ဒုံးစမ်းသပ်ရေးစခန်းကို ပိတ်ပစ်ကာ ဆိုးလ်သို့လာရောက်မည်ဟု ကင်ဂျုံအွန်ပြောကြား

ဒုံးစမ်းသပ်ရေးစခန်းကို ပိတ်ပစ်ကာ ဆိုးလ်သို့လာရောက်မည်ဟု ကင်ဂျုံအွန်ပြောကြား
Published 20 September 2018

စက်တင်ဘာ ၁၉ ရက်တွင် ပြုံယမ်း၌ ကိုရီးယားနှစ်နိုင်ငံခေါင်းဆောင်များက သဘောတူညီချက်မှတ်တမ်းများ လဲလှယ်နေမှုသတင်းအား တိုကျိုတွင် ထုတ်လွှင့်နေစဉ် (Photo: AP)

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က မကြာတော့မည့်ကာလအတွင်း တောင်ကိုရီးယားသို့ သမိုင်းဝင်ခရီးစဉ် သွားရောက်မည်ဟု စက်တင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။ ထို့ပြင် ကင်သည် ပြုံယမ်းတွင် ရှားရှားပါးပါး ပြုလုပ်ခဲ့သည့် ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲ၌ နိုင်ငံတကာ စစ်ဆေးရေးအရာရှိများ၏ရှေ့၌ ဒုံးစမ်းသပ်ရေးစခန်းတစ်ခုအား ပိတ်ပစ်ရန်လည်း သဘောတူခဲ့သည်။

အဓိကအချက်ဖြစ်သော မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် ဖျက်သိမ်းရေးကိစ္စမှာမူ လက်ရှိအချိန်အထိ တိုးတက်မှု အနည်းငယ်သာ ရှိသေးသော်လည်း တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းက မြောက်ကိုရီးယားနှင့် အမေရိကန်ကြားမှ တန့်နေသော ဆွေးနွေးပွဲများအား ပြန်၍အသက်ဝင်လာစေရန် မျှော်လင့်နေသည်။

၎င်းနှင့် မွန်းတို့ကြား လက်မှတ်ရေးထိုးခဲ့သော သဘောတူညီချက်သည် ပြည်သူများ၏ မျှော်လင့်ချက်သစ်များ၊ ပြန်လည်ပေါင်းစည်းရေးအတွက် ပြည်သူတို့၏ခိုင်မာပြီး တောက်လောင်နေသည့်ဆန္ဒများကို သယ်ဆောင်ပေးနိုင်မည်ဟုလည်း ၎င်းကဆိုသည်။ ကင်သည် တောင်ကိုရီးယားသို့ သွားရောက်ဖြစ်ပါက ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲပြီးနောက် ဆိုးလ်သို့သွားသည့် ပထမဆုံးမြောက်ကိုရီးယား ခေါင်းဆောင် ဖြစ်လာမည်ဖြစ်သည်။

ပြုံယမ်းမှ ဆွေးနွေးမှုများသည် ကိုရီးယားနှစ်နိုင်ငံ ပိုမိုပြန်လည်နီးစပ်ရေးကို အခြေပြုထားပြီး မိသားစုပြန်လည်ဆုံစည်းပွဲများအား ပုံမှန်ကျင်းပသွားရေး အတွက်လည်း နှစ်နိုင်ငံခေါင်းဆောင်များသည် စက်တင်ဘာ ၁၉ ရက်က သဘောတူခဲ့ကြသည်။ ထို့ပြင် ကားလမ်းများ၊ ရထားလမ်းများ ဆက်သွယ်ရေး၊ ၂၀၃၂ ခုနှစ် အိုလံပစ်အား ကျင်းပခွင့်ရရန် လက်တွဲကြိုးပမ်းရေးတို့အတွက်လည်း သဘောတူခဲ့ကြသည်။

ကင်၏ ဆိုးလ်ခရီးစဉ်သည် ယခုနှစ်အတွင်း ဖြစ်လာနိုင်ပြီး တောင်-မြောက် ဆက်ဆံရေးအတွက် အလှည့်အပြောင်း ဖြစ်သွားလိမ့်မည်ဟု မွန်းကဆိုသည်။ တုန်ချန်ရီရှိ ဒုံးအင်ဂျင်စမ်းသပ်ရေးနှင့် လွှတ်တင်ရေးစခန်း တစ်ခုအား သင့်တော်သော နိုင်ငံများမှ ကျွမ်းကျင်သူများ၏ ရှေ့မှာပင် ရာသက်ပန် ပိတ်လိုက်ရန် မြောက်ကိုရီးယားက သဘောတူညီခဲ့ကြောင်း မွန်းကပြောကြားခဲ့သည်။

စက်တင်ဘာ ၁၉ ရက်က ကြေညာချက်ကို အမေရိကန်သမ္မတထရန့်က ကြိုဆိုခဲ့သည်။ ထို့ပြင် ထရန့်က ကင်သည် နောက်ဆုံး စေ့စပ်ဆွေးနွေးမှု၏ အဓိကအချက်ဖြစ်သည့် နျူကလီးယားစုံစမ်းစစ်ဆေးမှုများကို ခွင့်ပြုရန် သဘောတူလိုက်ပြီဖြစ်၍ အလွန်စိတ်လှုပ်ရှားနေကြောင်း Twitter တွင် ရေးသားခဲ့သည်။

မြောက်ကိုရီးယားသည် ၎င်း၏တာဝေးပစ်ဒုံးများထဲမှ အချို့ကို ယခုပိတ်မည်ဟုဆိုသည့်စခန်း (ဆိုဟယ်ဟုလည်း သိကြ) မှ လွှတ်တင်မှုများ ပြုလုပ်ခဲ့သည်။ ထို့အတူ ပြုံယမ်းလေဆိပ် အပါအဝင် အခြားသော နေရာအများအပြားကိုလည်း ဒုံးကျည်ပစ်လွှတ်ရာတွင် အသုံးပြုခဲ့သည်။ သြဂုတ်လက ဂြိုဟ်တုဓာတ်ပုံများတွင် တွေ့ရှိချက်အရ အလုပ်သမားများသည် ဆိုဟယ်ရှိ ဒုံးကျည်စမ်းသပ် စင်တစ်ခုကိုပင် ဖျက်သိမ်းနေကြပြီဟု သိရသည်။

အမေရိကန်ဘက်က အပြန်အလှန် ဆောင်ရွက်ပေးမည်ဆိုပါက ယုံဗြောင်နျူကလီးယားစခန်းကိုပါ မြောက်ကိုရီးယားက ပိတ်လိုက်နိုင်သည်ဟု မွန်းကပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent