ဆွစ်ဇာလန်တွင် မျက်နှာလွှားဇာပိတ်ပင်ရေးနှင့်ပတ်သက်ပြီး ဒေသဆိုင်ရာလူထုဆန္ဒခံယူပွဲ ပြုလုပ်မည်

ဆွစ်ဇာလန်တွင် မျက်နှာလွှားဇာပိတ်ပင်ရေးနှင့်ပတ်သက်ပြီး ဒေသဆိုင်ရာလူထုဆန္ဒခံယူပွဲ ပြုလုပ်မည်
Published 22 September 2018

စက်တင်ဘာ ၁၅ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ ဘန်းမြို့၌ မျက်နှာလွှာဇားဝတ်ဆင်မှု ပိတ်ပင်ရေးအတွက် ထောက်ခံသည့်လက်မှတ်များ ထည့်ထားသောစက္ကူပုံးများကို တွေ့ရစဉ် (Photo - AFP)

အစ္စလာမ်အမျိုးသမီးတို့ ဝတ်ဆင်သည့် မျက်နှာလွှားဇာများကို ပိတ်ပင်ရေး၊ မပိတ်ပင်ရေးအတွက် ဆွစ်ဇာလန်နိုင်ငံ၏ ဒုတိယမြောက် ဒေသစိတ်နယ်မြေတွင် စက်တင်ဘာ ၂၃ ရက်၌ မဲပေးဆုံးဖြတ်ကြတော့မည် ဖြစ်သည်။ အငြင်းပွားစရာ ဖြစ်နေသော ထိုဥပဒေအရ အများပြည်သူနှင့်ဆိုင်သော နေရာများတွင် မျက်နှာတစ်ခုလုံးကို ဖုံးထားသည့် ဝတ်စုံများကို ပိတ်ပင်ရမည် ဖြစ်သည်။

စိန့်ဂယ်လန် ဒေသစိတ်နယ်မြေတွင် မျက်နှာလွှားဇာနှင့် ပတ်သက်ပြီး မဲခွဲဆုံးဖြတ်မှုများပြုလုပ်မည့် စက်တင်ဘာ၂၃ ရက်မှာပင် မျိုးရိုးဗီဇအရ အဆင့်မြှင့်ထားသော သီးနှံများအား လက်ရှိ၌ ဆိုင်းငံ့ထားခြင်းကို အလုံးစုံ ပိတ်ပင်မှုအဖြစ်ပြောင်းလဲ၊ မလဲနှင့် ပတ်သက်၍လည်း တစ်နိုင်ငံလုံးအတိုင်းအတာနှင့် လူထုဆန္ဒခံယူပွဲတစ်ခု ကျင်းပဦးမည် ဖြစ်သည်။

စိန့်ဂယ်လန်သည် နိုင်ငံတောင်ပိုင်းမှ ဒေသစိတ်တီဆီနို၏ ဥပမာအတိုင်း လိုက်လိမ့်မည်ဟု မျှော်မှန်းရသည်။ တီဆီနိုဒေသ စိတ်နယ်မြေတွင် မျက်နှာလွှားဇာအပါအဝင် မွတ်စလင်တို့၏ အခြားသော ခေါင်းမြီးခြုံ အဝတ်အထည်များအား ရည်ရွယ်၍ပိတ်ပင်သည့် ဥပဒေတစ်ခုကို လွန်ခဲ့သည့် နှစ်နှစ်ခန့်က စတင်မိတ်ဆက်ခဲ့သည်။

မဲခွဲဆုံးဖြတ်မည့် ဥပဒေထဲတွင် ပြည်သူ့လုံခြုံရေး (သို့မဟုတ်) လူမှုရေးနှင့် ဘာသာရေးငြိမ်းချမ်းမှုများအတွက် အန္တရာယ် ရှိစေနိုင်သဖြင့် အများပြည်သူနှင့် သက်ဆိုင်သောနေရာများ၌ မျက်နှာကို မည်သူမည်ဝါ မှန်းမသိနိုင်အောင် ဖုံးကွယ်ထားသူများကို ဒဏ်ရိုက်မည်ဟု ဖော်ပြထားသည်။ ယင်းဥပဒေကို စိန့်ဂယ်လန်မှ ဥပဒေပြုအမတ်များက ယမန်နှစ်နှောင်းပိုင်းတွင် အတည်ပြုခဲ့ကြသည်။

ထိုဥပဒေသည် လူကြိုက်များရေးဝါဒီများဖြစ်သော လက်ယာနှင့် ဗဟိုပါတီတို့ထံမှ ထောက်ခံမှုရရှိကာ ဒေသဆိုင်ရာ လွှတ်တော်ထဲတွင် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဂရင်းပါတီနှင့် ဆိုရှယ်လစ်လူငယ်များအဖွဲ့က ဆန္ဒခံယူပွဲတစ်ခု ကျင်းပရန် တောင်းဆိုသဖြင့် ယခုကဲ့သို့ လူထုက မဲပေးရန် ဖြစ်လာခြင်းဖြစ်သည်။

စိန့်ဂယ်လန်၌ မျက်နှာအပြည့်ဖုံးလွှား ဇာကိုဝတ်ဆင်ထားသော မိန်းကလေးတစ်ဦး ကျောင်းတက်လာသည့်အတွက် ဒေသထဲတွင် အုတ်အုတ်ကျက်ကျက် ဖြစ်ခဲ့ကြပြီးနောက် ယခုဥပဒေကို ရေးဆွဲခဲ့ခြင်း ဖြစ်သည်။

ထိုဥပဒေတွင် ပြဿနာရှိသည်ဟု စိန့်ဂယ်လန်မှ ဆိုရှယ်လစ်တစ်ဦးဖြစ်သည့် ဖရက်ဒီဖက်စလာက ပြောကြားခဲ့သည်။ ဥပဒေထဲတွင် အမျိုးသမီးတစ်ဦးသည် မျက်နှာလွှားဇာကို မည်သည့်အချိန်တွင်ဝတ်ဆင်လျှင် အန္တရာယ်ရှိသည်ဟု သတ်မှတ်ကြောင်း မဖော်ပြထားဘဲ အရေးယူမှုများသည် ခန့်မှန်း၍မရဘဲ တစ်ဖက်သတ်ဆန်မည်ကို ဝေဖန်သူများက စိုးရိမ်နေကြကြောင်း ၎င်းက နေ့စဉ်သတင်းစာတစ်စောင်သို့ ပြောကြားခဲ့သည်။

တစ်နိုင်ငံလုံးအနှံ့ မျက်နှာလွှားဇာဝတ်ဆင်မှုကို ပိတ်ပင်ရန် ရည်ရွယ်သည့် အစောပိုင်းခြေလှမ်းတစ်ခုကို ယမန်နှစ်က ဆွစ်ဇာလန်အစိုးရက ပိတ်ပင်ခဲ့ပြီး ယင်းကိစ္စသည် ဒေသအလိုက်သာ သင့်၊ မသင့် ဆုံးဖြတ်သင့်သည်ဟု ထုတ်ပြန်ခဲ့သည်။

Ref ; AFP

Most Read

Most Recent