ဟောင်ကောင်နှင့် တရုတ်ပြည်မကြီးကို ဆက်သွယ်ထားသည့် ကျည်ဆန်ရထားလိုင်းသစ် စတင်ပြေးဆွဲ

ဟောင်ကောင်နှင့် တရုတ်ပြည်မကြီးကို ဆက်သွယ်ထားသည့် ကျည်ဆန်ရထားလိုင်းသစ် စတင်ပြေးဆွဲ
Published 24 September 2018

စက်တင်ဘာ ၂၃ ရက်က ဟောင်ကောင်-ပြည်မကြီးကျည်ဆန်ရထား ပထမဆုံးပြေးဆွဲသည့်နေ့အတွင်း လိုက်ပါစီးနင်းကြသူများ (Photo- AFP)

ဟောင်ကောင်နှင့် တရုတ်ပြည်မကြီးကို ဆက်သွယ်ထားသော ကျည်ဆန်ရထားလိုင်းသစ်ကို စက်တင်ဘာ ၂၃ ရက်က စတင်ပြေးဆွဲခဲ့သည်။ ဒေါ်လာ ၁၁ ဘီလျံတန်ဖိုးရှိ ထိုစီမံကိန်းသည် ဟောင်ကောင်နယ်မြေထဲမှ  နေရာတစ်စိတ်တစ်ပိုင်းကို ပိုမိုရန်လိုလားသည့် တရုတ်အစိုးရထံသို့ ပေးလိုက်ရခြင်း ဖြစ်သည်ဟု ဝေဖန်သူများက ပြောနေကြသည်။

ကွမ်ကျိုး-စင်ကျင်-ဟောင်ကောင် ရထားလမ်းစီမံကိန်းကြောင့် ဟောင်ကောင်ဆိပ်ကမ်းဒေသ West Kowloon ရှိ ရထားလမ်းဆုံးဘူတာသို့ တရုတ်ပြည်မကြီးမှ လူဝင်မှုကြီးကြပ်ရေးအရာရှိများ လာရောက်ရုံးထိုင်ကြပြီး ထိုဘူတာကိုလည်း တရုတ်ဥပဒေက လွှမ်းမိုးထားမည်ဖြစ်သည်။ မကြုံစဖူးဖြစ်သော ယင်းဖြစ်စဉ်ကြောင့် ဝေဖန်သူအချို့က ဟောင်ကောင်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုထိပါးခံလာရသည်ဟု ပြောနေကြသည်။

Basic law ဟုခေါ်သော ဟောင်ကောင်ဖွဲ့စည်းပုံအခြေခံဥပဒေငယ်ကြောင့် တရုတ်အမျိုးသားဥပဒေသည် သတ်မှတ်ထားသော ဧရိယာအချို့မှလွဲပြီး ဟောင်ကောင်မြို့ပေါ်သို့ (ကာကွယ်ရေး အပါအဝင်) သက်ရောက်ခြင်း မရှိပေ။

ယခုကျည်ဆန်ရထားစီမံကိန်းသည် Greater Bay Area ဟုအမည်ပေးထားပြီး တရုတ်မြို့ကိုးမြို့ ပါဝင်ကာ ပုလဲမြစ်ဝှမ်း၏ ကျယ်ပြန့်လှသော ကုန်တွင်းပိုင်းဒေသကြီး တစ်ခုထဲသို့ ဟောင်ကောင်အား ဆွဲသွင်းရန် တရုတ်အစိုးရ၏ ပိုမိုကျယ်ပြန့်သော ကြိုးပမ်းအားထုတ်မှုထဲမှ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

ဝေဖန်သူများက ပြည်မကြီးဇုန်ထဲတွင် ခရီးသည်များ၏ လုံခြုံရေးအတွက် စိုးရိမ်မှုများ ရှိနေခဲ့ကြသော်လည်း ခရီးသည်များမှာမူ တရုတ်ပြည်မကြီးထဲသို့ မိနစ် ၂၀ တည်းနှင့် ရောက်သွားနိုင်သော ရထားလိုင်းအတွက် မျှော်လင့်ချက်အပြည့် ဖြစ်နေကြသည်။

တရုတ်တောင်ပိုင်းမြို့ စင်ကျင်သို့ ထွက်ခွာမည့် ပထမဆုံးနံနက် ၇ နာရီ ရထားအားစီးရန် ဟောင်ကောင်ရထားလမ်းဆုံးဘူတာတွင် လူရာပေါင်းများစွာ လာရောက်စောင့်ဆိုင်းနေခဲ့ကြသည်။

