ရုရှားဂျက်များ၊ ဒုံးများဝယ်ယူမှုအတွက် တရုတ်စစ်ဘက်အဖွဲ့အစည်းတစ်ခုကို အမေရိကန်က ပိတ်ဆို့အရေးယူ

ရုရှားဂျက်များ၊ ဒုံးများဝယ်ယူမှုအတွက် တရုတ်စစ်ဘက်အဖွဲ့အစည်းတစ်ခုကို အမေရိကန်က ပိတ်ဆို့အရေးယူ
Published 22 September 2018

စက်တင်ဘာ ၁၅ ရက်တွင် ရုရှားအရှေ့ဘက်စွန်းဆိပ်ကမ်း၌ ဗလာဒီဗိုစတော့-၂၀၁၈ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း လေ့ကျင့်နေမှုကို တွေ့ရစဉ် (Photo -AP)

ရုရှားထံမှ ဂျက်တိုက်လေယာဉ်များ၊ ဒုံးကျည်များဝယ်ယူမှုဖြင့် တရုတ်စစ်ဘက် အဖွဲ့ အစည်းတစ်ခုကို အမေရိကန်က ပြင်းထန်သည့် ပြစ်ဒဏ်များချမှတ်လိုက်ကြောင်း စက်တင်ဘာ ၂၀ ရက်က ကြေညာခဲ့သည်။

ရုရှား၏ Sukhoi Su - 35 ဂျက်တိုက်လေယာဉ်များနှင့် S – 400 မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များကို မကြာသေးမီက ဝယ်ယူခဲ့မှုအတွက် တရုတ်ကာကွယ်ရေးဝန်ကြီးဌာနမှ လက်နက်ဖွံ့ဖြိုးမှုဌာန (EDD) နှင့် ၎င်း၏ ကွပ်ကဲရေးမှူးတို့အပေါ် ငွေကြေးဆိုင်ရာ အရေးယူမှုများချမှတ်ခဲ့သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် အမေရိကန်တရားစီရင်ပိုင်ခွင့်ထဲမှ EDD နှင့် ၎င်း၏ ကွပ်ကဲရေးမှူးတို့၏ မည်သည့်ပိုင်ဆိုင်မှုမဆို ပိတ်ပင်ခံရမည် ဖြစ်သည်။

ထိုဖြစ်စဉ်အရ တရုတ်သည် ရုရှားနှင့် ဆက်ဆံမှုအတွက် အမေရိကန်၏ CAATSA ဥပဒေဖြင့် ပထမဆုံး အရေးယူခံရသည့် တတိယနိုင်ငံ (တိုက်ရိုက် ပါဝင်ပတ်သက်မှုမရှိသည့် ကြားနိုင်ငံ) ဖြစ်လာသည်။ ထို့ကြောင့် ထရန့်အစိုးရသည် ရုရှားကို ဆန့်ကျင်ရန် အခြားနိုင်ငံများနှင့် ဆက်ဆံရေးကိုပါ ရင်းနိုင်သည်ဟု အချက်ပြနေသကဲ့သို့ ဖြစ်လာခဲ့သည်။

ရုရှား၏ တိုက်လေယာဉ်များ၊ ဒုံးကျည်များကိုဝယ်ယူသည့် အခြားနိုင်ငံများကိုလည်း အလားတူ အရေးယူရန် စဉ်းစားနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။ ထိုစဉ် အမေရိကန် မဟာမိတ်တူရကီမှာမူ လက်ရှိတွင် ရုရှားထံမှ S400 ကာကွယ်ရေးစနစ် ဝယ်ယူရန် ဆွေးနွေးနေသည်။

“ဒီအရေးယူမှုတွေရဲ့ နောက်ဆုံးပစ်မှတ်ကတော့ ရုရှားဖြစ်ပါတယ်” ဟု အမည်မဖော်လိုသော အမေရိကန်အကြီးတန်း အရာရှိတစ်ဦးက ဂျာနယ်လစ်များကို ပြောကြားခဲ့သည်။ “CAATSA ပိတ်ဆို့အရေးယူမှုတွေဟာ ဘယ်နိုင်ငံရဲ့ ကာကွယ်ရေးစွမ်းရည်ကိုမှ ယုတ်လျော့စေဖို့ေ ရည်ရွက်ချက် မရှိပါဘူး။ ရုရှားကို သူရဲ့ဆိုးရွားတဲ့ လုပ်ဆောင်ချက်တွေအတွက် တုံ့ပြန်ဖို့ပဲရည်ရွယ်တာပါ”ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန်သည် ရန်သူများအား ပိတ်ဆို့အရေးယူမှုများမှတစ်ဆင့် တန်ပြန်ခြင်း (သို့မဟုတ်) CAATSA ဥပဒေကို ၂၀၁၇ ခုနှစ်တွင် အတည်ပြုခဲ့သည်။ ယင်းဥပဒေသည် ရုရှား၊ အီရန်၊ မြောက်ကိုရီးယားတို့ကို စီးပွားရေး၊ နိုင်ငံရေးပိတ်ဆို့အရေးယူမှုများဖြင့် ပိုမိုပစ်မှတ်ထားနိုင်စေရန် အမေရိကန်အစိုးရအတွက် လက်နက်သဖွယ်ဖြစ်လာခဲ့သည်။

ရုရှားကိုမူ ယူကရိန်းနှင့် ခရိုင်းမီးယားအရေး၊ ဆိုက်ဘာကျူးကျော်တိုက်ခိုက်မှုများ၊ ၂၀၁၆ ခုနှစ် အမေရိကန်ရွေးကောက်ပွဲ၌ ဝင်ရောက်စွက်ဖက်မှု အပါအဝင် ဆိုးရွားသည့် လုပ်ရပ်များအတွက် CAATSA ဖြင့် ပစ်မှတ်ထားနေသည်ဟု သိရသည်။

ရုရှားနှင့် တရုတ်တို့က ပြန်သတိပေး

စက်တင်ဘာ ၂၁ ရက်တွင်မူ ရုရှားနှင့် တရုတ်တို့က အမေရိကန်၏ အရေးယူမှုအတွက် ပြန်လည် သတိပေးခဲ့ကြသည်။ ရုရှားနိုင်ငံခြားရေးဒုဝန်ကြီး ဆာဂေးယာကို့ဗ်က  အမေရိကန်သည် မီးနှင့် ကစားနေသည်ဟု ပြောကြားခဲ့သည်။ တရုတ်အစိုးရကမူ အမေရိကန်သည် ပိတ်ဆို့မှုများကို မရုပ်သိမ်းပါက နောက်ဆက်တွဲရလဒ်များနှင့် ရင်ဆိုင်ရမည်ဟု သတိပေးခဲ့သည်။

Ref ; AFP

Most Read

Most Recent