ဆွစ်ဇာလန်တွင် မျက်နှာလွှားဇာပိတ်ပင်ရေး ဒေသဆိုင်ရာ လူထုဆန္ဒခံယူပွဲ၌ ထောက်ခံသည့်ဘက်က အနိုင်ရ

ဆွစ်ဇာလန်တွင် မျက်နှာလွှားဇာပိတ်ပင်ရေး ဒေသဆိုင်ရာ လူထုဆန္ဒခံယူပွဲ၌ ထောက်ခံသည့်ဘက်က အနိုင်ရ
Published 25 September 2018

၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ ဘန်းမြို့၌ မျက်နှာလွှားဇာအား ပိတ်ပင်ရန် ထောက်ခံသည့် လက်မှတ်များကို ထည့်ထားသည့်စက္ကူပုံးများကို တွေ့ရစဉ် (Photo: Reuters)

ဆွစ်ဇာလန်နိုင်ငံ၏ ဒုတိယမြောက်ဒေသစိတ်နယ်မြေဖြစ်သည့် စိန့်ဂယ်လန်မှ မဲဆန္ဒရှင်ပြည်သူများက အများပြည်သူနှင့်ဆိုင်သောနေရာများတွင် မျက်နှာတစ်ခုလုံဖုံးထားသည့်ဝတ်စုံများ ဝတ်ဆင်မှု ပိတ်ပင်ရေးအတွက် ထောက်ခံမဲများပေးခဲ့ပြီးနောက် ယင်းဒေသတွင် အစ္စလာမ်အမျိုးသမီးတို့ ဝတ်ဆင်သည့် မျက်နှာလွှားဇာပိတ်ပင်သည့်ဥပဒေသည် အာဏာသက်ဝင်လာတော့မည် ဖြစ်သည်။

ဆွစ်ဇာလန်နိုင်ငံ အရှေ့မြောက်ဘက်ရှိ စိန့်ဂယ်လန်ဒေသစိတ်နယ်မြေတွင် မျက်နှာလွှားဇာပိတ်ပင်ရေး၊ မပိတ်ပင်ရေးအတွက် မဲခွဲဆုံးဖြတ်မှုများ ပြုလုပ်ခဲ့ရာ မဲဆန္ဒရှင် ၆၇ ရာခိုင်နှုန်းနီးပါးက မျက်နှာလွှားဇာဝတ်ဆင်မှု ပိတ်ပင်ရေးကို ထောက်ခံမဲပေးခဲ့ကြကြောင်း တရားဝင်မဲရလဒ်များအရ သိရသည်။ သို့သော် ဆန္ဒမဲလာရောက်ပေးသူမှာ ခန့်မှန်းထားသည်ထက် လျော့နည်းခဲ့ပြီး မဲပေးခွင့်ရှိသူ ၃၇ ရာခိုင်နှုန်းသာ မဲပေးခဲ့ကြကြောင်း သိရသည်။

စိန့်ဂယ်လန်သည် နိုင်ငံတောင်ပိုင်းမှ ဒေသစိတ် တီဆီနို၏ ဥပမာအတိုင်းလိုက်လိမ့်မည်ဟု မျှော်မှန်းရပြီး တီဆီနိုဒေသစိတ်နယ်မြေတွင် မျက်နှာလွှားဇာ အပါအဝင် မွတ်စလင်တို့၏ အခြားသော ခေါင်းမြီးခြုံ အဝတ်အထည်များအား ရည်ရွယ်၍ ပိတ်ပင်သည့် ဥပဒေတစ်ရပ်ကို လွန်ခဲ့သည့်နှစ်နှစ်ခန့်က စတင်ပြဋ္ဌာန်းခဲ့သည်။

မကြာသေးမီနှစ်များက ဇူရစ်ချ်၊ ဆိုလိုတန်နှင့် ဂလာရက် ဒေသစိတ်နယ်မြေသုံးခုတွင် မျက်နှာလွှားဇာပိတ်ပင်ရေး ဥပဒေကို ဆန့်ကျင်ခဲ့ကြသည်။ မဲခွဲဆုံးဖြတ်မည့်ဥပဒေထဲတွင် ပြည်သူ့လုံခြုံရေး (သို့မဟုတ်) လူမှုရေးနှင့် ဘာသာရေး ငြိမ်းချမ်းမှုများအတွက် အများပြည်သူနှင့် သက်ဆိုင်သောနေရာများ၌ မျက်နှာကို မည်သူမည်ဝါမှန်း မသိအောင် ဖုံးကွယ်ထားသူများအား ဒဏ်ရိုက်မည်ဟု ဖော်ပြထားပြီး ယင်းဥပဒေကို စိန့်ဂယ်လန်မှ ဥပဒေပြုအမတ်များက ယမန်နှစ်နှောင်းပိုင်းတွင် အတည်ပြုခဲ့ကြသည်။

ထိုဥပဒေသည် လူများကြိုက်ဝါဒီများဖြစ်သော လက်ယာနှင့်ဗဟိုပါတီတို့ထံမှ ထောက်ခံမှုရရှိကာ ဒေသဆိုင်ရာ လွှတ်တော်ထဲတွင် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဂရင်းပါတီနှင့် ဆိုရှယ်လစ်ပါတီများ အဖွဲ့က ဆန္ဒခံယူပွဲတစ်ခု ကျင်းပရန် တောင်းဆိုသဖြင့် ယခုကဲ့သို့ လူထုက မဲပေးရန်ဖြစ်လာခြင်းဖြစ်သည်။

မျက်နှာလွှားဇာပိတ်ပင်ရေး ဥပဒေသည် အစ္စလာမ်များအား မလိုမုန်းထားနေခြင်းပင်ဖြစ်ကြောင်း ဆွစ်ဇာလန်ရှိ အစ္စလာမ္မစ်ဗဟိုကောင်စီက ပြစ်တင်ဝေဖန်ခဲ့ပြီး ဆန့်ကျင်သူ တစ်ချို့ကမူ ယင်းဥပဒေသည် အချည်းနှီးပင်ဖြစ်ကြောင်း၊ စိန့်ဂယ်လန်နယ်မြေတွင် မျက်နှာလွှားဇာခြုံသည့် အနည်းငယ်သော အမျိုးသမီးထုကို စိတ်ဒုက္ခပေးနေခြင်းဖြစ်ကြောင်းနှင့် စိန့်ဂယ်လန်တွင် ယခင်ကတည်းက အားကစားအခမ်းအနားများ ကဲ့သို့သော ပွဲများတွင် မျက်နှာလွှား ဝတ်ဆင်မှုများကို တားမြစ်ထားပြီးဖြစ်ကြောင်း စွပ်စွဲပြောဆိုကြသည်။

တစ်နိုင်ငံလုံးအနှံ့ မျက်နှာလွှားဇာ ဝတ်ဆင်မှုကို ပိတ်ပင်ရန် ရည်ရွယ်သည့် အစောပိုင်းခြေလှမ်းတစ်ခုကို ယမန်နှစ်တွင် ဆွစ်ဇာလန်အစိုးရက ပိတ်ပင်ခဲ့ပြီး ယင်းကိစ္စသည် ဒေသအလိုက်သာ သင့်၊ မသင့် ဆုံးဖြတ်သင့်ကြောင်း ထုတ်ပြန်ခဲ့သည်။

Ref: AFP

Most Read

Most Recent