်ဆန်အစစ်ဖြင့် စစ်ရေးလေ့ကျင့်မှုအတွင်း ရဟတ်ယာဉ်ပေါ်မှ ဆင်းလာနေသော ဂျပန်တပ်ဖွဲ့ဝင်များ (Photo - AFP)

နျူကလီးယား လက်နက်ပိုင်ဆိုင်သော မြောက်ကိုရီးယားက ဂျပန်ကိုကျော်၍ ဒုံးပစ်ခဲ့ပြီးနောက် ရက်အနည်းငယ်အကြာ သြဂုတ် ၃၁ ရက်တွင် ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက စံချိန်တင်ဘတ်ဂျက်ကို တောင်းဆိုမည်ဟု ပြောကြားခဲ့သည်။ ၂၀၁၉ ခုနှစ် မတ်လအထိ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်ကို ဒေါ်လာ ၄၇ ဒသမ ၉ ဘီလျံ (ယန်း ၅ ဒသမ ၂၆ ထရီ လျံ) တောင်းဆိုထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

တရုတ်နှင့် ပိုင်နက်အငြင်းပွားမှုများကြောင့် ဂျပန်အတွက် လုံခြုံရေးစိုးရိမ်မှု မြင့်တက်နေချိန်တွင် ကာကွယ်ရေးအသုံးစရိတ်ကို ဂျပန်က မြှင့်တင်ခဲ့ပြီး ငါးနှစ်ဆက်တိုက် ဘတ်ဂျက်တိုးတောင်းခဲ့ခြင်း ဖြစ်သည်။ ဂျပန်သည် ယမန်နှစ်က ကာကွယ်ရေးအသုံးစရိတ် ထက် ၂ ဒသမ ၅ ရာခိုင်နှုန်း တိုးတောင်းခဲ့ခြင်းလည်း ဖြစ်သည်။ လက်ရှိအကြံပြုချက်အရ အမေရိကန်နှင့် ပူးတွဲထုတ်လုပ်သည့် SM- 3 Block II A ဒုံးခွင်းဒုံးများအတွက် အသုံးစရိတ်များ တိုးမြှင့်ရန် ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက တောင်းဆိုထားသည်။

ထို့ပြင် မျိုးဆက်သစ် ကြိုတင်သတိပေး စနစ်နှင့် ရေဒါစနစ်တို့အတွက်လည်း အသုံးစရိတ်များ မြှင့်တင်ရန် တောင်းဆိုမည်ဖြစ်သည်။

မြေပြင်အခြေစိုက် အေဂျစ်ဒုံးပျံ ကာကွယ်ရေးစနစ်ကို ကျင့်သုံးပြီး ဂျပန်၏ ပင်လယ်အခြေစိုက် ဒုံးကာကွယ်ရေးစနစ်အား အားဖြည့်ပေးရန် အစီအစဉ်ကိုလည်း ကာကွယ်ရေးအသုံးစရိတ်တွင် ထည့်သွင်းထားခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားက ဂျပန်ကိုကျော်၍ ဒုံးပစ်ခဲ့ပြီးနောက် နှစ်ရက်အကြာတွင် ဂျပန်က ကာကွယ်ရေးအသုံးစရိတ် တိုးတောင်းခဲ့ခြင်း ဖြစ်သည်။

ငြိမ်းချမ်းသော ဂျပန်၏ ကာကွယ်ရေး တပ်ဖွဲ့များကို အခန်းကဏ္ဍ ချဲ့ထွင်ပေးရန်လည်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက တွန်းအားပေးခဲ့သည်။ မြောက်ကိုရီးယားကို ဖိအားထပ်ပေးရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် သဘောတူထားကြောင်း အာဘေးက ပြောကြားထားသည်။

ဂျပန်၏ နောက်ဆုံးကာကွယ်ရေးဘတ်ဂျက် အကြံပြုချက်တွင် F- 35 တိုက်လေယာဉ် ခြောက်စင်းဝယ်ယူရန်နှင့် ဖရီးဂိတ်သင်္ဘောများ ဝယ်ယူရေးကိုလည်း ထည့်သွင်းထားသည်။

Ref း AFP

Most Read

Most Recent