တရုတ်နှင့် ဒေါ်လာ ၂ ဒသမ ၅ ဘီလျံ တန်ဖိုးရှိ ရေအားလျှပ်စစ်စက်ရုံ သဘောတူညီချက်ကို နီပေါက ပြန်အသက်သွင်း

တရုတ်နှင့် ဒေါ်လာ ၂ ဒသမ ၅ ဘီလျံ တန်ဖိုးရှိ ရေအားလျှပ်စစ်စက်ရုံ သဘောတူညီချက်ကို နီပေါက ပြန်အသက်သွင်း
Published 25 September 2018

၂၀၁၇ ခုနှစ် အောက်တိုဘာ ၆ ရက်တွင် နီပေါမြို့တော်မှ ကီလိုမီတာ ၁၀၀ ခန့်အကွာရှိ ဒါဒင်တွင် အမျိုးသမီးများကို တွေ့ရစဉ် (Photo: AFP)

ယခင်နီပေါအစိုးရလက်ထက်က ဖျက်သိမ်းခဲ့သော ဒေါ်လာ ၂ ဒသမ ၅ ဘီလျံတန်ဖိုးရှိ ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ရန် တရုတ်အစိုးရကုမ္ပဏီတစ်ခုနှင့် သဘောတူညီချက်ကို လက်ရှိအစိုးရက ပြန်လည်အသက်သွင်းလိုက်ပြီဖြစ်ကြောင်း သက်ဆိုင်ရာ အရာရှိများက စက်တင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

နီပေါနိုင်ငံ၏ အကြီးဆုံး ရေအားလျှပ်စစ်စွမ်းအင် စက်ရုံတည်ဆောက်ရန် တရုတ် Gezhouba အုပ်စုကော်ပိုရေးရှင်း (CGGC) နှင့် သဘောတူညီချက်ကို ယခင်အစိုးရက ရုတ်ချည်းဖျက်သိမ်းခဲ့သည်။ ပြီးခဲ့သည့်နှစ် နှောင်းပိုင်းက အထွေထွေ ရွေးကောက်ပွဲ မကျင်းပမီ သီတင်းပတ် အနည်းငယ်အလိုတွင် ယင်းသို့ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။

“တရုတ်ကုမ္ပဏီနဲ့ သဘောတူညီချက်ကို ဖျက်သိမ်းဖို့ အရင်အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ ဘယ်လိုအထောက်အထားကိုမှ အခြေခံထားတာ မဟုတ်ပါဘူး။ နီပေါမှာ ဒီလောက်ကြီးမားတဲ့ စီမံကိန်းကြီးတစ်ခုကို တည်ဆောက်ဖို့ တတ်နိုင်စွမ်းမရှိသလို ငွေကြေးပိုင်းမှာလည်း အခက်အခဲ ရှိနေတဲ့အတွက် ကျွန်တော်တို့ ဒါကို ပြန်ပြင်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်” ဟု သတင်းအချက်အလက်ဆိုင်ရာဝန်ကြီး ကိုကောဘာစကိုတာက ပြောကြားခဲ့သည်။

မီဂါဝပ် ၁၂၀၀ ထုတ်လုပ်သည့် Budhi Gandaki စက်ရုံသည် နီပေါ၏ ရေအားလျှပ်စစ်ထုတ်လုပ်မှုကို နှစ်ဆနီးပါး တိုးမြှင့်စေနိုင်မည်ဖြစ်သည်။ ကုန်းတွင်းပိတ်နိုင်ငံ နီပေါသည် စွမ်းအင်ရှားပါးမှုကို ကာလရှည်ကြာ ခံစားနေခဲ့ရပြီး အိမ်နီးချင်းနိုင်ငံ အိန္ဒိယထံမှ လျှပ်စစ်မီးဝယ်ယူနေရသည့် အခြေအနေ ဖြစ်နေသည်။

တရုတ်အစိုးရသည် နီပေါ၌ ဖေဖော်ဝါရီလက ကွန်မြူနစ်အစိုးရသစ်တက်လာချိန်တွင် ထိုသဘောတူညီချက်အား ပြန်လည်အသက်သွင်းရန် ဆွယ်တရားဟောခဲ့သည်ဟု ဝန်ကြီးဘာစကိုတာက ပြောကြားခဲ့သည်။ နီပေါက ယခုစီမံကိန်းကြီးကို တရုတ်၏ One Belt One Road စီမံချက်ထဲတွင် ပါဝင်စေလိုနေခြင်းဖြစ်သည်။

ဝေဖန်သူများကမူ ယခုရေအားလျှပ်စစ် စီမံကိန်းကြီးကို လုပ်ကိုင်ရန် နိုင်ငံတကာလုပ်ငန်းများကို တင်ဒါခေါ်သင့်ကြောင်း ပြောကြားပြီး တရုတ်ချေးငွေအန္တရာယ်လည်း ရှိနေကြောင်း သတိပေးနေကြသည်။

ရေအရင်းအမြစ် ကြွယ်ဝသော နီပေါထဲ၌ နိုင်ငံကို စွမ်းအင်ထုတ်လုပ်မှု အင်အားကြီးနိုင်ငံတစ်ခု ဖြစ်စေနိုင်မည့် တောင်ပေါ် မြစ်ကြောင်းစနစ်တစ်ခု ရှိနေသည်။ သို့သော် နီပေါသည် ရေအားလျှပ်စစ်စွမ်းအင်ကဏ္ဍကို မမြှင့်တင်နိုင်သေးဘဲ ဖြစ်နေရသည်။

နီပေါသည် ယင်း၏ ရေအားလျှပ်စစ် စီမံကိန်းကြီးများအား လုပ်ကိုင်ခွင့်ကို အိမ်နီးချင်းအင်အားကြီးနှစ်နိုင်ငံဖြစ်သည့် အိန္ဒိယနှင့် တရုတ်သို့ ပေးထားသည်။ သို့သော် တည်ဆောက်မှုများမှာမူ နှေးကွေးနေသည်။ အိန္ဒိယက ပံ့ပိုးထားသော ဒေါ်လာ ၁ ဒသမ ၆ ဘီလျံတန်ဖိုးရှိ Arun Three ရေအားလျှပ်စစ် စက်ရုံတည်ဆောက်ရေးမှာ လွန်ခဲ့သည့် ၂၆ နှစ်ကတည်းက စတင်အဆိုပြုခြင်းဖြစ်သော်လည်း ပြီးခဲ့သည့်နှစ်စကမှ စတင်တည်ဆောက်ဖြစ်ခဲ့သည်။

ယခုတရုတ် CGGC မှာမူ လက်ရှိနီပေါထဲ၌ ပိုမိုသေးငယ်သော စွမ်းအင် စက်ရုံသုံးခု တည်ဆောက်လျက်ရှိကာ ပြီးစီးသွားသည့် စက်ရုံတစ်ခုလည်း ရှိသည်။ သို့သော် ဝေဖန်သူများက ထိုစီမံကိန်းများသည် အချိန်နှင့် ဘတ်ဂျက်များကို ကျော်သွားသည်ဟု ထောက်ပြနေကြသည်။

Ref: AFP

Most Read

Most Recent