ဂျပန်ဝန်ကြီးချုပ်အာဘေး အာဏာရပါတီခေါင်းဆောင် ရွေးချယ်ပွဲတွင် ထပ်မံရွေးချယ်ခံရ

ဂျပန်ဝန်ကြီးချုပ်အာဘေး အာဏာရပါတီခေါင်းဆောင် ရွေးချယ်ပွဲတွင် ထပ်မံရွေးချယ်ခံရ
Published 21 September 2018

စက်တင်ဘာ ၂၀ ရက်တွင် တိုကျိုရှိ LDP ပါတီရုံးချုပ်၌ ပါတီခေါင်းဆောင်အဖြစ် ရွေးချယ်ခံရပြီး အောင်ပွဲခံနေသော ဝန်ကြီးချုပ် အာဘေးကို တွေ့ရစဉ် (Photo: AFP)

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် စက်တင်ဘာ ၂၀ ရက်တွင် အာဏာရပါတီ ခေါင်းဆောင်ရွေးချယ်ပွဲ၌ သက်သောင့်သက်သာ ပြန်လည်ရွေးချယ်ခံခဲ့ရပြီး ဂျပန်၏ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်ဖြစ်လာရန် အခြေအနေ ကောင်းနေသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရန် ၎င်း၏ အိပ်မက်ကို အမှန်တကယ် အကောင်အထည် ဖော်နိုင်တော့မည်ဖြစ်သည်။

အသက် ၆၃ နှစ်ရှိ ကွန်ဆာဗေးတစ်ဝါဒီအာဘေးသည် လစ်ဘရယ်ဒီမိုကရက် တစ်ပါတီ (LDP) ခေါင်းဆောင် ရွေးချယ်ပွဲ၌ ထောက်ခံမဲ ၅၅၃ မဲ ရရှိခဲ့ပြီး ထောက်ခံမဲ ၂၅၄ မဲ ရရှိခဲ့သော တစ်ဦးတည်းသော ပြိုင်ဘက်ဖြစ်သူ ကာကွယ်ရေးဝန်ကြီးဟောင်း ရှီဂီရူအက်စ်ဟီဘာကို အနိုင်ရခဲ့သည်။ ယင်းကဲ့သို့ ထပ်မံရွေးချယ်ခံရမှုကြောင့် အာဘေးသည် ဝန်ကြီးချုပ်အဖြစ် နောက်ထပ်သက်တမ်းသုံးနှစ်ကို ထမ်းဆောင်ခွင့်ရမည်ဖြစ်ပြီး ၁၉၀၁ ခုနှစ်မှ ၁၉၁၃ ခုနှစ်အတွင်း ဝန်ကြီးချုပ်အဖြစ် သုံးကြိမ်ထမ်းဆောင်ခဲ့ဖူးသည့် တာရိုကက်ဆူရာ၏ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ် စံချိန်ကို ချိုးဖျက်ရန် အခွင့်အရေး ရရှိခဲ့ပြီဖြစ်သည်။

ထိုပါတီခေါင်းဆောင် ရွေးချယ်ပွဲသည် အာဘေးက အောင်မြင်စွာ စေ့စပ်ညှိနှိုင်းနိုင်ခဲ့ကြောင်း စံချိန်ကို ပြသမှုတစ်ခုဖြစ်သည်ဟု တိုကျိုရှိ မေဂျီတက္ကသိုလ်မှ နိုင်ငံရေးပါမောက္ခ ရှီနီချီနီရှီကာဝါက ပြောကြားခဲ့သည်။ သို့သော် ခရိုနီဝါဒကျင့်သုံးမှုနှင့် ဖုံးကွယ်ထားသော အရှုပ်တော်ပုံများ တစ်သီတစ်တန်း ကြုံတွေ့ခဲ့ရပြီးနောက် ဆက်လက် ရှင်သန်ရန် စီမံနိုင်ခဲ့သော အာဘေးသည် လူထုထောက်ခံမှုကိုလည်း ပြန်လည်ရရှိရန် လုပ်ဆောင်နိုင်ခဲ့သည်။

အာဏာအတွက် ထပ်မံအတည်ပြုချက် ရခဲ့ပြီးနောက် အာဘေးသည် ကုလသမဂ္ဂအထွေထွေ ညီလာခံ တက်ရောက်ရန်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ထိပ်သီးကျင်းပရန်အတွက် ယခုသီတင်းပတ်အကုန်တွင် နယူးယောက်သို့ သွားရောက်မည် ဖြစ်သည်။ ဂေါက်ကွင်းတွင် တွဲဖက်ဖြစ်ခဲ့ပြီး သံတမန်ရေးရာ အနီးကပ်မဟာမိတ်များဖြစ်သော အာဘေးနှင့် ထရန့်တို့သည် နောက်ဆုံးပြုလုပ်ခဲ့သော ကိုရီးယားထိပ်သီးကို သုံးသပ်လေ့လာမည်ဟု ယူဆရသည်။ သို့သော် မမျှတသော ကုန်သွယ်ရေးမိတ်ဖက် နိုင်ငံများတွင် ဂျပန်လည်း ပါဝင်သည်ဟု ထရန့်က ရှုမြင်ထားချိန်၌ ၎င်းတို့နှစ်ဦးသည် မြင့်တက်လာသော ကုန်သွယ်ရေး အငြင်းပွားမှုကိုလည်း ညှိနှိုင်းဖြေရှင်းရမည်ဖြစ်သည်။

ဂျပန်မဲဆန္ဒရှင်များက နိုင်ငံစီးပွားရေးနှင့် လူမှုဖူလုံရေးတို့ကို ၎င်းတို့၏ ဦးစားပေးများအဖြစ် သတ်မှတ်ထားစဉ် အာဘေးက ယခုပါတီခေါင်းဆောင်ရွေးချယ်ပွဲကို အသုံးချ၍ ဒုတိယကမ္ဘာစစ်အလွန် ငြိမ်းချမ်းရေး လိုလားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြု ပြင်ပြောင်းလဲရန် ၎င်း၏ စိတ်ကူးကို တွန်းအားပေးမည်ဖြစ်သည်။ စစ်ပွဲတွင် အနိုင်ရခဲ့သည့် အမေရိကန်သိမ်းပိုက်သူများက ရေးဆွဲခဲ့သည့် ထိုဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ပြင်ရန် ဆန္ဒရှိကြောင်း အမျိုးသားရေးဝါဒီ အာဘေးက အကြိမ်ကြိမ် ပြောကြားခဲ့သည်။

သို့သော် စစ်ပွဲအား ထာဝရစွန့်လွှတ်ရန် ဖိအားပေးထားပြီး ဂျပန်၏ လက်နက်ကိုင်တပ်များအား မည်သည့်အခါမျှ မပံ့ပိုးရန် ပြဋ္ဌာန်းခဲ့သည့် ထိုဖွဲ့စည်းပုံအခြေခံဥပဒေအား မည်သည့်ပြင်ဆင်ပြောင်းလဲမှုမဆို ငြိမ်းချမ်းရေး လိုလားသည့် ဂျပန်တွင် အလွန်အမင်း အကဲဆတ်မည်ဖြစ်ပြီး ၂၀ ရာစုတွင် ဂျပန်၏ ကျူးကျော်မှုခံခဲ့ရသော တရုတ်နှင့် ကိုရီးယားတို့ကို လုံးဝဒေါသထွက်စေမည် ဖြစ်သည်။

Ref: AFP

Most Read

Most Recent