Apple က iPhone XS နှင့် XS Max များကို ကမ္ဘာတစ်ဝန်းတွင် စတင်ရောင်းချ

Apple က iPhone XS နှင့် XS Max များကို ကမ္ဘာတစ်ဝန်းတွင် စတင်ရောင်းချ
Published 22 September 2018

စက်တင်ဘာ ၂၁ ရက်တွင် ဆစ်ဒနီ၌ Apple ၏ အရောင်းပြခန်းတစ်ခုတွင် နောက်ဆုံးထုတ် iPhone များကို ဖောက်သည်တစ်ဦးက ကြည့်ရှုနေစဉ် (Photo: AFP)

Apple ၏ iPhone XS  နှင့် XS Max များကို စက်တင်ဘာ ၂၁ ရက်က ကမ္ဘာတစ်ဝန်းတွင် စတင်ရောင်းချခဲ့ပြီး အချို့ထိပ်တန်း စတိုးများတွင် တန်းစီ စောင့်ဆိုင်း ဝယ်ယူသူများ ရှိခဲ့သော်လည်း အစဉ်အလာအတိုင်း တန်းရှည်ကြီးများဖြင့် စောင့်ဆိုင်းဝယ်ယူမှု နည်းပါးခဲ့ကြောင်း သိရသည်။

လန်ဒန်ရှိ Apple စတိုးအပြင်ဘက်တွင် ဒေသစံတော်ချိန် နံနက် ၆ နာရီခွဲခန့်၌ လူ ၂၅ ယောက်ခန့် တန်းစီစောင့်ဆိုင်းနေကြကြောင်း သိရသည်။ တန်းစီသူအချို့သည် စက်တင်ဘာ ၂၀ ရက် ညနေ ၇ နာရီခွဲခန့်မှ စပြီး တန်းစီခဲ့ကြခြင်းဖြစ်သည်။ လန်ဒန်တွင် ယင်းကဲ့သို့ တန်းစီဝယ်ယူမှုသည် ယမန်နှစ်ကထက် နှိုင်းယှဉ်ပါက သိသိသာသာ နည်းပါးသွားခဲ့ကြောင်း CNBC က ဖော်ပြခဲ့သည်။

စင်ကာပူရှိ Apple စတိုးအပြင်ဘက်တွင်မူ တန်းစီစောင့်ဆိုင်းသူများ သိသိသာ များပြားခဲ့သည်။ Orchard လမ်းမရှိ Apple စတိုးအပြင်ဘက်တွင် iPhone အသစ်များကို ဝယ်ယူရန် တန်းစီစောင့်ဆိုင်းသူ ရာနှင့် ချီ၍ ရှိခဲ့သည်။ ဒူဘိုင်းရှိ Apple စတိုးတွင်လည်း တန်းစီစောင့်ဆိုင်း ဝယ်ယူသူများ များပြားခဲ့သည်။

လန်ဒန်တွင် iPhone ဝယ်ယူရန် တန်းစီသူနည်းပါးခဲ့သော်လည်း ယင်း ဖုန်းသစ်များကို စိတ်ဝင်စားသူများပြားခဲ့ သည်။ ဗြိတိန်တွင် iPhone XS Max ၏ ဈေးနှုန်းသည် အနိမ့်ဆုံး ၁၀၉၉ ပေါင် ဖြစ်သည်။  ယမန်နှစ်က iPhone X  ကို လန်ဒန်တွင် အလုံအလောက် ရောင်းချပေးနိုင်ခြင်းမရှိသောကြောင့် ယခုနှစ်တွင် တန်းစီစောင့်ဆိုင်းသူ နည်းပါးခဲ့ခြင်း ဖြစ်နိုင်ကြောင်းလည်း CNBC က ဆိုသည်။

iPhone အသစ်ရောင်းချမှုများကြောင့် Apple ၏ ဝင်ငွေ ဆက်လက်တိုးစေနိုင်သည်ဟု လေ့လာသုံးသပ်သူများက မျှော်လင့်ထားသည်။

၂၀၁၈ စက်တင်ဘာမှ ၂၀၁၉ စက်တင်ဘာအတွင်း iPhone အသစ်သုံးမျိုးကို အလုံးရေ သန်း ၁၉၀ ခန့်ထိ Apple က ရောင်း ချရနိုင်ကြောင်း၊ ယင်းတို့အနက် XR  မော်ဒယ်သည် ထက်ဝက်ခန့်အထိ ရောင်းအားရှိ နိုင်ကြောင်း ဈေးကွက်သုတေသနကုမ္ပဏီ Counterpoint Research က ခန့်မှန်းခဲ့ သည်။

iPhone XR မော်ဒယ်ကို အောက်တိုဘာ ၁၉ ရက်မှစ၍ ကြိုတင်အမှာလက်ခံမည် ဖြစ်ပြီး အောက်တိုဘာ ၂၆ ရက်တွင် စတင် ရောင်းချမည်ဖြစ်သည်။

 

 

Most Read

Most Recent