မော်လ်ဒိုက်သမ္မတ ရွေးကောက်ပွဲတွင် အတိုက်အခံခေါင်းဆောင် အံအားသင့်ဖွယ် အနိုင်ရရှိ

မော်လ်ဒိုက်သမ္မတ ရွေးကောက်ပွဲတွင် အတိုက်အခံခေါင်းဆောင် အံအားသင့်ဖွယ် အနိုင်ရရှိ
Published 25 September 2018

စက်တင်ဘာ ၂၃ ရက်တွင် မော်လ်ဒိုက်၏ မြို့တော်၌ မဲဆွယ်ရုံးချုပ်တွင် အတိုက်အခံသမ္မတလောင်း ဆိုလီက စကားပြောနေစဉ် (Photo: AFP)

စက်တင်ဘာ ၂၃ ရက်က ကျင်းပခဲ့သော မော်လ်ဒိုက်သမ္မတ ရွေးကောက်ပွဲများတွင် အတိုက်အခံခေါင်းဆောင် အီဘရာဟင် မိုဟာမက်ဆိုလီမှာ အံအားသင့်ဖွယ် အနိုင်ရသွားခဲ့သည်။ ယခုရွေးကောက်ပွဲ၌ လက်ရှိအာဏာရှင်သမ္မတ အဗ္ဗဒူလာယာမင်း အသာရစေရန် အကြံအဖန် လုပ်မှုများရှိသည်ဟု စောင့်ကြည့်သူတို့က ပြောခဲ့သည့်ကြားမှ ယာမင်းမှာ ရှုံးနိမ့်သွားခြင်း ဖြစ်သည်။

သမ္မတယာမင်းရွေးကောက်ပွဲ ရှုံးနိမ့်သွားခြင်းကို မော်လ်ဒိုက်အစိုးရအဖွဲ့က စက်တင်ဘာ ၂၄ ရက်တွင် အသိအမှတ်ပြုခဲ့သည်။ ယာမင်းကိုယ်တိုင်ကလည်း ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်းကို ဝန်ခံခဲ့ပြီး ဆိုလီထံသို့ အာဏာကို ချောချောမောမော လွှဲပြောင်းနိုင်စေရန် စီစဉ်ပေးမည်ဟု ပြောကြားခဲ့သည်။ ကနဦးတွင် ယာမင်းသည် မဲရလဒ်အား လက်မခံမည်ကို စိုးရိမ်ခဲ့ကြသေးသည်။ “ကျွန်တော် ရှုံးနိမ့်မှုကို လက်ခံပါတယ်။ အာဏာလွှဲပြောင်းမှု ချောမွေ့စေဖို့ လုပ်ဆောင်ပေးမှာပါ” ဟု ယာမင်းက ပြောကြားခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်သော မဲရလဒ်များအရ ယာမင်းသည် မဲ ၄၁ ဒသမ ၇ ရာခိုင်နှုန်းကို ရရှိခဲ့ပြီး အတိုက်အခံ ဆိုလီမှာ မဲ ၅၈ ဒသမ ၃ ရာခိုင်နှုန်း ရရှိခဲ့သည်။ တရားဝင်ရလဒ်မှာမူ သီတင်းတစ်ပတ်အကြာမှ ထွက်လာမည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ရွေးကောက်ပွဲအတွင်းကမူ သမ္မတဟောင်းမိုဟာမက်နာရှက်က ယာမင်းထက် ပိုမိုအသာရနေခဲ့ပြီးနောက် တရားရုံးချုပ်က ရလဒ်ကို ပယ်ဖျက်လိုက်သည်။ ထို့ပြင် ယာမင်းကို မဟာမိတ်များဖွဲ့ရန် အချိန်ပေးပြီး နှစ်ကြိမ်တိုင်တိုင် ရွှေ့ဆိုင်းခဲ့သည့် ဒုတိယအကျော့ ရွေးကောက်ပွဲ၌ အနိုင်ရရှိစေခဲ့သည်။

စက်တင်ဘာ ၂၃ ရက် ရွေးကောက်ပွဲတွင်လည်း ယာမင်းပင် အနိုင်ရလိမ့်မည်ဟု ခန့်မှန်းခဲ့ကြခြင်းဖြစ်သည်။ ယာမင်းသည် မီဒီယာများကို နှုတ်ပိတ်ထားသည်ဟု ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲခံခဲ့ရပြီး ၎င်း၏အဓိက နိုင်ငံရေးပြိုင်ဘက်များမှာလည်း အကျဉ်းကျ၊ ပြည်ပရောက် ဖြစ်နေခဲ့ကြသည်။

ရွေးကောက်ပွဲမတိုင်မီက အတိုက်အခံများနှင့် ပတ်သက်၍ အလွန်နည်းပါးစွာ ဖော်ပြခဲ့သည့် အစိုးရမီဒီယာကလည်း အနိုင်ရသည်ဟု ကြေညာနေသည့် ဆိုလီ၏ရုပ်ပုံများကိုပင် ထုတ်လွှင့်ပေးနေခဲ့သည်။

မဲပေးခွင့်ရှိသူ ၂၆၂၀၀၀ အနက် မဲလာပေးသူဦးရေမှာ ရာခိုင်နှုန်း ၉၀ ရှိပြီး အချို့မဲဆန္ဒရှင်များမှာမူ မဲပေးရန် ငါးနာရီကျော်ကြာ တန်းစီလိုက်ရသည်ဟု သိရသည်။

ဆိုလီအနိုင်ရသွားခြင်းအတွက် နိုင်ငံထဲမှ ကျွန်းပေါင်း ၁၂၀၀ ၏ အနှံ့အပြားတွင် အောင်ပွဲခံမှုများ ထွက်ပေါ်လာခဲ့ပြီး ဆိုလီ၏ မော်လ်ဒိုက်ဒီမိုကရက်တစ်ပါတီ (MDP) ၏ အဝါရောင်အလံများကို လွှင့်ထူခြင်း၊ လမ်းပေါ်တွင် ကခုန်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ယာမင်းက ၎င်း၏ ငါးနှစ်ကြာသမ္မတ သက်တမ်းကုန်ဆုံးသည့် နိုဝင်ဘာ ၁၇ ရက်အထိ ရာထူး၌ ရှိနေဦးမည်ဟု ပြောကြားခဲ့သည်။

ရွေးကောက်ပွဲသည် လွတ်လပ်ပြီးမျှတမှုမရှိပါက သင့်တော်သည့် အရေးယူမှုများ ချမှတ်မည်ဟု သတိပေးထားသည့် အမေရိကန်သည် ပြည်သူတို့၏ ဆန္ဒကို လေးစားရန် ယာမင်းအား ကနဦးက ဆော်သြခဲ့သေးသည်။ မော်လ်ဒိုက်ကို အာဏာလွှမ်းမိုးရန် တရုတ်နှင့်ပြိုင်နေသောဒေသတွင်း အင်အားကြီး အိန္ဒိယကမူ ဆိုလီကို ဂုဏ်ပြုကြောင်း ပြောကြားသည့် ပထမဆုံးနိုင်ငံဖြစ်ခဲ့သည်။ ယာမင်းအစိုးရကို အခြေခံအဆောက်အအုံများ ဆောက်လုပ်ရန်အတွက် ဒေါ်လာသန်းပေါင်း ရာနှင့်ချီ ချေးထားသော တရုတ်အစိုးရဘက်မှမူ မည်သည့်မှတ်ချက်မှ ထွက်မလာသေးပေ။

Ref: AFP

Most Read

Most Recent