တစ်နာရီ အမြန်နှုန်းကီလိုမီတာ ၂၀၀  (၁၂၅ မိုင်) ရှိသော ကျည်ဆန်ရထားများသည် လက်ရှိ ရှိနှင့်ပြီးသား နယ်စပ်ဖြတ်ကျော် ရထားလိုင်းများထက်များစွာ ပိုမြန်သည်။ ပေကျင်းသို့ ခရီးစဉ်မှာမူ ယခင်က ၂၄ နာရီကြာ မြင့်ရာမှာ ယခုဆိုလျှင် ကိုးနာရီသာကြာတော့မည် ဖြစ်သည်။

ကြာချိန်သက်သာသော်လည်း ရထားလက်မှတ်မှာ ဈေးနှုန်းကြီးမြင့်ပြီး ဝယ်ယူရသည့် စနစ်မှာလည်း အဆင်မပြေလှကြောင်း Mr. Kwok အမည်ရှိ ခရီးသည်တစ်ဦးက ပြောကြားခဲ့သည်။ ၎င်းသည် တနင်္ဂနွေရထား လက်မှတ်ကို ဝယ်ယူရန်လေးနာရီကြာ တန်းစီလိုက်ရသည်ဟု သိရသည်။

စင်ကျင်သို့ ဒုတိယတန်းလက်မှတ်တစ်စောင်သည် ဟောင်ကောင်ဒေါ်လာ ၈၆ (အမေရိကန်ဒေါ်လာ ၁၁) ကျသင့်ပြီး ကွမ်ကျိုးသို့သွားလျှင် ဟောင်ကောင်ဒေါ်လာ ၂၄၇၊ ပေကျင်းသို့သွားလျှင် ဟောင်ကောင် ဒေါ်လာ ၁၂၃၇ ကျသင့်မည် ဖြစ်သည်။

ဟောင်ကောင်သားများအနေနှင့် တရုတ်ဥပဒေလွှမ်းမိုးမှုရှိသော ဇုန်နေရာများထဲတွင် မည်သို့ ပြုမူနေထိုင်ရမည်ဆိုခြင်းနှင့် ပတ်သက်ပြီး မေးခွန်းထုတ်မှုများစွာလည်း ဖြစ်ပေါ်နေသည်။ ဥပမာအားဖြင့် ၎င်းတို့သည် ပြည်မကြီးထဲတွင် အသုံးပြုခွင့် ပိတ်ထားသော Facebook ၊ Twitter တို့အား အသုံးပြုခြင်း သို့မဟုတ် နိုင်ငံရေးစာသားများပါသော အင်္ကျီများကို ဝတ်ဆင်ခြင်းတို့ကြောင့် အပြစ်ပေးခံရမည်လား အစရှိသဖြင့် မေးခွန်းထုတ်နေကြခြင်း ဖြစ်သည်။

အေအက်ဖ်ပီသတင်းဌာနမှ ဂျာနယ်လစ်များကမူ တရုတ်ဥပဒေလွှမ်းမိုးထားသော ဘူတာထဲတွင် စက်တင်ဘာ ၂၃ ရက်က လူမှုမီဒီယာများ၊ ဝက်ဆိုက်များသို့ ဝင်၍ရနေခဲ့ပြီး ပြည်မကြီးမှ Wifi ကို အသုံးပြု၍ ဝင်လျှင်ပင် ရနေခဲ့ကြောင်း သိရသည်။ ရထားပေါ်တွင်မူ စင်ကျင်သို့ ဖြတ်ကျော်လာသည်နှင့်တစ်ပြိုင်နက် ခရီးသည်များသည် Wifi ရရှိရန်အတွက် မှတ်ပုံတင်ပြီးသား တရုတ်မိုဘိုင်းနံပါတ်တစ်ခုခု သို့မဟုတ် WeChat အကောင့်သို့ ပြောင်းလဲရမည် ဖြစ်သည်။

စက်တင်ဘာ ၂၃ ရက်မှာပင် နံနက်ပိုင်းရထားဖြင့် ဟောင်ကောင်သို့ ရောက်ရှိလာသော ပြည်မကြီးမှခရီးသည်များကို ‘I Love Hong Kong’ ဟုရေးထားသော မက်ခွက်များ၊ ဟောင်ကောင်မှ ကြိုဆိုကြောင်း ရေးထားသည့် သင်္ကေတများဖြင့် နှုတ်ဆက်ခဲ့ကြသည်။

“အရမ်းကို မြန်တာပဲ။ ခရီးစဉ်ကလည်း အရမ်းသက်သောင့်သက်သာ ရှိပါတယ်” ဟု ဟောင်ကောင်သို့ ပထမဆုံးရောက်လာခြင်း ဖြစ်သည်ဟုဆိုသော အသက်  ၆၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောကြားခဲ့သည်။

Ref ; AFP

Most Read

Most Recent