ဟောင်ကောင်က လွတ်လပ်ရေးလိုလားသောပါတီအား အမျိုးသားလုံခြုံရေး အကြောင်းပြ၍ ပိတ်ပင်

ဟောင်ကောင်က လွတ်လပ်ရေးလိုလားသောပါတီအား အမျိုးသားလုံခြုံရေး အကြောင်းပြ၍ ပိတ်ပင်
Published 25 September 2018

၂၀၁၆ ခုနှစ် သြဂုတ် ၅ ရက်တွင် ဟောင်ကောင်အစိုးရဌာနချုပ်အနီး၌ HKNP ပါတီခေါင်းဆောင် အင်ဒီချန်းက စကားပြောနေစဉ် (Photo: AFP)

ဟောင်ကောင်အာဏာပိုင်တို့သည် လွတ်လပ်ရေးရရှိရန်အတွက် လှုံ့ဆော်မှုများ ပြုလုပ်နေသော နိုင်ငံရေးပါတီတစ်ခုကို အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုဖြစ်သည်ဟုဆိုကာ စက်တင်ဘာ ၂၄ ရက်တွင် ပိတ်ပင်ခဲ့သည်။ တရုတ်အစိုးရသည် ၎င်း၏အချုပ်အခြာအာဏာအား စိန်ခေါ်မှုတို့ကို ဖိအားများတိုးမြှင့်ပေးနေစဉ် ယခုပိတ်ပင်မှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

လွန်ခဲ့သည့် ၂၁ နှစ်က ဟောင်ကောင်ကို ဗြိတိန်က တရုတ်ထံသို့ ပြန်လွှဲပြောင်းပေးခဲ့ပြီးနောက်ပိုင်း နိုင်ငံရေးပါတီတစ်ခု ပိတ်ပင်ခံရခြင်းသည် ယခုပထမဆုံးဖြစ်သည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစ်စိတ်တစ်ပိုင်း ရရှိထားသော ဟောင်ကောင်သည် လွတ်လပ်စွာ ဖော်ထုတ်ပြသခွင့် အပါအဝင် ပြည်မကြီးထဲ၌ မကြုံဖူးသော လွတ်လပ်ခွင့်များကို ရရှိခံစားနေရသည်။ သို့သော် ပိုမိုရန်လိုလာသော သမ္မတရှီကျင်ပင်း အစိုးရလက်ထက်၌မူ အတိုက်အခံတို့အတွက် နေရာမှာ ကျဉ်းမြောင်းသထက် ကျဉ်းမြောင်းလာခဲ့သည်။

ပါတီငယ်တစ်ခုဖြစ်သော ဟောင်ကောင် အမျိုးသားပါတီကို ပိတ်ပင်ရန် ရဲတပ်ဖွဲ့၏ တောင်းဆိုချက်ကို ခွင့်ပြုပေးခဲ့သည်ဟု ဟောင်ကောင်လုံခြုံရေးဝန်ကြီး ဂျွန်လီက ပြောကြားခဲ့သည်။ အမျိုးသားလုံခြုံရေး အကျိုးစီးပွား၊ လူမှုတည်ငြိမ်ရေး၊ အခြားသူများ၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ကာကွယ်ရေးတို့အတွက် ယခုကဲ့သို့ ပိတ်ပင်ခဲ့သည်ဟု ၎င်းကဆိုသည်။

ဟောင်ကောင်အမျိုးသားပါတီ (HKNP) သည် လူသိများသော်လည်း သေးငယ်သော ပါတီတစ်ခုဖြစ်ပြီး အဓိကပါတီဝင်ဦးရေမှာ တစ်ဒါဇင်ခန့်သာရှိသည်။ ဟောင်ကောင်ကို လွတ်လပ်သော သမ္မတနိုင်ငံဖြစ်လာစေရန် လုပ်ဆောင်လိုသည့် HKNP ပါတီ၏ လုပ်ငန်းစဉ်မှာ အလွန်ရှင်းလင်းကြောင်း၊ ယင်းသည် ဟောင်ကောင်၏ ဖွဲ့စည်းပုံအခြေခံဥပဒေငယ် (the Basic Law) နှင့် ဆန့်ကျင်ကြောင်း ဂျွန်လီက ပြောကြားခဲ့သည်။ ထို့ပြင် ထိုပါတီသည် ကျောင်းများထဲသို့ စိမ့်ဝင်ကာ ပြည်မကြီး တရုတ်များအား မုန်းတီးမှုများ၊ လူမျိုးရေးခွဲခြားမှုစိတ်ဓာတ်များ ဟောင်ကောင်ထဲ၌ ပြန့်ပွားစေရန် ကြိုးပမ်းခဲ့ကြောင်းလည်း လီက ပြောခဲ့သည်။

သို့သော် HKNP ပါတီသည်မည်သည့် အခါကမှ အကြမ်းဖက်မှုများကို ကျူးလွန်ခဲ့ခြင်းမရှိဘဲ ပါတီခေါင်းဆောင် အင်ဒီချန်းမှာလည်း အကြမ်းမဖက်ရေးကို ဦးတည်လုပ်ဆောင်ခဲ့ကြောင်းကိုမူ လီက ဝန်ခံခဲ့သည်။

HKNP ပါတီအား ပိတ်ပင်လိုက်မှုသည် ပြည်မကြီးနှင့် ဟောင်ကောင်အစိုးရတို့၏ ဟောင်ကောင်လူ့အခွင့်အရေးအား တိုက်ခိုက်မှုလုပ်ရပ်များ၏ သမိုင်းမှတ်တိုင်တစ်ခုဟု လူ့အခွင့်အရေး စောင့်ကြသည့်အဖွဲ့က ခေါ်ဆိုခဲ့သည်။

လူမှုအဖွဲ့အစည်းများဆိုင်ရာ စည်းမျဉ်းဥပဒေအရ HKNP ပါတီကို ပိတ်ပင်ပေးရန် ရဲတပ်ဖွဲ့က ဇူလိုင်လတွင် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ပါတီခေါင်းဆောင်ချန်း အပါအဝင် အခြားလွတ်လပ်ရေးလိုလားသော တက်ကြွလှုပ်ရှားသူများသည်လည်း အစိုးရရာထူးများအတွက် ဝင်ပြိုင်ခွင့်ပိတ်ခံထားရသည်။ လွတ်လပ်ရေးရရှိရန် ထိပ်တန်းတက်ကြွလှုပ်ရှားသူ အက်ဒဝပ်လျန်မှာမူ ဇွန်လက အဓိကရုဏ်းနှင့် ပတ်သက်မှုဖြင့် ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခံလိုက်ရသည်။ အစိုးရက ပိတ်ဆို့မှုများကြောင့် HKNP ပါတီသည် ပြီးခဲ့သည့် နှစ်နှစ်ကတည်းက အရှိန်ကျနေခဲ့ခြင်းဖြစ်သည်။

Ref: AFP

Most Read

Most Recent