လက်ရှိအာဏာရှင်သာ ပြန်လည်ရွေးကောက်ခံရနိုင်သည့် မော်လ်ဒိုက် ရွေးကောက်ပွဲများ ကျင်းပ

လက်ရှိအာဏာရှင်သာ ပြန်လည်ရွေးကောက်ခံရနိုင်သည့် မော်လ်ဒိုက် ရွေးကောက်ပွဲများ ကျင်းပ
Published 24 September 2018

စက်တင်ဘာ ၂၃ ရက်က မော်ဒိုက်ဗ်ရွေးကောက်ပွဲနေ့တွင် မဲထည့်နေသော သမ္မတ အဗ္ဗဒူလာယာမင် (Photo - AFP)

သဲဖြူကမ်းခြေများနှင့် ပင်လယ်ရေ ပြာပြာတို့ကြောင့် လူသိများသော မော်လ်ဒိုက်နိုင်ငံတွင်  စက်တင်ဘာ ၂၃ ရက်က အငြင်းပွားဖွယ် သမ္မတရွေးကောက်ပွဲများ ကျင်းပခဲ့သည်။ ထိုရွေးကောက်ပွဲသည် တရုတ်နှင့် ရင်းနှီးမှုရှိသော အာဏာရှင် အဗ္ဗဒူလာယာမင် ပြန်လည်အနိုင်ရမည့် လှည့်ကွက်လုပ်ငန်းစဉ် တစ်ခုဖြစ်နေမည့်အပေါ် စိုးရိမ်မှုများလည်း ရှိနေသည်။

အဓိကပြိုင်ဘက်များအားလုံးကို ထောင်ချခြင်း၊ ပြည်ပသို့ နှင်ထုတ်ခြင်းတို့ လုပ်ဆောင်ထားသည့် ယာမင်သည် အိန္ဒိယသမုဒ္ဒရာ ကျွန်းနိုင်ငံ၏ အာဏာကို ဆက်လက်ထိန်း သိမ်းထားနိုင်မည်ဟု မျှော်မှန်းရသည်။ နိုင်ငံခြားမှ စောင့်ကြည့်သူများ၊ အတိုက်အခံများကမူ သဘောထားကွဲလွဲသူများ၊ မီဒီယာများအပေါ် ယာမင်အစိုးရ၏ နှိမ်နင်းမှုများနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် ဝေဖန်နေကာ နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း ရွေးကောက်ပွဲရလဒ်အား အသိအမှတ်မပြုရန် တိုက်တွန်းနေကြသည်။

မဲရုံများမဖွင့်မီကလည်း ရဲများသည် အတိုက်အခံပါတီ MDP ၏ မဲဆွယ်စည်းရုံးရေး ဌာနချုပ်အား ဝင်စီးခဲ့ကြသည်။ တရားမဝင် လုပ်ရပ်များကို ရပ်တန့်ရန်ဟုဆိုကာ နာရီပေါင်းများစွာ ရှာဖွေခဲ့ကြခြင်းဖြစ်ပြီး ဖမ်းဆီးမှု မရှိခဲ့ပေ။ အစိုးရက နှိမ်နင်းမှုအများအပြား ရှိနေသော်လည်း ရာပေါင်းများစွာသော မော်လ်ဒိုက်နိုင်ငံသားများသည် မဲရုံမဖွင့်မီကတည်း မဲပေးရန် လာရောက်စောင့်ဆိုင်းနေခဲ့ကြသည်။

ယာမင်သည် အခြေခံအဆောက်အအုံများ ဆောက်လုပ်ရန်အတွက် တရုတ်ထံမှ ဒေါ်လာသန်းပေါင်း ရာနှင့်ချီ ချေးငှားနေသဖြင့် မော်လ်ဒိုက်အား ကာလရှည်ကြာ ထောက်ပံ့လာခဲ့သော အိန္ဒိယကို စိုးရိမ်စေလျက်ရှိသည်။ နိုင်ငံရေးအခြေအနေများ တိုးတက်လာမှုမရှိပါက ပိုင်ဆိုင်မှုများနှင့် ခရီးသွားလာခွင့်များကို ပိတ်ပစ်ရန် အသင့်ရှိဟု ဥရောပသမဂ္ဂက သတိပေးထားပြီး အမေရိကန်ကလည်း ကျွန်းပေါင်း ၁၂၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသည့် မော်လ်ဒိုက်နိုင်ငံ၏ ဒီမိုကရေစီ ယုတ်လျော့စေရန်လုပ်ဆောင်သူများကို သင့်လျော်သည့် အရေးယူမှုများ ချမှတ်မည်ဟု သတိပေးနေသည်။ မဲပေးခွင့်ရှိသူ ၂၆၂,၀၀၀ ရှိသော ယခု ရွေးကောက်ပွဲတွင် နိုင်ငံခြားမီဒီယာ လက်တစ်ဆုပ်စာကိုသာ ဝင်ခွင့်ပြုခဲ့ပြီး အမှီအခိုကင်းသော နိုင်ငံတကာ စောင့်ကြည့်သူများကိုမူ ပိတ်ပင်ထားခဲ့သည်။

Ref ; AFP