1MDB နှင့် ဆက်နွှယ်သည့် ဒေါ်လာ ၆၂၈ သန်းအတွက် မလေးရှားဝန်ကြီးချုပ်ဟောင်းနာဂျစ် ဖမ်းဆီးတရားစွဲဆိုခံရ

1MDB နှင့် ဆက်နွှယ်သည့် ဒေါ်လာ ၆၂၈ သန်းအတွက် မလေးရှားဝန်ကြီးချုပ်ဟောင်းနာဂျစ် ဖမ်းဆီးတရားစွဲဆိုခံရ
Published 20 September 2018

၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် ဘာလီ၌ အာဆီယံထိပ်သီးဖွင့်ပွဲ မတိုင်မီ မလေးရှားဝန်ကြီးချုပ် နာဂျစ်နှင့် ၎င်း၏ ဇနီးကို တွေ့ရစဉ် (Photo: AFP)

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်သည် စက်တင်ဘာ ၁၉ ရက်က ဖမ်းဆီးခံလိုက်ရသည်ဟု အစိုးရတာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဖမ်းဆီးခံလိုက်ရသည့် နာဂျစ်သည် အစိုးရရင်းနှီးမြှုပ်နှံမှုလုပ်ငန်း 1MDB နှင့် ဆက်နွှယ်နေသည့် ဒေါ်လာ ၆၂၈ သန်းမှာ ၎င်း၏ပုဂ္ဂလိကဘဏ်စာရင်းများထဲသို့ ရောက်သွားသည်ဆိုသည့် စွပ်စွဲမှုများနှင့်ပတ်သက်၍ တရားစွဲခံရမည်ဟု သိရသည်။

မလေးရှားခြစားမှု တိုက်ဖျက်ရေးအဖွဲ့ (MACC) က နာဂျစ်ကို မေးမြန်းမှုများ ပြုလုပ်ရန် ဆင့်ခေါ်ပြီး နှစ်နာရီအကြာတွင် နာဂျစ်ဖမ်းခံလိုက်ရသည်ဟု သိရသည်။ MACC ၏ ထုတ်ပြန်ချက်အရ နာဂျစ်ကို ကွာလာလမ်ပူမြို့တော်ရှိ ဂျလန်ဒူတာဒေသထဲမှ တရားရုံးတွင် စွဲချက်တင်မည်ဖြစ်သည်။

နာဂျစ်သည် မေလရွေးကောက်ပွဲတွင် မမျှော်လင့်ဘဲ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်းမှစ၍ တစ်ကြိမ်အဖမ်းခံခဲ့ရပြီးဖြစ်ကာ 1MDB ၏ လက်ခွဲဟောင်း လုပ်ငန်းထံမှ ဒေါ်လာ ၁၀ သန်းကဲ့ဝှက်မှုနှင့် ပတ်သက်ပြီး စွဲချက်ခုနစ်ခု တင်ခံထားရပြီး ဖြစ်သည်။ စက်တင်ဘာ ၁၉ ရက်က နာဂျစ်၏ ဖမ်းဆီးခံရမှုမှာမူ 1MDB အရှုပ်တော်ပုံထဲမှ အဓိကစွပ်စွဲချက်တစ်ခုနှင့် တိုက်ရိုက်ဆက်နွှယ်နေသဖြင့် ပိုမိုထင်ရှားမှုရှိသည်။ ယင်းမှာ ၂၀၁၃ ခုနှစ် ရွေးကောက်ပွဲမတိုင်မီက နာဂျစ်၏ ဘဏ်စာရင်းထဲသို့ 1MDB မှ ငွေအမြောက်အမြား ရောက်ရှိသွားသည် ဆိုသည့်ကိစ္စဖြစ်သည်။

1MDB ရန်ပုံငွေနှင့် နာဂျစ်ဘဏ်စာရင်းထဲသို့ ရင်းဂစ် ၂ ဒသမ ၆ ဘီလျံ (၆၂၈ သန်း) ရောက်နေမှုအပေါ် စုံစမ်းစစ်ဆေးနေခြင်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် နာဂျစ်ကို ထိန်းသိမ်းလိုက်ခြင်းဖြစ်သည်ဟု MACC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ နာဂျစ်သည် စက်တင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် တရားရုံးသို့လာရမည်ဖြစ်ပြီး အာဏာအလွဲသုံးစားပြုမှုနှင့် ဆက်စပ်သော စွဲချက်အချို့နှင့် ရင်ဆိုင်ရဖွယ်ရှိသည်ဟု ထိုထုတ်ပြန်ချက်ထဲ၌ ဖော်ပြခဲ့သည်။

ယခုတစ်ကြိမ်နာဂျစ် ဖမ်းဆီးခံလိုက်ရခြင်းသည် ယခင်တစ်ခေါက်ဖမ်းဆီးခံရခြင်း ထက်များစွာ ပို၍ထင်ရှားမှုရှိသည်ဟု Tasmania တက္ကသိုလ်မှ မလေးရှားအရေး ကျွမ်းကျင်သူ ဂျိမ်းစ်ချင်က ပြောကြားခဲ့သည်။ “1MDB နဲ့ပတ်သက်ပြီး အစိုးရရဲ့ လှုပ်ရှား ဆောင်ရွက်ချက်တွေဟာ လျင်လျင်မြန်မြန် မရှိဘူးလို့ မကျေနပ်ချက်တွေ ရှိခဲ့ပါတယ်။ ကျွန်တော့်အထင်တော့ မလေးရှားပြည်သူတွေ အရမ်း၊ အရမ်းကို ပျော်သွားကြပါလိမ့်မယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

နာဂျစ်ဘဏ်စာရင်းထဲသို့ ငွေရောက်ရှိနေသည့်ဆိုသည့် သတင်းသည် ၂၀၁၅ ခုနှစ်က စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်မှစပြီး နာဂျစ်နှင့် ၎င်း၏ အတွင်းစည်းထဲမှ ပုဂ္ဂိုလ်များနှင့်ပတ်သက်သော အရှုပ်တော်ပုံမှာ တစ်ဟုန်ထိုး ကြီးထွားလာခဲ့သည်။

သို့သော် ထိုစဉ်ကရှေ့နေချုပ်ဖြစ်ခဲ့သူက နာဂျစ်သည် မည်သည့် အမှားမျှ မလုပ်ဆောင်ခဲ့ဟုဆိုကာ ဖြေရှင်းပေးခဲ့ပြီး ယင်းငွေများသည် ဆော်ဒီ တော်ဝင်မိသားစုထံမှ ပုဂ္ဂိုလ်ရေးအရ လှူဒါန်းမှုဟုလည်း ပြောကြားခဲ့သည်။ ထို့နောက် ပြည်တွင်း၌ ယင်းကိစ္စနှင့် ပတ်သက်ပြီး ထိုစုံစမ်းမှုများကို ရပ်တန့်လိုက်သည်။

Ref: AFP

Most Read

Most Recent