သေဆုံးသူ ၁၇၀ ကျော်လာသည့် တန်ဇန်းနီးယားဖယ်ရီ နစ်မြုပ်မှုတွင်တာဝန်ရှိသူများကို စတင်ဖမ်းဆီး

သေဆုံးသူ ၁၇၀ ကျော်လာသည့် တန်ဇန်းနီးယားဖယ်ရီ နစ်မြုပ်မှုတွင်တာဝန်ရှိသူများကို စတင်ဖမ်းဆီး
Published 23 September 2018

စက်တင်ဘာ ၂၁ ရက်တွင် တန်ဇန်နီးယားရှိ ဗစ်တိုးရီးယားရေကန်တွင် နစ်မြုပ်နေသော ဖယ်ရီသင်္ဘောကို တွေ့ရစဉ် (Photo: AFP)

သေဆုံးသူဦးရေ ၁၇၀ ကျော်အထိ မြင့်တက်လာခဲ့ပြီး ရေနစ်နေသည်ဟု ယူဆရသော လူအများအပြားကိုရှာရန် ကယ်ဆယ်ရေးသမားများက ဆက်လက်ဆောင်ရွက်နေချိန်တွင် ဗစ်တိုးရီးယားရေကန်တွင် တိမ်းမှောက်ခဲ့သော ဖယ်ရီ၏ စီမံခန့်ခွဲမှုအဖွဲ့ကို ဖမ်းဆီးရန် စက်တင်ဘာ ၂၁ ရက်တွင် တန် ဇန်းနီးယားသမ္မတ ဂျွန်မာဂူဖူလီက ညွှန်ကြားခဲ့သည်။

MV Nyerere ဖယ်ရီသည်ခရီးသည် ၂၀၀ ခန့်အထိ တင်ဆောင်ခဲ့ဖွယ်ရှိပြီး အဆိုပါအရေအတွက်သည် ရေယာဉ်က တင်ဆောင်နိုင်သော ပမာဏ၏နှစ်ဆရှိသည်။ အဆိုပါဖယ်ရီသည် စက်တင်ဘာ၂၀ ရက် တွင် အူခါရာကျွန်းရှိ ဆိပ်ခံတံတားအနီးတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်ဟု အစိုးရမီဒီယာက ထုတ်ပြန်ခဲ့သည်။ ဆိပ်ခံတားကို ချဉ်းကပ်လာချိန်တွင် ခရီးသည်များက ဖယ်ရီပေါ်မှဆင်းရန် တစ်ဖက်တည်းကို ပြေးလာကြသောကြောင့် ဖယ်ရီနစ်သွားခြင်းဖြစ် သည်ဟု မျက်မြင်တွေ့ရှိသူများက အေအက်ဖ်ပီကို ပြောကြားခဲ့ကြသည်။

“ဖယ်ရီဟာ မတန်တဆ ဝန်တင်ထားခဲ့တယ်ဆိုတာ ထင်ရှားပါတယ်။ ပေါ့ဆမှုဟာ ကလေးတွေ၊ မိခင်တွေ၊ ကျောင်းသားတွေနဲ့ သက်ကြီးရွယ်အိုတွေရဲ့ အသက်ပေါင်းများစွာကို ဆုံးရှုံးစေခဲ့ပါတယ်။ ဖယ်ရီစီမံခန့်ခွဲမှု အဖွဲ့မှာပါသူတိုင်းကို ဖမ်းဆီးဖို့ကျွန်တော် ညွှန်ကြားခဲ့ပါတယ်” ဟု သမ္မတမာဂူဖူလီက ရုပ်သံမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

တစ်နိုင်ငံလုံး ဝမ်းနည်းခြင်းအထိမ်းအမှတ်ကို လေးရက်ကြာပြုလုပ်ရန် သမ္မတက ကြေညာခဲ့သည်။ သေဆုံးသူများ၏အသုဘစရိတ်ကို အစိုးရက ကျခံပေးသွားမည်ဖြစ်ကြောင်း သမ္မတက ပြောကြားခဲ့သည်။ ရှာဖွေမှုကို စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် ပြန်လည်စတင်ခဲ့ကြောင်း အစိုးရရုပ်သံ TBC က ကြေညာခဲ့သည်။ နောက်ထပ် အသက်ရှင်ကျန်ရစ်သူများကို တွေ့ရနိုင်သည့် မျှော်လင့်ချက်များသည် မှေးမှိန်လာနေသည်။

ပိုမိုကြီးမားသော Ukerewe ကျွန်းပေါ် ရှိ ဘူဂိုလိုရာမြို့တွင် လူ ၂၀၀ ကျော်သည် ဖယ်ရီပေါ်ကို တက်ရောက်ခဲ့ကြသည်ဟု မျက်မြင်တွေ့သူများ၏ ပြောကြားချက်များကို အစိုးရရုပ်သံက ဖော်ပြခဲ့သည်။ တိမ်းမှောက်သောနေ့သည် Ukerewe ကျွန်းတွင် ဈေးနေ့  ဖြစ်နေပြီး ထိုသို့သော ဈေးနေ့များတွင် ရေယာဉ်ပေါ်၌ လူနှင့်ကုန်ပစ္စည်းများအပြည့် ဖြစ်နေတတ်ကြောင်း ဒေသခံများက ပြောကြားခဲ့ကြသည်။

“ကျောင်းဖွင့်ရာသီစလို့ ကျောင်းဝတ်စုံနဲ့ အခြားဟာတွေဝယ်ဖို့ဘူဂိုလိုရာမြို့ကို သွားခဲ့ကြတဲ့ ကျွန်တော့်အဖေနဲ့ ကျွန်တော့်ညီတို့ရဲ့အကြောင်းကို ကျွန်တော် မကြားရသေးပါဘူး” ဟု ဆွေမျိုးသတင်းကို နားထောင်နေသူတစ်ဦးက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။ ဖယ်ရီနစ်မြုပ်ရသည့် အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ယခုကဲ့သို့သော နစ်မြုပ်မှုများသည် အဆမတန် ဝန်တင်ခြင်းကြောင့် ဖြစ်လေ့ရှိသည်ဟု ဆိုသည်။

တန်ဇန်းနီးယားလျှပ်စစ်နှင့် စက်သုံးပစ္စည်း ဝန်ဆောင်မှုအေဂျင်စီ၏ ထုတ်ပြန်ချက်တွင် MV Nyerere ကူးတို့သင်္ဘောပေါ်၌ ခရီးသည်မည်မျှတင်ဆောင်သွားသည်ကို တိတိကျကျ မသိရကြောင်း ဖော်ပြထားသည်။ ထို့ပြင် သင်္ဘောပေါ်တွင် ဘိလပ်မြေအိတ်များနှင့် ပြောင်းဖူးများထည့်ထားသော အိတ်များ အပါအဝင် အခြားကုန်ပစ္စည်းများ တင်ဆောင်ထားကြောင်းသိရသည်။

Most Read

Most Recent