ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းများထဲမှ တစ်ခုဖြစ်လာသည့် ခေါင်းလောင်းကြီးကို ပိုလန်နိုင်ငံတွင်ပြသ

ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းများထဲမှ တစ်ခုဖြစ်လာသည့် ခေါင်းလောင်းကြီးကို ပိုလန်နိုင်ငံတွင်ပြသ
Published 22 September 2018

စက်တင်ဘာ ၂၀ ရက်တွင် Metalodlew သတ္တုပုံလောင်းစက်ရုံ၌ ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းကို တွေ့ရစဉ် (Photo: AFP)

ကမ္ဘာ့အကြီးဆုံး ဆွဲခေါင်းလောင်းများထဲမှ တစ်ခုဖြစ်လာသည့် အလေးချိန် ၅၅ တန် (၇၈၅၀ စတုန်) ရှိသော ခေါင်းလောင်းကြီးတစ်ခုကို ပိုလန်နိုင်ငံ ကရာကိုးမြို့တွင် စက်တင်ဘာ ၂၀ ရက်က ပြသခဲ့ကြောင်းသိရသည်။ အဆိုပါခေါင်းလောင်းကြီးကို ဘရာဇီးနိုင်ငံရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၌ တပ်ဆင်ချိတ်ဆွဲသွားမည်ဖြစ်ပြီး မတပ်ဆင်မီ အချိန်အတွင်း ပိုလန်နိုင်ငံတွင် ပြသလိုက်ခြင်း ဖြစ်သည်။

Vox Patrix ဟု အမည်ပေးထားသော ခေါင်းလောင်းကြီးသည် အမြင့် ၄ မီတာ (၁၃ ပေ) ၊ အချင်း ၄ ဒသမ ၅ မီတာရှိပြီး ဘရာဇီး နိုင်ငံအလယ်ပိုင်းတွင်ရှိသော Eternal Father ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း ခေါင်းလောင်းပိုင်ရှင် ပိုင်အိုတာအော်ဇူးစကီးက ပြောကြားခဲ့သည်။ ကြေးနီးနှင့်သံဖြူကိုအသုံးပြု၍ သွန်းလုပ်ထားခြင်းဖြစ်ပြီး အင်ဂျင်စက် လေးလုံးကို အသုံးပြုပါမှ ခေါင်းလောင်းကြီး အား တီးခတ်နိုင်မည်ဖြစ်ကြောင်း၊ မီတာ ၁၀၀ အမြင့်ရှိသည့် ခေါင်းလောင်းစင်တွင် တပ်ဆင်သွားမည်ဖြစ်ကာ ယင်းခေါင်းလောင်းကြီးအား ပြင်ဆင်မှုများနှင့်စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ရာတွင် လေးနှစ်နီးပါးခန့်အချိန်ယူခဲ့ရကြောင်း အော်ဇူးစကီးက ထပ်လောင်း ပြောကြားခဲ့သည်။

ကရာကိုးမြို့ရှိ Metalodlew သတ္တုပုံလောင်း စက်ရုံတွင် ယင်းခေါင်းလောင်းကို ပထမဆုံး စတင်သွန်းလုပ်ခဲ့ရာ၌ အောင်မြင်ခဲ့ခြင်းမရှိဘဲ ဒုတိယအကြိမ်ထပ်မံကြိုးစားရာမှ အောင်မြင်စွာ ပြီးစီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ခေါင်းလောင်းကြီးအား ဘရာဇီး နိုင်ငံသို့ သင်္ဘောဖြင့်ပို့ဆောင်ပေးသွားမည် ဖြစ်ပြီး ယင်းခရီးမှာ တစ်နှစ်နီးပါးကြာမြင့်မည်ဟု ခန့်မှန်းထားကြသည်။

Most Read

Most Recent