အာဖဂန်တွင် အမေရိကန်တပ်ဖွဲ့ဝင် ၁၁၀၀၀ ခန့်အထိ တိုးမြှင့်ချထားမည်ဟု ပင်တဂွန်က ခန့်မှန်း

အာဖဂန်တွင် အမေရိကန်တပ်ဖွဲ့ဝင် ၁၁၀၀၀ ခန့်အထိ တိုးမြှင့်ချထားမည်ဟု ပင်တဂွန်က ခန့်မှန်း
Published 1 September 2017

စစ်ဒဏ်အလွန်အမင်း ခံစားနေရသော အာဖဂန်နစ္စတန်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ မဟာဗျူဟာသစ်အရ တပ်ဖွဲ့ဝင်ထောင်နှင့်ချီကို တိုးမြှင့်စေလွှတ်မည့်ဆုံးဖြတ်ချက် မချသေးမီ အာဖဂန်သို့ တိုးမြှင့်စေလွှတ်မည့် တပ်ဖွဲ့ဝင်အရေအတွက်ကို ပင်တဂွန်က သြဂုတ် ၃၀ ရက်တွင် ခန့်မှန်းထုတ်ပြန်ခဲ့သည်။

မဟာဗျူဟာအား ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်သုံးသပ်မှုအရ ပြီးခဲ့သောနှစ်နှောင်းကတည်းက အာဖဂန်တွင် တပ်ဖွဲ့ဝင်အရေ အတွက် ၈၄၀၀ ချထားခဲ့ရာမှ ခန့်မှန်းခြေ တပ်ဖွဲ့ဝင် ၁၁၀၀၀ အထိ ချထားနိုင်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်မှ စစ်ဦးစီးအဖွဲ့၏ ဒါရိုက်တာဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ကင်နက်မက်ကင်ဇီးက ပြောကြားခဲ့သည်။ တာလီဘန်များအား တိုက်ခိုက်နေသော အာဖဂန်တပ်ဖွဲ့ဝင်များကို ထောက်ပံ့မှု  ပိုပေးနိုင်ရန် ထရန့်၏ ပြန်လည်ပြင်ဆင်ထားသော မဟာဗျူဟာသစ်အရ ဖြစ်နိုင်ခြေရှိသော ထပ်တိုးတပ်ဖွဲ့ဝင် ၄၀၀၀ ဝန်းကျင်တွင် ယာယီနှင့် လျှို့ဝှက်တပ်ဖွဲ့များအပြင် ပုံမှန်တပ်ဖွဲ့ဝင်များလည်း ပါဝင်ကြောင်း မက်ကင်ဇီးက ပြောကြားခဲ့သော်လည်း အရေအတွက်ကို အတိအကျမပြောကြားခဲ့ပေ။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဂျင် မာတစ်က ယင်းကိစ္စအတွက် ဆုံးဖြတ်ချက် မချရသေးကြောင်း၊ တပ်ဖွဲ့ဝင်များအား စေလွှတ်ခြင်း မရှိသေးသလို တပ်ဖြန့်ရန်လည်း အမိန့်များ မထုတ်ပြန်သေးကြောင်း မက်ကင်ဇီးက ပြောကြားခဲ့သည်။ သမ္မတဟောင်း ဘာရက်အိုဘားမားက ပြီးခဲ့သောနှစ် ဇူလိုင်တွင် အာဖဂန်အတွက် တပ်ဖွဲ့ဝင်အရေအတွက် ကို ၈၄၀၀ အထိသာ အမြင့်ဆုံးချထားခဲ့ခြင်းကြောင့် တပ်မှူးများသည် တပ်ဖွဲ့များအား အပြည့်အဝတပ်ဖြန့်ရန် စွမ်းဆောင်ရည်များကို အဟန့်အတားဖြစ်စေခဲ့ပြီး မရည်ရွယ်ထားသော နောက်ဆက်တွဲများကို ဦးတည်စေခဲ့ကြောင်း မက်ကင်ဇီးက ပြောကြားခဲ့သည်။

တာလီဘန်များနှင့် အခြားအစွန်းရောက် အဖွဲ့များအား ဖိအားတိုးမြှင့်ပေးရန် အာဖဂန်၌ အမေရိကန်တပ်ဖွဲ့ဝင်များနှင့် လေတပ်သားများအား တိုးမြှင့်ရန်ထရန့်၊ ၎င်း၏အစိုးရ ထိပ်တန်းတာဝန်ရှိသူများနှင့် စစ်ဘက်ထိပ်တန်းတာဝန်ရှိသူများက ဆုံးဖြတ်ခဲ့ပြီးနောက် သီတင်းပတ်နှစ်ပတ်နီးပါး အကြာတွင် ယင်းတိုးမြှင့်စေလွှတ်မည့်တပ်ဖွဲ့ဝင် အရေအတွက်အား ခန့်မှန်းမှုထွက်လာခဲ့ခြင်း ဖြစ်သည်။

အာဖဂန်အား နှစ်နှင့်ချီ ထောက်ပံ့ပေးခဲ့ပြီး အမေရိကန်က အလုံးစုံကုန်ကျစရိတ် ဒေါ်လာတစ်ထရီလျံခန့် အသုံးပြုခဲ့ပြီးဖြစ်သော်လည်း အာဖဂန်ရှိ အခြေအနေသည် ရှေ့မတိုးသာ နောက်မဆုတ်သာအခြေအနေ ဖြစ်နေကြောင်း အမေရိကန်ဗိုလ်ချုပ်များက ထောက်ပြနေသည်မှာ လနှင့်ချီ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ တပ်ဖွဲ့ဝင်အရေအတွက်အား တိုးမြှင့်ခဲ့ပါက အမေရိကန်ဦးဆောင်သော နေတိုးသည် တာလီဘန်များအား နှိမ်နင်းနေသော အာဖဂန်စစ်တပ်၏စွမ်းရည် ပိုမိုအားကောင်းလာစေရန် အကြံပေးများနှင့် နည်းဗျူဟာပိုင်းဆိုင်ရာ ထောက်ပံ့မှုများ ပိုပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သော နှစ်နှစ်ကျော်အတွင်း အမေရိကန်တပ်များသည် IS ဂျီဟတ်အဖွဲ့အား နှိမ်နင်းနေသော အီရတ်တပ်များအားပို၍ ကောင်းမွန်သော လေ့ကျင့်ပေးမှု၊ ထောက်ပံ့ပို့ဆောင်မှု၊ စစ်မြေပြင်တွင် ရန်သူ့စခန်းများအား လေကြောင်းမှတိုက်ခိုက်မှုနှင့် အမြောက်များဖြင့် ပစ်ကူပေးမှုစသည့် အောင်မြင်မှုရှိသော ကြိုးပမ်းမှုများကို အာဖဂန် မဟာဗျူဟာသစ်က အတုယူနိုင်မည်ဖြစ်သည်။

Ref း AFP

Most Read

Most Recent