ရွှေ့ပြောင်းအခြေချများအား ဟန့်တားရန် ဥရောပသမဂ္ဂက အီဂျစ်၊ အာဖရိကနိုင်ငံအချို့တို့နှင့် ဆွေးနွေးမည်

ရွှေ့ပြောင်းအခြေချများအား ဟန့်တားရန် ဥရောပသမဂ္ဂက အီဂျစ်၊ အာဖရိကနိုင်ငံအချို့တို့နှင့် ဆွေးနွေးမည်
Published 21 September 2018

စက်တင်ဘာ ၂၀ ရက်တွင် သြစတြီးယားနိုင်ငံ၌ ဥရောပသမဂ္ဂ အလွတ်သဘောထိပ်သီးတွင် အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များ စုပေါင်းဓာတ်ပုံ ရိုက်နေစဉ် (Photo: AFP)

ဥရောပသို့ ရွှေ့ပြောင်းအခြေချများ ဝင်ရောက်မှုအား ဟန့်တားရန် နောက်ထပ်အရေးပါသော ခြေလှမ်းအဖြစ် အီဂျစ်နှင့် မြောက်အာဖရိကမှ နိုင်ငံအချို့တို့နှင့် ဆွေးနွေးရန် ဥရောပသမဂ္ဂခေါင်းဆောင်များက သဘောတူခဲ့ကြကြောင်း သြစတြီးယားဝန်ကြီးချုပ် ဆီဘက်စတန်ကာ့ဇ်က စက်တင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။ ပြီးခဲ့သော နှစ်နှစ်ကျော်အတွင်း နိုင်ငံထဲမှ ရွှေ့ပြောင်းအခြေချများ ထွက်ခွာမှုကို နှိမ်နင်းခဲ့ပြီးနောက် အီဂျစ်သည် ဥရောပသမဂ္ဂနှင့် ဆွေးနွေးမှုကို အရှိန်မြှင့်ရန် အသင့်ရှိနေခဲ့ပြီးနောက် ထိုအစီအစဉ်ကို သြစတြီးယား၏ ဆယ်ဘာ့ဂ်မြို့တွင် ဆွေးနွေးပွဲ၌ ခေါင်းဆောင်များက သဘောတူခဲ့ကြကြောင်း ကာ့ဇ်က ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ်တွင် ဥရောပသို့ ရွှေ့ပြောင်းအခြေချများအား အလုံးအရင်းဖြင့် ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း ဥရောပသမဂ္ဂသည် ရွှေ့ပြောင်းအခြေချ ဝင်ရောက်မှုအား အလွန်အမင်း လျှော့ချနိုင်ခဲ့သည့် တူရကီ၊ လစ်ဗျားတု့ိနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များ ရရှိထားသည်။ ယခုအခါ မြောက်အာဖရိကရှိ နိုင်ငံအားလုံးနှင့် သဘောတူညီချက်များ ရရှိနိုင်ရန် ဥရောပသမဂ္ဂက လိုလားနေသည်။

အီဂျစ်အပြင် မြောက်အာဖရိကရှိ နိုင်ငံအချို့နှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်ရန် ၎င်း၏ အဆိုပြုချက်ကို ခေါင်းဆောင်အားလုံးက သဘောတူခဲ့ကြကြောင်း ကာ့ဇ်က စက်တင်ဘာ ၁၉ ရက်တွင် ထိပ်သီးညစာစားပွဲမတိုင်မီ ပြောကြားခဲ့သည်။ ထိပ်သီးဒုတိယမြောက်နေ့ဖြစ်သော စက်တင်ဘာ ၂၀ ရက်တွင် ဥရောပသမဂ္ဂသည် ရွှေ့ပြောင်းအခြေချအရေး၊ လုံခြုံရေးနှင့် Brexit ညှိနှိုင်းမှုများကို ဆွေးနွေးကြမည်ဖြစ်သည်။

ဥရောပသမဂ္ဂ၏ ခြောက်လကြာ အလှည့်ကျဥက္ကဋ္ဌရာထူးကို ရယူထားသော ကာ့ဇ်က ဥရောပသမဂ္ဂထိပ်သီးများကို ကျင်းပသည့် ဥရောပကောင်စီဥက္ကဋ္ဌ ဒေါ်နယ်တက်နှင့် ၎င်းတို့သည် ထိုနိုင်ငံများနှင့် ဆွေးနွေးရန် ကမ်းလှမ်းမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အီဂျစ်သည် ဥရောပသမဂ္ဂနှင့် ဆွေးနွေးမှု အရှိန်မြှင့်ရန် အသင့်ဖြစ်နေသော မြောက်အာဖရိကရှိ ပထမဆုံးနိုင်ငံဖြစ်ကြောင်း၊ အီဂျစ်သည် နိုင်ငံ၏ ကမ်းခြေများသို့ ရောက်လာသော လှေများအား ဟန့်တားခြင်း သို့မဟုတ် အတင်းအကျပ် ပြန်စေလွှတ်ခြင်း ပြုလုပ်ခဲ့ပြီး ထိထိရောက်ရောက် ဟန့်တားနိုင်မှုကို ပြသခဲ့ကြောင်း ကာ့ဇ်က ပြောကြားခဲ့သည်။

မကြာသေးမီက အီဂျစ်သို့ တက်နှင့်အတူ သွားရောက်ခဲ့သည့် ကာ့ဇ်က အီဂျစ်သည် ဥရောပသမဂ္ဂနှင့် ဆက်ဆံရေးတိုးမြှင့်ရန် လိုလားနေမှုကို ဥရောပသမဂ္ဂက အခွင့်အရေး ယူသင့်ကြောင်း ပြောကြားခဲ့သည်။ အီဂျစ်သည် တူနီးရှား၊ အယ်လ်ဂျီးရီးယား၊ မော်ရိုကို တို့ကဲ့သို့ မြောက်အာဖရိကမှ အဖွဲ့ဝင်နိုင်ငံများအပြင် လစ်ဗျားလည်း ပါဝင်သည့် အာရပ်အဖွဲ့ချုပ်၏ ဌာနချုပ်ကို ဖွင့်လှစ်ထားသည်။ ရွှေ့ပြောင်းအခြေချများအား ဟန့်တားရန် ဥရောပသမဂ္ဂသည် အာရပ်အဖွဲ့ချုပ်နှင့် ဆွေးနွေးရန် ပိုလန်ဝန်ကြီးချုပ်ဟောင်း တက်က တိုက်တွန်းထားသည်။

Ref: AFP

Most Read

Most Recent