ဖိလစ်ပိုင်တွင် မြေပြိုမှု ထပ်မံဖြစ်ပွားခြင်းကြောင့် လူ ၁၂ ဦးသေဆုံးပြီး ဒါဇင်များစွာ ပျောက်ဆုံးနေ

ဖိလစ်ပိုင်တွင် မြေပြိုမှု ထပ်မံဖြစ်ပွားခြင်းကြောင့် လူ ၁၂ ဦးသေဆုံးပြီး ဒါဇင်များစွာ ပျောက်ဆုံးနေ
Published 21 September 2018

စက်တင်ဘာ ၂၀ ရက်တွင် စီဘူးကျွန်းစုရှိ နာဂါမြို့၌ မြေပြိုသည့်နေရာတွင် ကယ်ဆယ်ရေးများ ဆောင်ရွက်နေကြစဉ် (Photo: AFP)

အင်အားပြင်းမုန်တိုင်း ဝင်ရောက် တိုက်ခတ်ခြင်းခံခဲ့ရသော ဖိလစ်ပိုင်နိုင်ငံတွင် စက်တင်ဘာ ၂၀ ရက်က မုတ်သုံမိုးများ ရွာသွန်းခြင်းကြောင့် မြေပြိုမှုထပ်မံဖြစ်ပွားခဲ့ပြီး လူ ၁၂ ဦးသေဆုံးခဲ့ကာ လူဒါဇင်ပေါင်းများစွာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖြစ်ရပ်ဆိုးကြီးသည် ၂၀၁၈ ခုနှစ်၏ အင်အားအပြင်းဆုံးတိုင်ဖွန်းမန်ခွပ် ဝင်ရောက်ပြီး ရက်အနည်းငယ်အကြာတွင် ဖြစ်ပွားခဲ့ဲခြင်းဖြစ်ပြီး ယခုဖြစ်ရပ်မတိုင်မီကလည်း အီတိုဂွန်မြို့တွင် မြေပြိုမှု ဖြစ်ပွားခဲ့ခြင်းကြောင့် လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ပြီးဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း စီဘူကျွန်းပေါ်တွင် တည်ရှိသော တီနာအန်ကျေးရွာ၌ ဖြစ်ပွားခဲ့သည့် မြေပြိုမှုကြီးကြောင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်သားများနှင့် ဒေသခံပြည်သူများသည် ဂေါ်ပြား၊ ငန်းပြားများကို ကိုင်ဆောင်၍ အသက်ရှင်ကျန်သူများအား ရှာဖွေရန် အပတ်တကုတ် လုပ်ဆောင်နေကြသည်။

မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းခြင်းသည် ထုံးကျောက်မြေလွှာများအား လျှောကျနိမ့်ဆင်းစေခြင်းနှင့် ကျိုးပဲ့ခြင်းတို့ကို ဖြစ်ပေါ်စေသောကြောင့် မြေပြိုမှုဖြစ်ပွားရခြင်းဖြစ်ပြီး စက်တင်ဘာ ၂၀ ရက် အစောပိုင်းက ဖြစ်ပွားသွားသော မြေပြိုမှုအတွင်းတွင် နေအိမ် ၁၀ လုံး ပျက်စီးသွားခဲ့ကြောင်းနှင့် မြေပြိုမှုသည် လူအများ အိပ်စက်နေသည့်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အသက်ရှင်ကျန်ရစ်သူများကို လူနာတင်ကားဖြင့် သယ်ဆောင်သွားခဲ့ကြပြီး သေဆုံးသွားသူများကို မူတီနာအန်ကျေးရွာဘုရားကျောင်းတစ်ခု အတွင်းရှိ ခုံတန်းရှည်များပေါ်တွင် တင်ထားကြောင်း သိရသည်။ “လူ ၆၄ ဦး ပျောက်ဆုံးနေပြီးတော့ လူ ၁၂ ဦး သေဆုံးသွားပါပြီ။ ထိခိုက်ဒဏ်ရာရတဲ့သူက ကိုးဦးပါ။ ဒဏ်ရာတွေကတော့ မစိုးရိမ်ရပါဘူး။ မြေပြိုမှုဖြစ်ပွားတဲ့ နေရာမှာ ကယ်ဆယ်ရေးလုပ်သား ၁၀၀ ကျော် ရှိပါတယ်။ မြေတူးစက်တွေ၊ အခြားစက်ပစ္စည်းတွေ အသုံးပြုပြီးတော့ ရှာဖွေနေပါတယ်” ဟု ဖိလစ်ပိုင်ပြည်သူကာကွယ်ရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဂျူးလီးယက်စ်ရန်ဂျာက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

စီဘူးကျွန်းတွင် ဖြစ်ပွားခဲ့သော မြေပြိုမှုအတွင်း အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေတွေ့ရှိခဲ့ခြင်းကြောင့် ပထမဆုံးမြေပြိုမှု ဖြစ်ပွားခဲ့သည့် အီတိုဂွန်မြို့တွင်လည်း အလောင်းရှာဖွေမှုကို ဆက်လက်လုပ်ဆောင်နေခဲ့သည်။ ရွှေတူးဖော်ခြင်း လုပ်ငန်းများ လုပ်ကိုင်ကြသည့် အီတိုဂွန်မြို့နှင့် အခြားမြို့များ တည်ရှိနေသော Cordillera တောင်တန်းဒေသတွင် မြေပြိုမှုများ ဖြစ်ပွားခြင်းကြောင့် လူများစွာ သေဆုံးရခြင်းဖြစ်သည်။

အီတိုဂွန်တွင် ဖြစ်ပွားခဲ့သည့် မြေပြိုမှုအတွင်း လူသေလောင်းများ ထပ်မံတွေ့ရှိနေခြင်းကြောင့် သေဆုံးသူအရေအတွက်မှာ ၈၈ ဦးထိ မြင့်တက်လာကြောင်း ဖိလစ်ပိုင်ရဲတပ်ဖွဲ့က စက်တင်ဘာ ၂၀ တွင် ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent