တရုတ်ပြည်မကြီးနှင့် ချိတ်ဆက်ထားသော အမြန်ရထားလမ်းသစ်အား ဟောင်ကောင်က ဖွင့်လှစ်

တရုတ်ပြည်မကြီးနှင့် ချိတ်ဆက်ထားသော အမြန်ရထားလမ်းသစ်အား ဟောင်ကောင်က ဖွင့်လှစ်
Published 23 September 2018

စက်တင်ဘာ ၂၂ ရက်တွင် ဟောင်ကောင်ရှိ West Kowloon ရထားလမ်းဆုံးဘူတာ၌ ခရီးသည်ထွက်ခွာသည့် ဂိတ်များကို တွေ့ရစဉ် (Photo: AFP)

ခရီးကြာချိန်အား အလွန်အမင်းလျှော့ချပေးနိုင်သော တရုတ်ပြည်မကြီးနှင့် ချိတ်ဆက်ထားသည့် အမြန်ရထားလမ်းသစ်ကို ဟောင်ကောင်က စက်တင်ဘာ ၂၂ ရက်တွင် ဖွင့်လှစ်ခဲ့သည်။ သို့သော် ထိုရထားလမ်းကြောင့် တရုတ်၏ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစ်စိတ်တစ်ပိုင်းရဒေသ ဟောင်ကောင်အား ပေကျင်း၏သြဇာလွှမ်းမိုးမှု တဖြည်းဖြည်းမြင့်တက်လာမှုကို စိုးရိမ်မှုကြီးမားလာခဲ့သည်။

ဒေါ်လာ ၁၀ ဘီလျံကျော်အထိ ကုန်ကျခဲ့ပြီး တည်ဆောက်မှုသည် ရှစ်နှစ်ကျော်ကြာ မြင့်ခဲ့သော ထိုရထားလမ်းသည် လူဦးရေ ခုနစ်သန်းနေထိုင်သည့် အာရှ၏ဘဏ္ဍာရေး ဗဟိုချက်ဟောင်ကောင်နှင့် အိမ်နီးချင်း တရုတ်၏ ကုန်ထုတ်လုပ်ရေးဗဟိုချက် ကွမ်တုံပြည်နယ်တို့အကြား နေ့စဉ်ခရီးသည် ၈၀၀၀၀ ကျော်ကို ပို့ဆောင်ပေးနိုင်ရန် ရည်မှန်းထားသည်။

တစ်နာရီလျှင် ၂၆ ကီလိုမီတာ (၁၆ မိုင်) နှုန်းဖြင့် မောင်းနှင်သော ထိုရထားသည် ဟောင်ကောင်မှတစ်ဆင့် တရုတ်နယ်စပ်ကို ဖြတ်ကာ စင်ကျင်းအထိ ရောက်ရှိရန် ၁၄ မိ နစ်သာ ကြာမြင့်မည်ဖြစ်ရာ လက်ရှိကြာချိန် တစ်နာရီခန့်မှ အလွန်အမင်း သက်သာသွားခဲ့ခြင်းဖြစ်သည်။ ထိုရထားသည် ကွမ်တုံပြည်နယ်မြို့တော် ကွမ်ကျိုးသို့ ရောက်ရှိရန် နာရီဝက်ကျော်သာ ကြာမြင့်မည်ဖြစ်ရာ လက်ရှိကြာမြင့်ချိန် မိနစ် ၉၀ ခန့်ထက် အချိန်ကုန် သက်သာသွားမည်ဖြစ်သည်။

နယ်စပ်ကို ဖြတ်သန်းပြီးချိန်တွင် တရုတ်ခရီးသည်များသည် ရှန်ဟိုင်း၊ ပေကျင်းနှင့် အနောက်ဘက်စွန်းရှိ ရှဲန်မြို့တို့အပါအဝင် တရုတ်နိုင်ငံတစ်ဝန်းအား ချိတ်ဆက်ထားသော ခရီးစဉ် ၄၄ ခုကျော်ကို ချိတ်ဆက်နိုင်မည်ဖြစ်သည်။ ခရီးသည်များသည် ထိုရထားလမ်း၏ အသစ်တည်ဆောက်ထားသော West Kowloon ရထားလမ်းဆုံး ဘူတာ၌ တရုတ်လူဝင်မှုကြီးကြပ်ရေးဌာနကို ဖြတ်သန်းရမည်ဖြစ်သည်။ ထိုဘူတာရုံဧရိယာ၏ အကြမ်းဖျင်းအားဖြင့် လေးပုံတစ်ပုံအတွင်း တရုတ်ပြည်မကြီး၏ဥပဒေက သက်ဝင်မည် ဖြစ်ကြောင်း သတင်းထွက်ပေါ်လာချိန်တွင် ထိုကိစ္စက ဥပဒေကြောင်းဆိုင်ရာ အဓိက အငြင်းပွားစရာဖြစ်လာခဲ့သည်။

ထိုလုပ်ရပ်သည် ၁၉၉၇ ခုနှစ်တွင် ဗြိတိန်က ဟောင်ကောင်အား တရုတ်ထံသို့ လွဲှပေးခဲ့ပြီးနောက် ဟောင်ကောင်က ကိုယ်ပိုင်တရားစီရင်ရေးစနစ်နှင့် အရပ်ဘက်လွတ်လပ်ခွင့်အား ထိန်းသိမ်းထားသည့် ဟောင်ကောင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်မှုမြောက်မည်ဖြစ်ကြောင်း ဟောင်ကောင်အတိုက်အခံဥပဒေပြုအမတ်အချို့က စောဒက တက်ခဲ့ကြသည်။

တရုတ်ဥပဒေအား ထိုရထားလမ်းဆုံး ဘူတာရုံ၌ ကျင့်သုံးရန် ဟောင်ကောင်ဥပဒေ ပြုလွှတ်တော်က ပြီးခဲ့သောဇွန်တွင် ခွင့်ပြုခဲ့မှုကြောင့် ပြီးခဲ့သောလေးနှစ်ခန့်က ပြုပြင် ပြောင်းလဲမှုများပြုလုပ်ရန် လမ်းပေါ်ထွက် ဧရာမဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီးနောက် လွှတ်တော်ထဲသို့ ရောက်ရှိလာခဲ့သော အတိုက်အခံများအတွက် အလွန်အမင်းအရေးပါသည့် အခိုက်အတန့်ဖြစ်လာခဲ့သည်။ ယင်းနောက်ပိုင်း ဒီမိုကရေစီလိုလားသော ဟောင်ကောင် ဥပဒေပြုအမတ်များသည် ပါလီမန်မှ ထုတ် ပယ်ခံခဲ့ရပြီး ဆန္ဒပြသူ ၁၀၀ ကျော်သည်လည်း စွဲချက်များ စွဲဆိုခံခဲ့ရသည်။

ဟောင်ကောင်အုပ်ချုပ်ရေးမှူးကာရီ လမ်အပါအဝင် ပေကျင်းလိုလားသည့် ထောက်ခံသူများက ထိုအမြန်ရထားလမ်းသစ်၏ အမြန်နှုန်းနှင့် သက်သောင့်သက်သာရှိမှုတို့အတွက် ကာကွယ်ပြောကြားခဲ့ကြသည်။

Most Read

Most Recent