ဒေါ်လာဘီလျံ ၂၀၀ တန်ဖိုးရှိ တရုတ်သွင်းကုန်များအား အမေရိကန်၏ နောက်ဆုံးစည်းကြပ်ခွန်ချမှတ်မှု အာဏာသက်ဝင်

ဒေါ်လာဘီလျံ ၂၀၀ တန်ဖိုးရှိ တရုတ်သွင်းကုန်များအား အမေရိကန်၏ နောက်ဆုံးစည်းကြပ်ခွန်ချမှတ်မှု အာဏာသက်ဝင်
Published 25 September 2018

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်တွင် လော့စ်အိန်ဂျလိစ်ရှိ ဆိပ်ကမ်းတစ်ခု၌ ကုန်တင်သင်္ဘောများကို တွေ့ရစဉ် (Photo: AP)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်သွင်းကုန်များအား နောက်ဆုံးစည်းကြပ်ခွန်များ ချမှတ်မှုသည် စက်တင်ဘာ ၂၄ ရက်တွင် အာဏာသက်ဝင်ခဲ့ပြီး နောက်ထပ် ဒေါ်လာဘီလျံ ၂၀၀ တန်ဖိုးရှိ တရုတ်သွင်းကုန်များအား စည်းကြပ်ခွန်များ ချမှတ်မှုသည် ကမ္ဘာ့စီးပွားရေး အလားအလာကို အရိပ်မိုးနေခဲ့သည်။ နောက်ဆုံးချမှတ်ခဲ့မှုအား ပေါင်းထည့်လိုက်ပါက ဒေါ်လာ ဘီလျံ ၂၅၀ ကျော် တန်ဖိုးရှိ တရုတ်ကုန်ပစ္စည်းများအား စည်းကြပ်ခွန်ချမှတ်ခံရမှု ဖြစ်လာမည်ဖြစ်ပြီး အမေရိကန်သို့ တရုတ်က တင်ပို့သည့် ကုန်ပစ္စည်းအားလုံး၏ အကြမ်းဖျင်းအားဖြင့် ထက်ဝက်ခန့်ရှိလာပြီဖြစ်သည်။

ထရန့်သည် ယခုတစ်နှစ်တည်းတွင် အမေရိကန်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းစုစုပေါင်း၏ ၁၂ ရာခိုင်နှုန်းကို စည်းကြပ်ခွန်များ ချမှတ်ထားပြီးဖြစ်သည်။ အမေရိကန်စီးပွားရေးအား သက်ရောက်နိုင်မှုကို စိုးရိမ်မှုများ မြင့်တက်လာခြင်းအား အာခံလျက် ထရန့်က အမေရိကန်စီးပွားရေးကို ထိခိုက်စေသော တရုတ်၏ စီးပွားရေးမူဝါဒများကို ပြောင်းလဲခြင်းမရှိပါက တရုတ်တင်သွင်းကုန်အားလုံးကို စည်းကြပ်ခွန်များ ချမှတ်သွားမည်ဟု ခြိမ်းခြောက်ထားသည်။

အထူးသဖြင့် အမေရိကန်၏ နည်းပညာများအား ခိုးယူသည့် တရုတ်၏ စီးပွားရေးဆိုင်ရာ မူဝါဒများသည် အမေရိကန်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ရေရှည်တည်တံ့မှုကို ကြီးမားသော ခြိမ်းခြောက်မှုမြောက်ကြောင်း ပေါ်လွင်နေသည်ဟု ထရန့်က ပြီးခဲ့သော သီတင်းပတ်တွင် နောက်ဆုံး စည်းကြပ်ခွန်ချမှတ်မှုအား ကြေညာစဉ် ပြောကြားခဲ့သည်။ ၎င်းတို့က အနိုင်ရမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုကလည်း Fox News Sunday သို့ ပြောကြားခဲ့သည်။

ပေကျင်းကလည်း ဒေါ်လာဘီလျံ ၆၀ ရှိသော အမေရိကန်ကုန်ပစ္စည်းများအား စည်းကြပ်ခွန်များ ပြန်လည်ချမှတ်မည်ဖြစ်ကြောင်း စက်တင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့ရာ အမေရိကန်ထံမှ တရုတ်က ဝယ်ယူသည့် ကုန်ပစ္စည်း အားလုံးနီးပါးဖြစ်သော စုစုပေါင်း ဒေါ်လာဘီလျံ ၁၁၀ အထိ ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။

သို့သော် ထရန့်က တရုတ်ထံမှ အမေရိကန် ဝယ်ယူသည့် ကုန်ပစ္စည်းအားလုံးနီးပါး သို့မဟုတ် နောက်ထပ်ဒေါ်လာ ၂၆၇ ဘီလျံ တန်ဖိုးရှိ သွင်းကုန်များကို စည်းကြပ်ခွန်များ ချမှတ်သည့် အဆင့်-၃ ကို အရှိန်တိုးမြှင့်နိုင်ကြောင်း သတိပေးခဲ့သည်။

နောက်ဆုံးချမှတ်ခဲ့သည့် စည်းကြပ်ခွန်များအရ အမေရိကန်သည် ယခုနှစ်ကုန်အထိ တရုတ်သွင်းကုန်များအား စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း ချမှတ်သွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် ၂၅ ရာခိုင်နှုန်းသို့ တိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုစည်းကြပ်ခွန်များ ချမှတ်ခံရသည့် ကုန်ပစ္စည်းများတွင် တရုတ်လုပ် အသံဖမ်းစက်များ၊ ကွန်ပျူတာမှတ် ဉာဏ်မော်ဂျူးများ၊ မိတ္တူစက်များနှင့် ငွေစက္ကူထုတ်စက်များ ကဲ့သို့သော ရုံးသုံးပစ္စည်းများ အပါအဝင် ထုတ်ကုန်များ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ကြောင်း သိရသည်။

ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နှစ်နိုင်ငံအကြား ဆွေးနွေးမှုများသည် ဆိုးရွားလာခဲ့ပြီး ဝါရှင်တန်တွင် စက်တင်ဘာ ၂၇-၂၈ ရက်၌ ကျင်းပမည်ဟု မျှော်လင့်ရသော ဆွေးနွေးပွဲသို့ တရုတ်ကိုယ်စားလှယ် အဖွဲ့အား စေလွှတ်မည့် အစီအစဉ်ကို ပေကျင်းက ပယ်ဖျက်ခဲ့ကြောင်း ဝေါစထရိဂျာနယ်က ဖော်ပြခဲ့သည်။ သြဂုတ်နှောင်းပိုင်းတွင် ကျင်းပခဲ့သည့် ယခင်ဆွေးနွေးပွဲများသည်လည်း အလုပ်မဖြစ်ခဲ့ပေ။

Ref: AFP

Most Read

Most Recent